ရေခဲတောင်
ပင်လယ်သမုဒ္ဒရာကြီးများ၏ ရေမျက်နှာပြင်ထက်တွင် တောင်ငယ်ကလေး တစ်လုံးပမာ ပေနှစ်ရာ သုံးရာနီးနီး မြင့်ပြီး လျှင် နေရောင်ဟပ်သောအခါ တပြောင်ပြောင် တလက်လက် အရောင်အမျိုးမျိုး ထွက်လေ့ရှိသော ရေခဲတုံးကြီးများသည် အမြင်အားဖြင့် ကြည့်ရှု၍ ကောင်းသလောက် လူတို့အား ဒုက္ခ ပေးတတ်သဖြင့် ပင်လယ်သွားသင်္ဘောကြီးများသည် အထူး သဖြင့် သတိပြုကြရလေသည်။
ကမ္ဘာ၏အစွန်အဖျားဖြစ်သော အအေးပိုင်းများသည် ရေခဲ ပြင်ကြီးများဖြင့် ဖုံးလွှမ်းလျက်ရှိရာ ထိုရေခဲပြင်ကြီးမှ ပဲ့ထွက် တတ်သော ရေခဲတုံးကြီးများသည် အခြားသော ပင်လယ် သမုဒ္ဒရာများအတွင်းသို့ သက်ဆင်း မျောပါသွားလေ့ရှိသည်။ အထူးအားဖြင့် မြောက်ဝင်ရိုးစွန်းဘက်ရှိ အာတိတ်သမုဒ္ဒရာ၏ ရေခဲပြင်ကြီးများမှ ရေခဲတုံးကြီးများသည် အတ္တလန္တိတ်သမုဒ္ဒရာ ကြီးအတွင်းသို့ သက်ဆင်းမျောလာလေ့ ရှိကြ၏။ ထိုမှ တောင် ဘက်သို့ တစ်ရွေ့ရွေ့ရောက်လာကာ နေရောင်အပူဓာတ်တို့နှင့် တွေ့သောအခါ အရည်ပျော်ပြီးလျှင် ပျောက်ပျက်သွားလေသည်။ အရည်မပျော်မီတွင်ကား ခရီးမိုင်ပေါင်းများစွာ မျောပါလာတတ် လေသည်။
တောင်ငယ်တမျှ ကြီးမားလှသော ဤရေခဲတောင်ကြီးများ သည် ကိုးပုံလျှင် တစ်ပုံသာ ရေမျက်နှာပြင်ထက်တွင် ပေါ်နေ၍ ကျန်ရှစ်ပုံမှာ ရေအောက်တွင် နစ်မြုပ်နေလေသည်။ ရေခဲတောင်ကြီးများကြောင့် မည်မျှလောက် ပျက်စီးသည် ကို ရှေးအခါက ကောင်းစွာ သတိမထားမိကြချေ။ ၁၉၁၂ ခုနှစ် က တိုင်တန်နစ်ခေါ် သင်္ဘောကြီးသည် ရေခဲတောင်နှင့် တိုက်မိ သဖြင့် ပျက်စီးနစ်မြုပ်သွားသည့်အကြောင်းကို ကျွန်ုပ်တို့ ကြား ကြရသောအခါ ကမ္ဘာတစ်ဝန်းလုံးကပင် အထူး အံ့ဩဝမ်းနည်း ကြရလေသည်။ ထိုအခါက အကြီးဆုံးဖြစ်သော အဆိုပါသင်္ဘော ကြီးသည် အင်္ဂလန်ပြည် ဆောက်သမ္ပတန်မြို့မှ အမေရိကတိုက် သို့ ပထမအကြိမ် ခုတ်မောင်းသွားစဉ် ကြီးမားလှသော ရေခဲ တောင်ကြီးနှင့် တိုက်မိသောကြောင့် နစ်မြုပ် ပျက်စီးရလေရာ ပါလာသော ခရီးသည်ပေါင်း ၂၃ဝဝ အနက် ၇ဝ၆ ယောက် ကိုသာ အသက်ရှင်လျက် ကယ်ဆယ် ရရှိလေသည်။ အတ္တလန္တိတ်မြောက်ပိုင်း၌ တွေ့ရသော ရေခဲတောင်များမှာ များသောအားဖြင့် ဂရင်းလန်းကျွန်းကြီးရှိ ရေခဲပြင်ကြီးမှ ပဲ့ကျ သော ရေခဲအစိုင်အခဲကြီးများ ဖြစ်၍ တောင်ဘက်သို့ တဖြည်း ဖြည်း မျောပါလာပြီးလျှင် ဧပြီ၊ မေ၊ ဇွန်လများလောက်တွင် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်း သင်္ဘောလမ်းဆီသို့ ချဉ်းကပ် လာတတ်လေသည်။
သို့ဖြင့် ရေခဲတောင်များ၏ အန္တရာယ်ကို ကာကွယ်ရန် ယခုအခါ အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းတွင် သွားလာနေ သော ပင်လယ်ကူးသင်္ဘောပိုင်ရှင် ကုမ္ပဏီများက စုပေါင်းပြီး လျှင် သမုဒ္ဒရာကြီးတစ်လျောက် ကင်းထောက်သင်္ဘောများ စေလွှတ်ကာ လူစီးသင်္ဘောနှင့် ကုန်တင်သင်္ဘောများအား ပင်လယ်တွင် မျောပါလျက်ရှိသော တွေ့သမျှ ရေခဲတောင်ကြီး များ၏နေရာနှင့် ယင်းတို့ မျောလာမည်ထင်ရသည့်လမ်းကြောင်း ကို ဝိုင်ယာလက်ဖြင့် သတင်းပို့ရန် စီမံထားရ၏။ ထို့ပြင် သင်္ဘောများ ခုတ်မောင်းရာလမ်းကိုလည်း ဆောင်းရာသီတွင် ရေခဲတောင်ပေါရာ မြောက်ဘက်လမ်းမှ ဝေးနိုင်သမျှဝေးရာ တောင်ဘက်သို့ ဆုတ်လျက် ခုတ်မောင်းစေလေသည်။ တောင်ဘက်ကမ္ဘာလုံးခြမ်းတွင်လည်း ရေခဲတောင်များ မျောနေသည့်ဒေသများ ရှိသည်။ ထိုရေခဲတောင်များသည် အန္တာတိတ်ရေခဲပြင်မှ ပဲ့၍ မျောလာကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ မျောနေကြသော ရေခဲတောင်များအနက် အချို့သည် အတ္တလန္တိတ် သမုဒ္ဒရာမြောက်ပိုင်းတွင် တွေ့ရသော ရေခဲတောင် ကြီးများထက်ပင် အဆပေါင်းများစွာ ကြီးမားကြလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)