ရေတပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းကပင် လူမျိုးစု တစ်စုနှင့်တစ်စုသည် ကုန်းပေါ်တွင်သာမက ရေ၌ လည်း စစ်ပွဲများ ဆင်နွဲခဲ့ကြကြောင်းကို ကမ္ဘာ့သမိုင်းမှ သိကြ ရပေသည်။ ဘီစီ ၄၈ဝ ပြည့်နှစ်က အာတီမစ်ဆီယမ်နှင့် ဆာလာမစ်အရပ်တို့၌ ဂရိသင်္ဘောများနှင့် ပါရှင်းသင်္ဘောတို့ တိုက်ခိုက်ကြရာတွင် ပါးရှင်းတို့ အရေးရှုံးနိမ့်သွားကြလေသည်။ ထိုစစ်ပွဲအတွင်း အသုံးပြုကြသော သင်္ဘောများမှာ သစ်သားနှင့် လုပ်သော လှေများဖြစ်၍ ခတ်တက်များဖြင့် ခတ်၍သွားလာကြ ရလေသည်။ ရောမလူမျိုးများ တန်ခိုးထွားခဲ့စဉ် အခါကလည်း ခတ်တက်ခတ်လှေကြီးများကိုပင် သုံး၍ လှေခတ်သူများအဖြစ် စစ်သုံ့ပန်းများ၊ ရာဇဝတ်ကောင်များ၊ ရာသက်ပန်ကျွန်များကို အတင်းအကြပ် စေခိုင်းခဲ့ကြလေသည်။

ထိုစဉ်က လှေတစ်စင်းတွင် တစ်ဖက်လျှင် ခက်တက် ငါးတက်စီမျှ ရှိ၍ အထပ်ငါးထပ် ပါဝင်ပြီးလျှင် တစ်ထပ်ပေါ် တစ်ထပ်ဆင့်ထားလေသည်။ ၁၅၇၁ ခုနှစ်တွင် ရောမ၊ ဗင်းနစ် နှင့် စပိန်နိုင်ငံတို့က ခေါင်းဆောင်၍ တူရကီရေတပ်နှင့် တိုက် ခိုက်ခဲ့သည့် သမိုင်းတွင် ထင်ရှားခဲ့သော လီပန်တိုတိုက်ပွဲမှာ ခတ်လှေကြီးများဖြင့် နောက်ဆုံး အကြီးအကျယ် တိုက်ခိုက် ခဲ့သော ရေတပ်တိုက်ပွဲပင် ဖြစ်ပေသည်။ အမှန်စင်စစ် ခတ် လှေကြီးများမှာ လှိုင်းလေငြိမ်သက်သည့် မြေထဲပင်လယ် ကဲ့သို့သော ဒေသမျိုးတွင်သာ သင့်လျော်လေသည်။ ရွက်လှေမှာ ခတ်လှေထက် များစွာ ပိုမိုကောင်းမွန်သည်ကို တွေ့ရသောအခါ နိုင်ငံအသီးသီးတို့သည် တဖြည်းဖြည်း ရွက်လှေကိုသာ စစ် တိုက်ရန် အသုံးပြုလာကြလေသည်။

ဦးစွာ၌ ဟော်လန်ပြည်သည် ရေကြောင်းဘက်တွင် ဗိုလ်ဆွဲခဲ့လေသည်။ ၁၅၈၈ ခုနှစ်၌ ဗြိတိသျှရေတပ်သည် စပိန် ရေတပ်ကြီးကို အောင်မြင်လိုက်သည်မှစ၍ အင်္ဂလန်ပြည်၏ ရေတပ်အင်အားသည် အကြီးမားဆုံး ဖြစ်လာလေသည်။

( စပိန် ရေတပ်ကြီး--။) ၁၈ ရာစုနှစ်တွင် ပြင်သစ်ရေတပ်နှင့် အင်္ဂလိပ်ရေတပ်တို့သည် နှစ်ပေါင်း ရှည်ကြာစွာ တိုက်ခိုက်ခဲ့ကြ သည်။ ၁၈ဝ၅ ခုနှစ်တွင် ထရာဖဲလဂါ တိုက်ပွဲ၌ အင်္ဂလိပ် ရေ ကြောင်း ဗိုလ်ချုပ်ကြီး နယ်လဆင်သည် ပြင်သစ်ရေတပ်ကို အပြီးသတ် အောင်မြင်လိုက်လေသည်။ ( ထရာဖဲ လဂါ တိုက်ပွဲ--။) ထိုနောက်တွင် အင်္ဂလန်ပြည်၏ ရေတပ် အင်အားသည် ကြီးမားသည်ထက် ကြီးမားလာပြီးလျှင ဗြိတိသျှ အင်ပါယာကြီးကိုလည်း ရေတပ်အင်အားဖြင့် ချဲ့သည်ထက် ချဲ့ လာခဲ့လေသည်။

