ရေဒီယမ်နှင့် ရေဒီယိုသတ္တိကြွခြင်း

ဝီကီပီးဒီးယား မှ

ဟင်နရီဗက္ကရဲဆိုသူ ပြင်သစ်လူမျိုး သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ယူရေ ယူရေနီယမ်းဓာတ်ဆားမှ အိပ်စရေးကဲ့ သို့သော ရောင်ခြည်တစ်မျိုးကို ၁၈၉၆ ခုနှစ်တွင် တွေ့ရှိခဲ့လေ သည်။ ထိုရောင်ခြည်သစ်ကို တွေ့ရှိပုံမှာ အိပ်စရေးကို တွေ့ရှိပြီး သည့်နောက် ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံအကျော်တို့သည် အိပ်စရေး အကြောင်းနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများကို အသီး အသီး ကြံစည်လုပ်ကိုင်ကြရာတွင် ဟင်နရီဗက္ကရဲသည် ယူရေနီ ယမ် ဓာတ်ဆားတစ်မျိုးကို ကံအားလျော်စွာ စမ်းသပ်ကြည့်ရှု မိလေသည်။ ဗက္ကရဲသည် ဓာတ်ပုံရိုက်ကူးသော မှန်တစ်ချပ်ကို စက္ကူစဖြင့် ထုပ်၍ ထိုအထုပ်ပေါ်တွင် ကြက်ခြေခတ်ပစ္စည်း တစ်ခုကို တင်ထားပြီးလျှင် ထိုပစ္စည်းပေါ်၌ တစ်ဖန် ယူရေနီ ယမ်ဓာတ်ဆားကို ထပ်၍တင်ကာ နေရောင်တွင် ပြလေသည်။ ထိုနောက် ဓာတ်ပုံရိုက်ကူးသော မှန်ချပ်ကို ထုတ်ယူပြီးလျှင် ဓာတ်ပုံဆေးနည်းဖြင့် ဆေးကြည့်သောအခါ ကြက်ခြေအမှတ်ပုံ ပစ္စည်း၏ အရိပ်ထင်နေသည်ကို တွေ့ရလေသည်။

တစ်ဖန် အထက်ပါစမ်းသပ်နည်းအတိုင်း စက္ကူမဲဖြင့် ထုပ် ထားသော ဓာတ်ပုံမှန်ချပ်ပေါ်က ကြက်ခြေအမှတ်ပုံ ပစ္စည်းပေါ် တွင် ယူရေနီယမ်ဓာတ်ဆားကို ထပ်၍တင်ပြီးလျှင် နေရောင် တွင် မပြတော့ဘဲ စားပွဲအံဆွဲတွင် ထည့်ထားလိုက်၏။ ရက် အတန်ကြာသောကာလ အံဆွဲကိုဖွင့်၍ ဓာတ်ပုံမှန်ချပ်ကို ထုတ် ပြီးလျှင် ဓာတ်ပုံဆေးနည်းဖြင့် ဆေးကြည့်သောအခါ ကြက်ခြေ အမှတ်ပုံပစ္စည်း၏ အရိပ်ထင်နေသည်ကို တွေ့ရပြန်သည်။

ထိုကြောင့် ယူရေနီယမ်ဓာတ်ဆားကို နေရောင်တွင် ပြသည်ဖြစ် စေ၊ မပြသည်ဖြစ်စေ ဓာတ်ပုံမှန်ချပ်ပေါ်တွင် အရိပ်ထင်နိုင် သဖြင့် ထိုယူရေနီယမ်ဓာတ်ဆားမှ အိပ်စရေးကဲ့သို့သော ရောင်ခြည်တစ်မျိုးသည် အစဉ်မပြတ် ထွက်နေကြောင်းကို ဗက္ကရဲ စတင်သိရှိခဲ့လေသည်။

