ရေကြောင်းသွားလာခြင်း

ဝီကီပီးဒီးယား မှ

ရှေးခေတ်လူများသည် အလွန်ရိုင်းစိုင်း ရက်စက်ကြ၍ သူစိမ်းတစ်ရံစာ လူမှန်လျှင် ရန်သူမှတ်ထင်ကာ သတ်ဖြတ် တတ်ကြလေသည်။ ထိုအခါက လူတို့ ခရီးသွားလာရန်အတွက် ကုန်းလမ်းဟူ၍ မည်မည်ရရ မရှိသည့်ပြင် သားရဲတိရစ္ဆာန်များ၊ ဆူးငြောင့်ခလုတ်များ၊ လူသားရန်သူများ စသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ အလွန်ထူပြောလှပေသည်။ ရေကြောင်းခရီးမှာ ကြောက်မက်ဖွယ်အန္တရာယ်များ တွေ့ကြုံရတတ်သော်လည်း ကုန်းလမ်းထက်ပို၍ မဆိုးရွားနိုင်ဟု ယူဆလာကြသောအခါ၌ လူတို့သည် ရေကြောင်းခရီးကို စတင်၍ စမ်းထွက်ခဲ့ကြလေ သည်။

သမိုင်းအရ လူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက် ထောင်ကျော် ယဉ်ကျေးစကတည်းက ပင်လယ်ရေကြောင်း ခရီးဖြင့် ကူးသန်းသွားလာခဲ့လေသည်။ ထိုသို့ သွားလာသည့် လူမျိုးများအနက် အီဂျစ်၊ ဖီနီရှန်၊ ဂရိလူမျိုးတို့သည် ပထမဆုံး ရေကြောင်းသွားလာခဲ့ကြသူများ ဖြစ်သည်ကို တွေ့ရပေသည်။ ဦးစွာ၌ ပင်လယ်ရေကြောင်းခရီးသွားသူတို့သည် ပင်လယ် ရေပြင်ကျယ်သို့ မထွက်ဝံ့ကြဘဲ ကမ်းခြေတစ်လျောက်၌သာ သွားလာဝံ့ကြ၏။ ပင်လယ်ရေပြင်ကျယ်သို့ ပထမဆုံး ရဲရဲဝံ့ဝံ့ လွှင့်ခဲ့ကြသူများတွင် အရှေ့တိုင်းရင်းသားများ ပါဝင်ကြပေလိမ့် မည်။ မုတ်သုန်ရာသီအတွင်း၌ လေကြောင်းမှာ မှန်ကန်စွာ တစ်ဖက်သတ် တိုက်ခတ်နေ၍ ပင်လယ်ကူးသင်္ဘောများသည် မိမိသွားလိုရာအရပ်သို့ ဖြောင့်ဖြောင့်မတ်မတ် သွားရောက်နိုင် ကြပေသည်။