၁၈၁၅ ခုနှစ်နှင့် ၁၈၆၁ ခုနှစ်အကြားတွင် ရေတပ်တိုက်ပွဲ များ မရှိဘဲ အထူးငြိမ်သက်လျက် ရှိလေသည်။ ယင်းသို့ ငြိမ် သက်လျက်ရှိခြင်းမှာ အခြားကြောင့်မဟုတ်၊ သင်္ဘောတည် ဆောက်သည့်လုပ်ငန်း တိုးတက်ပြောင်းလဲလာမှုကြောင့် ဖြစ်၏။ ထိုအချိန် မတိုင်မီက စစ်သင်္ဘောများကို သစ်ဖြင့်သာ ဆောက် လုပ်ခဲ့ကြ၍ သင်္ဘော၌ပါသည့် အမြောက်များမှာလည်း ကျည် ဆန် အလုံးကြီးများကိုသာ သုံးလေသည်။ ရေနွေးငွေ့ အင်ဂျင် စက်များ ပေါ်ပေါက်လာသောအခါတွင် ရွက်များကို လုံးဝ ဖယ်ရှားလိုက်ပြီးသော် မီးသင်္ဘောများကို အသုံးပြုလာကြသည်။ အမြောက်များမှာလည်း ပိုမိုကြီးများလာလျက် ယခင်ကကဲ့သို့ ကျည်ဆန်အလုံးအစား ကျသည့်နေရာ၌ ပေါက်ကွဲစေသော ကျည်ဆန်များကို အသုံးပြုလာနိုင်ကြလေသည်။

ထိုအခါ သင်္ဘောများကို သစ်ဖြင့် တည်ဆောက်မည့်အစား အမြောက်ဒဏ်ကို ခံနိုင်ရန်ရှိမည့် သံဖြင့် တည်ဆောက်လာခဲ့ကြ လေသည်။ ထိုအချိန်၌ အမေရိကန်ပြည်ထောင်စုတွင် ပြည်တွင်း စစ် ဖြစ်ပွားနေချိန် ဖြစ်သည်။ တောင်ပိုင်းပြည်နယ်တို့၏ 'မယ်ရီမက်'နှင့် မြောက်ပိုင်းပြည်နယ်တို့၏ 'မော်နီတာ'တို့ တိုက်ခိုက်သည့် တိုက်ပွဲမှာ သံထည်နှင့် တည်ဆောက်သော သင်္ဘောနှစ်စင်းတို့ ပထမဆုံး တိုက်ခိုက်သောတိုက်ပွဲ ဖြစ်လေ သည်။ ၁၈ ရာစုနှစ်မှ ၁၉ ရာစုနှစ်အတွင်း သင်္ဘောများကို သံထက် ပိုမိုတောင့်တင်းသော သံမဏိဖြင့် တည်ဆောက်လာ နိုင်ကြလေသည်။ ထိုနောက်တွင် ရေနွေးငွေ့အင်ဂျင်စက်များ အစား ပိုမိုကောင်းမွန်သော ဓာတ်ဆီသုံး အင်ဂျင်စက်များကို အသုံးပြုလာကြလျက် အမြောက်များကိုလည်း ပြင်းထန်သည် ထက် ပြင်းထန်အောင် ကြံစည် လုပ်ကိုင်လာခဲ့ကြလေသည်။ ၁၉ဝ၆ ခုနှစ်တွင် ဗြိတိသျှတို့သည် ရှေးသင်္ဘောများထက် များစွာ ပိုမိုကြီးမား၍ အမြောက်ကြီးများ တပ်ဆင်ထားသော သင်္ဘောကြီးများကို တည်ဆောက်ကာ ကမ္ဘာတစ်ခုလုံးကို ခြိမ်း ချောက်ခဲ့လေသည်။ ထိုသင်္ဘောများကို ဗိုလ်မထားဟူသော အဓိပ္ပာယ်နှင့် 'ဒရက်နော့'ဟု အမည်ပေးခဲ့လေသည်။ အခြား နိုင်ငံတို့ကလည်း အားကျမခံ ထိုထက်ကြီးမားသော သင်္ဘော များကို ကြံစည်ဆောက်လုပ်ခဲ့၍ ထိုသင်္ဘောတို့ကို ဗိုလ်တကာ့ ဘုရင်ဟူသော အဓိပ္ပာယ်မျိုးနှင့် 'ဆူပါဒရက်နော့'ဟု အမည် ပေးခဲ့ကြလေသည်။