ထိုကဲ့သို့ အသစ်အဆန်းတစ်ခုကို ဗက္ကရဲက တွေ့ရှိပြီးသည့် နောက် ပီယဲကျူးရီးနှင့် ဇနီး မာရီကျူးတို့သည် ယူရေနီယမ် ဓာတ်ဆားမှ ထွက်သော ရောင်ခြည်သစ်၏အကြောင်းနှင့် စပ်လျဉ်း၍ အခြားမည်သည့် ပစ္စည်းမျိုးမှ ထိုရောင်ခြည်မျိုး ထွက်သေးသည်ကို ထပ်မံစမ်းသပ် ကြည့်ရှုကြလေသည်။ ပစ္စည်းအမျိုးမျိုးတို့ဖြင့် အကြိမ်ကြိမ်အဖန်ဖန် စမ်းသပ်ပြီးသော အခါ မာရီကျူးရီးသ်ည သိုရီယမ်ဓာတ်ဆားများမှလည်း ယူရေနီ ယမ် ဓာတ်ဆားမှ ထွက်သောရောင်ခြည်မျိုး ထွက်သေးကြောင်း ကို သိရှိပြန်လေသည်။ မာရီကျူးရီးသည် ဤကဲ့သို့ စမ်းသပ် ကြည့်ရှုရာ၌ ပစ်ချဗလင်းဟုခေါ်သော ယူရေနီယမ်ပါသည့် ပစ္စည်းရိုင်းမှ ရောင်ခြည်ထွက်ခြင်းသည် ယူရေနီယမ် ဓာတ်စစ် စစ်မှ ထွက်သည်ထက် လေးဆခန့်မျှ ပိုများသည်ကို တွေ့ရှိလေ သည်။ ထိုကြောင့် ဗက္ကရဲနှင့် ကျူးရီးဇနီးမောင်နှံတို့သည် ပစ်ချ ဗလင်းထဲ၌ ယူရေနီယမ်စစ်စစ်မှ ထွက်သော ရောင်ခြည်ထက် လေးဆခန့်မျှ ပိုသော ရောင်ခြည်ထွက်စေသည့် ဒြဗ်စင်တစ်မျိုး ရှိရဦးမည်ဟု တထစ်ချယူဆကြလေသည်။ ယင်းသို့ ယူဆသည့် အတိုင်း ကျူးရီးဇနီးမောင်နှံတို့သည် ထိုဒြဗ်စင်သစ်ကို စတင် ရှာဖွေကြရာ ပစ်ချဗလင်းခေါ် ယူရေနီယမ်ပစ္စည်းရိုင်း အချိန် တစ်တန်လောက်ထဲမှ ထိုဒြဗ်စင်သစ် အနည်းငယ်လောက်ကိုသာ ရှာတွေ့ကြ၍ ထိုဒြဗ်စင်သစ်ကို ရေဒီယမ်ဟု အမည်ပေးကြလေ သည်။ ထိုရေဒီယမ်ဒြဗ်စင်သစ်တွင် ဂုဏ်ထူးသတ္တိများရှိကြောင်း ကိုလည်း သိကြလေသည်။ ရေဒီယမ်သည် အပူကိုဖြစ်စေနိုင် သည့်ပြင် ပတ်ဝန်းကျင်လေကို လျှပ်စစ်ဓာတ် သွင်းပေးနိုင်ခြင်း၊ ရေဒီယမ်အနီးသို့ယူလာသော အခြားပစ္စည်းများကို စုန်းတောက် သကဲ့သို့ ဝင်းဝင်းတောက်စေနိုင်ခြင်း၊ ဗက်တီးရီးယားနှင့်အလား တူ သက်ရှိများကို ဖျက်ဆီးပစ်နိုင်ခြင်းကဲ့သို့သော သတ္တိရှိသည့် အပြင် ထူးခြားသော အချက်တစ်ချက်မှာ ရေဒီယမ်မှ အပူနှင့် ရောင်ခြည်များ အစဉ်မပြတ် ထွက်နေခြင်းပင် ဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ဆာရားသားဖို့သည် ရေဒီယမ်မှ ထွက် သော ရောင်ခြည်များကို ခွဲစိတ်စမ်းသပ်ကြည့် ရှုလေသည်။

ထိုအခါ ရေဒီယမ်မှထွက်သော ရောင်ခြည်များမှာ သုံးမျိုးဖြစ် ကြောင်း တွေ့ရှိရ၍၊ ယင်းတို့ကို (၁) အာလဖာ ရောင်ခြည်၊ (၂) ဗီတာ ရောင်ခြည်၊ (၃) ဂမ်မာရောင်ခြည်ဟူ၍ ဂရိဘာသာ အက္ခရာအမည်များဖြင့် မှည့်ခေါ်ထားလေသည်။ ဂမ်မာရောင် ခြည်မှာ အိပ်စရေးရောင်ခြည်ကဲ့သို့ပင် လှိုင်းများဖြစ်သော်လည်း လှိုင်းအလျား အလွန်တို၏။ ဗီတာရောင်ခြည်မှာ လျှပ်စစ်အမ ဓာတ်ကို ဆောင်သော အီလက်ထရွန်တို့ ဖြစ်၏။ အာလဖာ ရောင်ခြည်မှာမူ လျှပ်စစ်အဖိုဓာတ် ဝင်နေသော မြူမှုန်များ ဖြစ်၏။ ထိုအာလဖာရောင်ခြည်၏ လျှပ်စစ်အဖိုဓာတ် ဝင်နေ သော မြူမှုန်များသည် လျှပ်စစ်အမဓာတ်ကို ဆောင်သော အီလက်ထရွန်တို့ထက် လေး၍ အသွားနှေးသည်ဟု ဆိုရသော် လည်း တစ်စက္ကန့်လျှင် မိုင်ပေါင်း ၆ဝဝဝ မှ ၁၂ဝဝဝ အထိ ရှိသော နှုန်းဖြင့် ထွက်လျက်ရှိကြသည်။ ဗီတာရောင်ခြည်မှာမူ အလင်းသွားနှုန်း (တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆၂၈၄)နှင့် တူညီနီးပါးရှိသောနှုန်ဖြင့် ထွက်လျက်ရှိသည်။ အာလဖာ ရောင် ခြည်ကို စပက်ထရိုစကုပ် မှန်ပြောင်းဖြင့် စုံစမ်းကြည့်သောအခါ အာလဖာမြူမှုန်များသည် ဟီလီယမ်ဓာတ်ငွေ့ ဖြစ်နေကြောင်းကို သိရှိရလေသည်။