ပထမဆုံး ပင်လယ်ခရီးသွားသူများသည် ညဉ့်အခါတွင် ဓူဝံကြယ်ကို အမှတ်အသားထား၍ မိမိတို့ သွားလိုရာအရပ်သို့ မျက်နှာမူကာ မှန်းဆပြီးလျှင် သွားလာခဲ့ကြရလေသည်။ ထို နောက်တွင် သင်္ဘောတည်နေရာ လတ္တီတွဒ်ကို အကြမ်းဖျင်း အားဖြင့် ခန့်မှန်းနိုင်မည့် ကိရိယာများကို ပြုလုပ်သုံးစွဲခဲ့ကြ လေသည်။ ထိုကိရိယာကို ကြက်ခြေခတ်ထားသည်။ ထိုကိရိယာ ထဲတွင် အလျားတစ်ကိုက်မျှရှည်သော တုတ်ချောင်း၌ ထိုထက် အနည်းငယ်တိုသော တုတ်ချောင်းကို ထောင့်မှန်ကျအောင် ကြက်ခြေခတ်ကိရိယာဟု ခေါ်လေသည်။ တုတ်အငယ်ကို တုတ် ချောင်းအရှည် တစ်လျှောက် ရွေ့ပေးနိုင်ရန် စီမံထားသည်။ သင်္ဘောအရာရှိသည် ထိုတုတ်ချောင်းကို နေ၊ သို့မဟုတ် ကြယ် တစ်ခုနှင့် မိုးကုပ်စက်ဝိုင်းအကြား အလယ်တည့်တည့်လောက် ဆီသို့ ဦးတည့်ပြီးလျှင် အစွန်းနှစ်ဘက်ကို တစ်ဘက်က မိုးကုပ် စက်ဝိုင်းအစပ်သို့၊ တစ်ဖက်ကနေ၊ သို့မဟုတ် ကြယ်ကို ထိနေ သကဲ့သို့ မြင်ရသည်အထိ ရွေ့ပေးလေသည်။ ထိုနောက် တုတ် ချောင်းအရှည်ပေါ်တွင် မှတ်သားထားသော အမှတ်အသားများ အရ နေ၊ သို့မဟုတ် ကြယ်၏အမြင့်(တနည်း) စောင်းနေသည့် ထောင့်ကို သိရှိပြီးလျှင် လတ္တီတွဒ်ကို ထပ်မံတွက်ချက်ယူလေ သည်။ သို့သော် ထိုကိရိယာဖြင့် လတ္တီတွဒ်အမှန်ကိုရရန် လွန်စွာခဲယဉ်းသည်။ ထိုနောက် အက်စတြိုလေ့ခေါ် ကိရိယာ တစ်မျိုးကို တီထွင်နိုင်ခဲ့ကြလေသည်။ ထိုကိရိယာမှာ ကြေးဝါ၊ သို့မဟုတ် ကြေးညိုအဝိုင်းပြားတစ်ခုပေါ်တွင် အလယ်တည့် တည့်၌ အယ်လစ်ဒိဒ်ခေါ် လက်တံတစ်ခု ထားသည်။ လူ တစ်ယောက် ထိုကိရိယာကို ထောင်လျက် ကိုင်ထားပြီးလျှင် အခြားတစ်ယောက်က လက်တံကို နေ၊ သို့မဟုတ် ကြယ်ဆီသို့ ညွှန်ပြစေရန် ရွှေ့ပေးရသည်။ ထိုနောက် ကြေးပြားဝိုင်းပေါ်တွင် မှတ်သားထားသော အမှတ်အရ နေ၊ သို့မဟုတ် ကြယ်၏ စောင်းနေသည့်ထောင့်ကို သိနိုင်ပေသည်။ ထိုကိရိယာသည် လတ္တီတွဒ်ကို တွက်ချက်ရာ၌ ကြက်ခြေခတ်ကိရိယာထက် များစွာ ပိုမိုတိကျစေသည့်အပြင် ပြက္ခဒိန်နှင့် ယှဉ်တွဲ အသုံး ပြုခြင်းဖြင့် ရောက်ရာဒေသ၏ အချိန်ကိုပါ သိရှိစေနိုင်သည်။ ထိုနောက် လမ်းပြအိမ်မြေ|ာင်ကို ၁၃ ရာစုနှစ်အတွင်း၌ တီထွင်အသုံးပြုလာနိုင်ကြလေသည်။ ၁၈ ရာစု နှစ်တိုင်အောင် လောင်ဂျီတွဒ်ကိုမူ မရှာဖွေနိုင်ကြဘဲ ရှိကြသေးသည်။ သင်္ဘော လွှင့်ရာ၌ စက်ဝိုင်းကြီးလမ်း လွှင့်နည်းသည် အလွန်အရေးကြီး လှပေသည်။ ဤနည်းကို စက္ကူချပ်ပေါ်ရှိ မြေပုံထက် ကမ္ဘာလုံး ပေါ်ရှိ မြေပုံဖြင့် ပိုမိုလွယ်ကူစွာ ရှင်းလင်းပြနိုင်ပေမည်။ အဓိက အချက်မှာ ကမ္ဘာမြေပေါ်ရှိ နေရာနှစ်ခု၏အကြား အနီးဆုံး အကွာအဝေးသည် ထိုနေရာနှစ်ခုကို ဖြတ်သွားသောစက်ဝိုင်းကြီး ၏ အစိတ်အပိုင်းသာ ဖြစ်သည်ဟူသော အချက်ဖြစ်၏။ စက် ဝိုင်းကြီးဆိုသည်မှာ ကမ္ဘာလုံးကို ရစ်ပတ်ကာ နှစ်ခြမ်းခြမ်း လိုက်သည့် စက်ဝိုင်းကို ဆိုလိုပေသည်။ ပုံစံအားဖြင့် အီကွေ တာ၊ သို့မဟုတ် မီရီဒီယန် (မွန်းတည့်မျဉ်း) တစ်ခုခုသည် စက်ဝိုင်းကြီးပင် ဖြစ်လေသည်။

ယခုခေတ်တွင်ကား နေရာတကာတွင် ကော့ဒရန့်ခေါ် ဝိုင်းခြမ်းဝက်ကိရိယာ၊ ဆက္ကစတန့်၊ ဂျိုင်ရိုစကုပ်၊ ဝိုင်ယာလက် ခေါ် ကြိုးမဲ့ကြေးနန်း၊ ရေအတိမ်အနက်ကို လျှပ်စစ်ဓာတ်ဖြင့် တိုင်းတာသည့် အက်ကိုးဂီယာခေါ် ပဲ့တင်သံကို အသုံးပြုထား သော ကိရိယာနှင့် မြူထူများ ရှိနေသောအခါမျိုးတွင် အသုံးပြု နိုင်သည့် ရေဒါကဲ့သို့သော စက်များကို အသုံးပြုနိုင်ပြီ ဖြစ် သဖြင့် ရေကြောင်းခရီးသွားလာခြင်းသည် ဝေးသလောက် ခက်ခဲခြင်း၊ အန္တရာယ်များခြင်း မရှိတော့ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)