သင်္ဘောများကို တစ်မျိုးထက်တစ်မျိုး ပိုမိုကြီးမားပြီးလျှင် ကြောက်စရာကောင်းသည်ထက် ကောင်းအောင် ကြံစည်တည် ဆောက်ခဲ့ကြရာ တိုးတက်ပြောင်းလဲခြင်းမှာ လွန်စွာလျင်မြန် လေသည်။ တစ်ကြိမ်က ကောင်းလှပါသည်ဆိုသည့် ပထမတန်း စစ်သင်္ဘောကြီးသည် ငါးနှစ်မျှမကြာမီပင် သူထက်ပိုကောင်း သော သင်္ဘောအသစ်အား နေရာဖယ်၍ ပေးရသည့်အခြေသို့ ဆိုက်ခဲ့လေသည်။ အထက်ပါ 'ဒရက်နော့'အမျိုးအစား စစ် သင်္ဘောများသည် ယခုခေတ် စစ်သင်္ဘောများကို ရင်ဆိုင်ဝံ့ကြ မည်မဟုတ်၊ မြင်ရုံနှင့်ပင် လွတ်ရာသို့ ထွက်ပြေးကြရမည် ဖြစ်သည်။

ဗြိတိသျှအင်ပါယာကြီးမှာ ကမ္ဘာတစ်ဝန်းလုံး၌ အနှံ့အပြား တည်ရှိနေသဖြင့် ထိုအင်ပါယာကြီးကို ကာကွယ်ရန် အလွန် အင်အားကြီးသော ရေတပ်ကို လိုအပ်ခဲ့လေသည်။ ထိုကြောင့် ရေတပ်အင်အားကို အနည်းဆုံး အခြားနိုင်ငံကြီး နှစ်နိုင်ငံ ပေါင်းထားသည့် ရေတပ်အင်အားနှင့် ညီမျှစေရန် ကြိုးစား၍ ပြုစုပေးခဲ့ရလေသည်။ ထိုကြောင့်ပင် ပထမကမ္ဘာစစ် အစတွင် ဗြိတိသျှရေတပ်၌ ဂျာမန်နှင့် အမေရိကန်ရေတပ် နှစ်ခုပေါင်း၍ ရသည့် စစ်သင်္ဘောအရေအတွက်ထက် များစွာ ပိုမိုများပြား သော စစ်သင်္ဘောများ ရှိခဲ့လေသည်။ ပထမကမ္ဘာစစ်တွင် ဂျာမနီကို ဗြိတိသျှတို့က အောင်မြင်ခဲ့ရာတွင် ရေတပ်အင်အား ကြီးမားခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်လေသည်။ ပထမကမ္ဘာစစ်အပြီးတွင်လည်း ဗြိတိသျှတို့သည် ရေတပ်ကို အဓိကထားကာ အားကြိုးမာန်တက် ကြီးကျယ်သည်ထက် ကြီး ကျယ်လာစေရန် ကြိုးစားလျက် ဂျီဗရောတား၊ စင်္ကာပူ စသော အချက်အခြာနေရာများတွင် ခိုင်ခံ့တောင့်တင်းလှသည့်ရေကြောင်း ခံတပ်စခန်းကြီးများကို တည်ဆောက်ထားလေသည်။ သူတို့ သည် ကမ္ဘာပေါ်တွင် သူတို့၏ ရေတပ်အင်အားမှာ အကြီးဆုံး ဟူ၍ ဝင့်ဝါဂုဏ်ယူခဲ့ကြလေသည်။