( ရားသားဖို့ ဆာအားနက်--။) ရေဒီယမ်နှင့် ယူရေနီယမ် ဒြဗ်စင်တို့၏ အကြောင်းနှင့် စပ်လျဉ်း၍ ရားသားဖို့ ထပ်မံ စမ်းသပ်ကြည့်၍ သိရှိသော အချက်မှာ ယူရေနီယမ်အတွင်းမှ အာလဖာရောင်ခြည်နှင့် ဗီတာရောင်ခြည်တို့ ထွက်သွားသောအခါ ယူရေနီယမ်အဖြစ်မှ ရေဒီယမ်အဖြစ်သို့ ပြောင်းလဲသွားသောအချက် ဖြစ်လေသည်။ ရေဒီယမ်အဖြစ်သို့ ပြောင်း လဲသွားပြီးသောအခါ၌လည်း ရေဒီယမ်မှ အာလဖာရောင်ခြည်နှင့် ဗီတာရောင်ခြည်တို့သည် ဆက်လက်၍ ထွက်နေကြခြင်းကြောင့် နောက်ဆုံး ရေဒီယမ် အဖြစ်မှ တဖြည်းဖြည်း ခဲအဖြစ်သို့ ပြောင်းလဲသွားသည်ကို လည်း ထပ်မံ၍ သိရှိပြန်လေသည်။ အလယ်ခေတ်လောက်က ခေတ်စားလာခဲ့သော အဂ္ဂိရတ်ဆရာတို့သည် ခဲကဲ့သို့သော သတ္တုအပေါစားများကို ရွှေငွေဖြစ်အောင် ကြံစည်အားထုတ်ခဲ့ကြ သည်ကို မဖြစ်မြောက်နိုင်သော အကြံအစည်များဟု ယခုခေတ် သိပ္ပံပညာရှင်များက ပြက်ရယ်ပြုကြ၏။ သို့သော် ယူရေနီယမ်မှ ရေဒီယမ်အဖြစ်သို့၎င်း၊ တစ်ဖန် ရေဒီယမ်မှ ခဲအဖြစ်သို့၎င်း သဘာဝအလျောက် ပြောင်းလဲလျက်ရှိသော အချက်ကိုမူ ယခု အခါ မည်သူမျှ မငြင်းနိုင်တော့ချေ။

ရေဒီယမ်မှ အစဉ်ထွက်နေသောမြူမှုန်တို့သည် တစ်စက္ကန့် လျှင် မရေမတွက်နိုင်အောင် များပြားသော်လည်း အောင်စဝက် အလေးချိန်ရှိသော ရေဒီယမ်သည် နှစ်ပေါင်း ၁ဝဝဝ ကြာမှ ကုန်ခန်းနိုင်ပေသည်။ ယူရေနီယမ်ဒြဗ်စင်သည် ရေဒီယမ်ဒြဗ်စင် ထက်ပင် မြူမှုန်တို့ ထွက်သွားသည့်အတွက် အလေးချိန်လျော့ ရာ၌ အချိန်ကြာပေသေးသည်။

ရေဒီယမ်မှ အစဉ်ထွက်လျက်ရှိသော အာလဖာ၊ ဗီတာနှင့် ဂမ်မာရောင်ခြည်တို့အနက် အာလဖာရောင်ခြည်၊ သို့မဟုတ် အာလဖာမြူမှုန်တို့သည် ဟီလီယမ်ဓာတ်ငွေ့သာ ဖြစ်၍ ထိုး ဖောက်နိုင်သောသတ္တိ မရှိလှချေ။ စက္ကူတစ်ချပ် ခံထားသည် ကိုမျှ ထိုးဖောက်၍ မသွားနိုင်ချေ။ ဗီတာရောင်ခြည်မှာမူ အလျူ မီနီယမ် သတ္တုချပ်ပါးပါးကို ထိုးဖောက်သွားနိုင်လောက်အောင် ထက်မြက်သည်။ ဂမ်မာရောင်ခြည်မှာကား အထက်မြက်ဆုံး ဖြစ်သောကြောင့် ခြောက်လက်မ၊ ခုနစ်လက်မထူသော သံမဏိ ကိုပင် ထိုးဖောက်၍ သွားနိုင်သည်။

ယူရေနီယမ်နှင့် ရေဒီယမ်တို့ကဲ့သို့ ရေဒီယိုသတ္တိကြွသော အခြားဒြဗ်စင်များမှာ ပိုလိုနီယမ်၊ သိုရီယမ်၊ အက်တင်နီယမ်၊ ပရိုတိုအင်တင်နီယမ်၊ ရုဗီဒီယမ်နှင့် ပိုတက်ဆီယမ်တို့ ဖြစ်ကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)