ရူးဝါးနယ်
ရူးဝါးနယ်
[ပြင်ဆင်ရန်]ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရိုင်းမြစ်၏ လက် တက်ဖြစ်သော ရူးဝါးမြစ်စီးဆင်းရာ မြစ်ဝှမ်းဒေသတစ်ပိုင်းကို ရူးဝါးနယ်ဟု ခေါ်သည်။ အကျယ်အဝန်းအားဖြင့် အလျား ၉၅ မိုင်ခန့်နှင့် အနံ ၆၅ မိုင်ခန့် ရှိ၏။ ရူးဝါးနယ်တွင် ကျောက်မီး သွေး အမြောက်အမြား ထွက်သဖြင့် ဥရောပတိုက်၌ စက်မှု လက်မှုလုပ်ငန်း အကြီးအကျယ်ထွန်းကား၍ လူဦးရေ ထူထပ် သောဒေသ ဖြစ်သည်။ မီးရထားလမ်း၊ မြစ်လမ်းနှင့် တူးမြောင်း လမ်းများရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းသည်။
ရူးဝါးနယ်တွင် စက်မှုလက်မှုလုပ်ငန်းအတွက် အချက် အခြာ မြို့ကြီးများမှာ အက်ဆင်မြို့၊ ဒေါ့တမွန်မြို့၊ ဒူဇယ်ဒေါ့ မြို့၊ ဒိဇဗုမြို့နှင့် ဗူပါတယ်မြို့များဖြစ်၍ ဂျာမနီနိုင်ငံ၏လက်နက် ပြုလုပ်ရာဌာန ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဂျာမနီ နိုင်ငံတွင် အလွန်ကြီးကျယ်သော ကရပ်လက်နက်အလုပ်ရုံ များမှာ ထိုဒေသ၌ တည်ရှိလေသည်။
ပထမကမ္ဘာစစ်(၁၉၁၄-၁၈) ပြီးသည့်နောက် ဗာဆေး စာချုပ်အရ ဂျာမန်တို့သည် ရူးဝါးနယ်ရှိ လက်နက် အလုပ်ရုံ များကို အခြားသံထည်ပစ္စည်း ထုတ်လုပ်ရေးအတွက် အသုံးချ ကြသည်။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ အာဏာရလာသော အခါ ထိုနယ်ကို လက်နက်အလုပ်ရုံကြီးအဖြစ်သို့ ပြန်၍ ပြောင်းလိုက်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ် လေတပ်သည် ရူးဝါးနယ်ကို သဲသဲမဲမဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တပ်များသည် ထိုနယ်ကို သိမ်းပိုက်မိပြီးလျှင် ဗြိတိသျှအုပ်ချုပ်ရသောအပိုင်း၌ ထည့်သွင်း ထားကြလေသည်။
၁၉၄၉ ခုနှစ်မှ စ၍ အမေရိကန်နိုင်ငံ၊ ဂရိတ်ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် ဗဲလဂျီယမ် စသော ဥရောပတိုက်ရှိ မဟာမိတ် နိုင်ငံကို စုပေါင်း၍ အပြည်ပြည်ဆိုင်ရာ ရူးဝါးအာဏာပိုင်အဖွဲ့ ကို ဖွဲ့စည်းကာ ရူးဝါးနယ်ရှိ သတ္တုတွင်းများ၊ ကျောက်မီးသွေး တွင်းများကို ထိန်းသိမ်းခဲ့ကြသည်။ ၁၉၅၂ ခုနှစ်တွင် အနောက် ဂျာမနီအပါအဝင်ဖြစ်သော အထက်ပါနိုင်ငံများသည် ထိုနယ်ရှိ သတ္တုတွင်းများ ထိန်းသိမ်းရေးအတွက် အသစ်ထပ်မံ ဖွဲ့စည်း လိုက်သော ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့က ထို အာဏာပိုင်အဖွဲ့၏ လုပ်ငန်းကို လက်ပြောင်းယူလိုက်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)