ပထမကမ္ဘာစစ် ပြီးဆုံးခဲ့သည့်နောက် အမေရိကန် ပြည်ထောင်စု၏ သမ္မတကြီးဟာဒင်းသည် ရေတပ်အင်အား ပြိုင်ဆိုင်မှုမှ ပေါ်ပေါက်လာမည့် စစ်ဘေးအန္တရာယ်ကို ကြိုတင် သိမြင်သဖြင့် ၁၉၂၁ ခုနှစ်တွင် ဝါရှင်တန်မြို့၌ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီနိုင်ငံတို့မှ ကိုယ်စားလှယ်တော်များနှင့် မျက်နှာစုံညီ တွေ့ဆုံ၍ ရေတပ်လက်နက် လျှော့ပေါ့ရေးအတွက် ဆွေးနွေးခဲ့လေသည်။ ထိုဝါရှင်တန်ညီလာခံမှ ဆုံးဖြတ် သဘော တူခဲ့ကြသော စာချုပ်အရဆိုလျှင် ဗြိတိန်၊ အမေရိကန်နှင့် ဂျပန် တို့သည် ၅း၅း၃ အချိုးအစားအားဖြင့်သာ သင်္ဘောကြီးများကို ဆောက်လုပ်ကြရန် ဖြစ်သည်။ ပြင်သစ်နှင့် အီတလီနိုင်ငံတို့မှာ ၁-၆၇ အချိုးအစားအရ မျှသာ သင်္ဘောကြီးများကို ဆောက် လုပ်ခွင့် ရကြလေသည်။

၁၉၃၆ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ထိုစာချုပ်မှ နုတ်ထွက် လိုက်၍ ထိုနှစ် မတ်လ၌ ဗြိတိန်၊ အမေရိကန်နှင့် ပြင်သစ် သုံး နိုင်ငံတို့ကလည်း မိမိတို့၏ ရေအပ်အင်းအားကို ခြောက်နှစ် အတွင်း နှစ်စဉ်အချင်းချင်း အသိပေးကြရန် စာချုပ်တစ်ခုကို ထပ်မံချုပ်ဆိုကြလေသည်။ ၁၉၃၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် ဗြိတိန် နိုင်ငံသည် ဂျာမနီနိုင်ငံနှင့် စာချုပ်တစ်ခုကို ချုပ် ဆိုခဲ့သည်။ ထိုစာချုပ်အရ ဂျာမန်ရေတပ်အင်အားသည် ဗြိတိသျှ ဓနသဟာယ နိုင်ငံအားလုံး ပေါင်းစပ်ထားသော ရေတပ် အင် အား၏ ၃၅ ရာခိုင်နှုန်းသာ ရှိရမည် ဖြစ်သည်။ သို့သော် ထို စာချုပ်ကို ဂျာမန်တို့သည် ဖောက်ဖျက်ခဲ့၍ ဂျပန်တို့ကလည်း ၁၉၃၈ ခုနှစ်တွင် သူတို့၏ ရေတပ်အင်အားကို ဖော်ပြရန် ငြင်းဆန်လိုက်သဖြင့် ဗြိတိသျှနှင့် အမေရိကန်တို့ကလည်း မိမိတို့၏ ရေတပ်အင်အား အသီးသီးကို တိုးချဲ့ရန် စီစဉ်ကြရ လေသည်။ ထိုနောက် ဒုတိယကမ္ဘာစစ် ဖြစ်ပေါ်လာလေသည်။ ယခုခေတ်ရေတပ်၌ စစ်သင်္ဘောအမျိုးမျိုး ပါဝင်၏။အကြီး ဆုံးအမျိုးအစားမှာ စစ်သင်္ဘောကြီးဖြစ်၏။ ထိုစစ်သင်္ဘောကြီးမှာ တန်ချိန် ၃ဝဝဝဝ မှ ၄၅ဝဝဝ အထိရှိ၍ အလေးဆုံးသင်္ဘော ဖြစ်လျက် ၁၆ လက်မ ထူသော သံမဏိပြားနှင့် ဆောက်လုပ် ထားသည်။ ၁၆ လက်မအဝရှိသော အမြောက်ကြီးများအပြင် အမြောက်အငယ်စား အများအပြားနှင့် လေယာဉ်ပစ်အမြောက် များလည်း တပ်ဆင်ထားသောကြောင့် မိုင် ၂ဝ ကျော်တွင်းရှိ ရန်သူစခန်းကို ပြင်းထန်စွာ ခြေမှုန်းပစ်နိုင်လေသည်။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားစအချိန်က အချို့ အကဲခတ် ပုဂ္ဂိုလ်ကြီးတို့က လေတပ်အင်အား တိုးတက်လာမှုကြောင့် စစ်သင်္ဘောကြီးများသည် အကုန်အကျများသလောက် အသုံး မဝင် အရာမရောက် ဖြစ်ချိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ၏။ ဤအချက်မှာ မှန်ပေသည်။ ဂျွမ်းစိုက်ဗုံးကြဲလေယာဉ်ပျံ တစ်စီး သည် စစ်သင်္ဘောကြီးတစ်စင်းကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် စစ်သင်္ဘောကြီးတစ်စင်းသည် လေယာဉ်ပျံများ၏ အစောင့်အရှောက်ကို ခံယူ၍ ရန်သူ၏ အချက်အခြာစခန်းများ ကို ဖျက်ဆီးရာ၌ အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးကို ဖြစ်ပေါ်စေနိုင်သည်။

လေယာဉ်ပျံတင် သင်္ဘောမှာ ဒုတိယကမ္ဘာစစ်ကြီး မတိုင် မီကမှ အသစ်ပေါ်ပေါက်လာခဲ့သည့် စစ်သင်္ဘော အမျိုးအစား ဖြစ်သည်။ လေယာဉ်ပျံတင် သင်္ဘောမှာရေပေါ်တွင် ပေါလော ပေါ်ကာ ရွေ့သွားနိုင်သည့် လေယာဉ်ပျံကွင်းပင် ဖြစ်သည်။ လေယာဉ်ပျံ ပြင်ဆင်ရန်ရုံများ၊ ဓာတ်ဆီရုံများပါရှိပြီးလျှင် သင်္ဘောကုန်းပတ် တစ်ပြင်လုံးကို လေယာဉ်ပျံကွင်းအဖြစ်ဖြင့် အသုံးပြုနိုင်လေသည်။

ကရူဇာတိုက်သင်္ဘောသည် စစ်သင်္ဘောကြီးလောက် မကြီး ချေ။ ထိုသင်္ဘောမျိုးသည် စစ်သင်္ဘောကြီးထက် ပေါ့ပါး၍ လျင်မြန်သည်။ စစ်သင်္ဘောကြီထက် လက်နက်အင်အား သေး ငယ်သော်လည်း အလွန်လျင်မြန်လှ၍ ကင်းထောက်ရန်နှင့် မိမိ ဘက်သား အခြားသင်္ဘောများကို စောင့်ရှောက်ရန်အတွက် အသုံးပြုနိုင်ပေသည်။ ထိုတိုက်သင်္ဘောများသည် မိမိဘက်သား သင်္ဘောများကို ကာကွယ်ရာ၌၎င်း၊ ရန်သူစခန်းများကို တိုက် ခိုက်ရာ၌၎င်း ရဲဝံ့စွာ တိုက်ခိုက်နိုင်ကြသည်။ အကြီးစားကရူဇာ တိုက်သင်္ဘောသည် တန်ချိန်တစ်သောင်းကျော်ရှိ၍ မြန်သည်။ အမြောက်များကို လျင်မြန်စွာ ပစ်ခတ်နိုင်သဖြင့် ရေတပ်တွင် အားကိုးရသော သင်္ဘောမျိုး ဖြစ်သည်။

ဖျက်သင်္ဘောများမှာ တော်ပီဒိုတင်ဆောင်သော ကရူဇာ သင်္ဘော အသေးစားများ ဖြစ်သည်။ ထိုသင်္ဘောတို့သည် အလွန် လျင်မြန်လှ၍ တော်ပီဒိုများဖြင့် မည်သည့်သင်္ဘောကိုမဆို တိုက်ခိုက်ခြေမှုန်းနိုင်သည့်ပြင် ရေငုပ်သင်္ဘောတို့ကို တိုက်ခိုက် ရာ၌လည်း လွန်စွာအသုံးဝင်သောကြောင့် အခြားသင်္ဘောများ ချီတက်ရာ၌ စောင့်ရှောက်လိုက်ပါကြရလေသည်။ ဖျက် သင်္ဘောမှာ ရေငုပ်သင်္ဘော၏သေမင်းပင် ဖြစ်၍ ရေငုပ်သင်္ဘော များသည် ထိုဖျက်သင်္ဘောမျိုးကို အလွန်ကြောက်ကြလေသည်။ ၁၉၁၆ ခုနှစ်၌ အမေရိကန်ပြည်ထောင်စုအစိုးရသည် စစ် သင်္ဘောကြီးများ၊ ကရူဇာတိုက်သင်္ဘောများနှင့် အခြားစစ် သင်္ဘော အမျိုးမျိုးတို့ ဆောက်လုပ်ရန် ဒေါ်လာငွေ သန်းပေါင်း ၅ဝဝ ခန့် ကုန်ကျမည့် စီမံကိန်း တစ်ခုကို ရေးဆွဲပြီးလျှင် အကောင်အထည်ဖော်ကာ လုပ်ကိုင်ခဲ့လေသည်။ ၁၉၁၇ ခုနှစ် တွင် အမေရိကန်တို့ စစ်ထဲဝင်လာသောအခါ ထိုစီမံကိန်းကို တစ်မျိုးတဖုံ ပြောင်းလဲလိုက်လေသည်။ ထိုအချိန်တွင် ဂျာမန် ရေငုပ်သင်္ဘောတို့၏ အန္တရာယ်ကြောင့် မဟာမိတ်တို့သည် စစ်သင်္ဘောကြီးများအစား ဖျက်သင်္ဘောတို့ကိုသာ အများအပြား အလိုရှိနေကြပေသည်။ ထိုကြောင့် ဖျက်သင်္ဘောများကို အပြင်း အထန် ကြိုးစားတည်ဆောက်ခဲ့ရာ စစ်ကြီးအပြီးအထိ အစင်း ပေါင်း ၂၆ဝ မျှ ပြီးစီးလေသည်။ ဖျက်သင်္ဘောများ၏ အစောင့် အရှောက်ဖြင့် အမေရိကတိုက်မှ ဥရောပတိုက်သို့ ခဲယမ်း မီးကျောက်များအပြင် စစ်သားပေါင်း နှစ်သန်းကျော်မျှကို ဘေးကင်းစွာဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့လေသည်။ ရေငုပ်သင်္ဘောများသည် ကင်းထောက်ရန်နှင့် ရန်သူ သင်္ဘောကို တော်ပီဒိုနှင့် ပစ်ခွင်းရန်အတွက် ဖြစ်သည်။ ထိုပြင် စစ်သားများကို သယ်ဆောင်ရန်နှင့် ရန်သူကမ်းခြေသို့ နီးကပ် စွာ သွားရောက်တိုက်ခိုက်ရန် အတွက်လည်း ဖြစ်သည်။ နောက်ဆုံး တည်ထားသော ရေငုပ်သင်္ဘောများမှာ များသော အားဖြင့် တန်ပေါင်း ၁၅၅ဝ မျှသာ လေးပြီးလျှင် ရေအောက် တွင် လိုအပ်သည့် ထင်းမီးအား ထပ်၍မဖြည့်ဘဲ လပေါင်းများ စွာပင် နေနိုင်ပေသည်။

( ရေငုပ်သင်္ဘော-။) ရေတပ်များတွင် အထက်ပါ ပင်လယ်ကူးစစ်သင်္ဘောအမျိုး အစားများအပြင် ကမ်းခြေနှင့် မြစ်တွင်း၌ လွန်စွာ အသုံးကျ သော သင်္ဘောငယ်များလည် ရှိသေး၏။ ထိုသင်္ဘောတို့မှာ ရေမြှုပ်ဗုံးချသင်္ဘောများ၊ ရေမြှုပ်ဗုံး ရှင်းသင်္ဘောများ၊ တော်ပီ ဒိုတင် သင်္ဘောငယ်များ၊ ဂန်းဗုတ်ခေါ် အမြောက်တင်သင်္ဘော ငယ်များ ဖြစ်ကြသည်။ ရေတိမ်သွားမော်နီတာခေါ် သင်္ဘောကြီး များသည် သံချပ်ကာများ ထူထဲစွာ ကာရံထား၍ အလွန်ကြီးမား လှသည့် အမြောက်ကြီးများ ပါသောကြောင့် ရန်သူ့ကမ်းခြေကို ဖျက်ဆီးပြီးလျှင် မိမိဘက်မှ စစ်သားများ ကမ်းပေါ်သို့ တက် ရောက်ရာ၌ များစွာအကူအညီပေးနိုင်လေသည်။ ရေတပ်များတွင် စစ်တိုက်ရန် သင်္ဘောများသာမက ခဲယမ်းမီးကျောက်သယ်ယူရန် သင်္ဘောများ၊ ဆေးရုံသင်္ဘောများ၊ ဆီလှောင်သင်္ဘောများလည်း ပါဝင်သေးသည်။ စစ်ဖြစ်၍ အရေးကြီးလာသောအခါ၌ ကုန် သင်္ဘောများကိုလည်း သင့်လျော်သလို ပြင်ဆင် မွမ်းမံ၍ အသုံး ချကြရလေသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စု၏ ရေတပ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်လာလေသည်။ ယခုအခါတွင် အမေရိကန်ပြည်ထောင်စု၌ ရေတပ်ဌာနဟူ၍ ဌာနတစ်ခု သီးသန့်ထားပြီးလျှင် ထိုဌာနလက်အောက်၌ သုံးပိုင်း ခွဲခြားကာ အုပ်ချုပ်စီမံသည်။ ထိုဌာနခွဲတို့တွင် ဆောင်ရွက် လုပ်ကိုင်သော လုပ်ငန်းများမှာ (၁) တိုက်ခိုက်ရေးနှင့် စပ်ဆိုင် သော ပြင်ဆင်မှုများ၊ (၂) ရေတပ်နှင့် စပ်လျဉ်း၍ လိုအပ်သမျှ သော ကိစ္စအရပ်ရပ်များ၊ (၃) သင်္ဘောကျင်း၊ သင်္ဘောစခန်း၊ ဆေးရုံစသော ဆိပ်ကမ်းဘက်ဆိုင်ရာ ကိစ္စအရပ်ရပ်များ ဖြစ်ကြ သည်။

နိုင်ငံကြီးအသီးအသီးတို့၏ ရေတပ်တိုင်းလိုလိုတွင် ရေတပ်စစ်သူကြီးတစ်ဦးသည် ရေတပ်သေနာပတိချုပ်အဖြစ် ဆောင်ရွက်ရ၍ သမုဒ္ဒရာကြီး အသီးသီးတွင် ခွဲဝေဖြန့်ထားသော ရေတပ်ခွဲကြီးများကို ရေတပ်ဗိုလ်ချုပ်မှူးများက အုပ်ချုပ်ရသည်။ ထိုဗိုလ်ချုပ်မှူးတို့ လက်အောက်တွင် ရေတပ်စုများ ခွေဲ0xm;I ထိုရေတပ်စုတို့ကို ရေတပ်ဗိုလ်ချုပ်ကြီးများက အုပ်ချုပ်ရသည်။ ထိုရေတပ်ဗိုလ်ချုပ်တို့ လက်အောက်တွင်မှတစ်ဖန် ရေတပ် သင်္ဘောအုပ်စုငယ်များကို ရေတပ်ဗိုလ်ချုပ်များက အုပ်ချုပ်ရ သည်။ သင်္ဘောတစ်စင်းစီကိုမှ သင်္ဘောအကြီး အငယ်အလိုက် အခြားအရာရှိကြီးငယ်တို့က အုပ်ချုပ်စီမံခန့်ခွဲကြသည်။ ယခုခေတ် ရေတပ်များတွင် လေတပ် အစောင့်အရှောက် များ မပါဝင်က ထိုရေတပ်သည် အင်အားကြီးမား တောင့်တင်း သော ရေတပ်ဖြစ်လိမ့်မည်မဟုတ်ချေ။ လေယာဉ်ပျံများကို သင်္ဘော၏ ရှေ့ပြေးကင်းထောက်ရန်သာမက၊ သင်္ဘောများကို စောင့်ရှောက်ကာကွယ်ပေးရန်အတွက်လည်း အသုံးပြုကြရသည်။ ထိုပြင် ရန်သူသင်္ဘောများကိုလည်း လေယာဉ်ပျံများက သွား ရောက် ဗုံးကြဲတိုက်ခိုက်နိုင်ပေသည်။ လေယာဉ်ပျံများကို လေ ယာဉ်ပျံတင်သင်္ဘောများပေါ်တွင်သာမက အခြားစစ်သင်္ဘော အမျိုးမျိုးတို့တွင်လည်း တင်ဆောင်၍ ဂျက်လောက်လွှဲများဖြင့် ကောင်းကင်သို့ လွှတ်တင်ပေးကြရသည်။ ထိုလေယာဉ်များမှာ များသောအားဖြင့် ရေယာဉ်ပျံများသာ ဖြစ်၍ ပြန်ဆင်းသော အခါ၌ သင်္ဘောအနီး၌ ဆင်းသက်ပြီးလျှင် သင်္ဘောပေါ်သို့ ဝန်ချီစက်ဖြင့် ဆွဲတင်ရလေသည်။

လေယာဉ်ပျံတင်သင်္ဘော၌ ပါဝင်သော လေယာဉ်ပျံအမျိုး အစားတို့မှာ ဗုံးကြဲလေယာဉ်ပျံများ၊ တိုက်လေယာဉ်ပျံများ၊ တော်ပီဒိုလွှတ် လေယာဉ်ပျံများ ဖြစ်သည်။ ရေတပ်၏ ဗုံးကြဲ လေယာဉ်ပျံများ ဖြစ်ကြသည်။ ရေတပ်၏ လေယာဉ်ပျံများမှ လေသူရဲတို့မှာ အထူးစွန့်စားကြရ၍ လေယာဉ်ပျံများမှာလည်း အကြမ်းဒဏ်ကို ခံနိုင်ရန် ပိုမိုခိုင်ခံ့စွာ ဆောက်လုပ်ထားရပေ သည်။ ယခုခေတ် ရေတပ်ကြီးများ၌ ဂျက်လေယာဉ်ပျံများကို အသုံးပြုလျက် ရှိသည်။ ရေငုပ်သင်္ဘောကို တိုက်ခိုက်ရာတွင် အသစ်ပေါ်ပေါက်လာသော ရေဒါမှာ လွန်စွာ အသုံးဝင်လေ သည်။ ရေတပ်တွင် မရင်းတပ်သားများကို ရန်သူကမ်းခြေသို့ တက်ရောက်သိမ်းပိုက်ရန်အတွက် အထူးတလည် လေ့ကျင့်ထား ရသည်။ ထိုကမ်းတက်တပ်သားတို့သည် ရာထူးအဆင့်အတန်း အားဖြင့် ကုန်းတပ်တံဆိပ်ကို တပ်ဆင်ကြရ၍ ယူနီဖောင်းကိုမူ တစ်မျိုးသီးခြား ဝတ်ဆင်ကြရပေသည်။

ရေတပ်သို့ အရာရှိအဖြစ်ဝင်ရောက်လိုသူတို့သည် အင်္ဂလန် ပြည်၌ ဖြစ်လျှင် ဒါ့တမတ်မြို့ ဘုရင်မရေတပ်တက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရန် လျှောက်ထားရသည်။ ကျောင်းဝင်ရန် အရွေးချယ်ခံရသောအခါ ကျောင်း၌ လေးနှစ်မျှ သင်ကြားရ သည်။ စာမေးပွဲများ အောင်မြင်ပြီးသောအခါ ရေတပ်၌ အရာရှိဗိုလ်ကလေး အဖြစ်ဖြင့် စတင်အမှုထမ်းရလေသည်။ အမေရိကန်ပြည်ထောင်စုတွင် ဝက်စပွိုင့်အရပ်ရှိ ရေတပ် တက္ကသိုလ်သို့ ဝင်ရောက်လိုသူတို့သည် မည်သည့်တပ်တွင် အမှုထမ်းရသည်မဆို အရွယ်ရောက်ပြီးလျှင် မူလတန်းပညာ အခြေခံရှိ၍ လိုအပ်သော ကာယဗလနှင့် ပြည့်စုံလျက် မျက်စိ ကောင်းမွန်ပါက ဝင်ရောက်အမှုထမ်းခွင့်ကို ရနိုင်လေသည်။ ရေတပ်တွင် ရာထူးတိုးမြှင့်ပေးခြင်းကို နေရာလစ်လပ်တိုင်း ရွေးချယ်တိုးမြှင့် ခန့်ထားပေးသည်။ ရေတပ်သားတစ်ဦးသည် အကျင့်စာရိတ္တကောင်းမွန်၍ အလုပ်ဝတ္တရား ကျေပြွန်ပါက အငြိမ်းစား မယူမီအတွင်း အနည်းဆုံး အရာခံဗိုလ်ကလေး ဖြစ်နိုင်ပေသည်။ စက်မှုလက်မှုဆိုင်ရာ ဌာနများလည်း ရှိသဖြင့် ဝါသနာအလျောက် စက်ဘက်ဌာနများတွင် ဝင်ရောက်အမှုထမ်း သော သူများလည်း ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)