ရုန်းမြစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရုန်းမြစ်သည် ဥရောပတိုက် ယဉ်ကျေးမှုခေတ်ဆန်းချိန်မှ စ၍ တောင်ဘက် မြေထဲပင်လယ်မှ ပြင်သစ်နိုင်ငံကို ဖြတ်ပြီး လျှင် မြောက်ပင်လယ်သို့ ပေါက်သော ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖြစ်ခဲ့လေသည်။ရှေးအခါက မြေထဲပင်လယ်ဘက် မှ ကုန်သည်တို့သည် ဗြိတိန်နိုင်ငံမှ သံဖြူကို ဤလမ်းကြောင်း ဖြင့် သယ်ယူခဲ့ကြ၏။ ရောမလူမျိုးတို့သည် စစ်မှုရေးရာအတွက် ရုန်းမြစ်ကို အသုံးပြုခဲ့ကြ၏။ အလယ်ခေတ်က ဆာရဆင် စစ်သားနှင့် ကရူးဆိတ်စစ်သားတို့သည် ရုန်းမြစ်ကြောင်းဖြင့် ချီတက်ခဲ့ကြသည်။ ယခုအခါ ရုန်းမြစ်သည် ရိုင်းမြစ်၊ စိန်းမြစ်၊ လွှားမြစ်တို့နှင့်၎င်း၊ မာဆေးမြို့နှင့်၎င်း တူးမြောင်းများဖြင့် ဆက်သွယ်ထားသောကြောင့် ဥရောပတိုက်တွင် အလွန်အရေးပါ အရာရောက်သော ရေလမ်းခရီး ဖြစ်သည်။

ရုန်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံတောင်ပိုင်းရှိ ပေပေါင်း ၆ဝဝဝ ခန့်မြင့်သော အဲ့လပတောင်ပေး ရုန်းရေခဲမြစ်၌ မြစ်ဖျား ခံ၍ အရှိန်ပြင်းစွာ စီးဆင်းလာပြီးလျှင် ဂျီနီးဗားအိုင်ထဲသို့ ဝင် သည်။ ဂျီနီးဗားအိုင်ကို ဖြတ်၍ အနောက်တောင်ဘက်မှတစ်ဖန် စီးထွက်လာရာ ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် မြစ်ကြောင်းသည် တောင်ဘက်သို့ ရုတ်တရက် ပြောင်းသွားသည်။ ထိုနောက် မာဆေးမြို့အနီးတွင် မြေထဲပင်လယ်သို့ မြစ်နှာမြွာ ခွဲ၍ စီးဝင် လေသည်။

ရုန်းမြစ်သည် မိုင် ၅ဝဝ ကျော်ခန့် ရှည်၍ မိုင် ၃၅ဝ အထိ သင်္ဘောကြီးများ ဆန်တက်နိုင်၏။ ထင်ရှားသော မြစ် လက်တက်များမှာ ဆုန်းမြစ်၊ အီဇာမြစ်နှင့် ဒူးရန့်မြစ်များ ဖြစ်သည်။ လီယွန်မြို့နှင့် ပင်လယ်အကြား မြစ်ကြောင်း တစ်လျှောက်တွင် ကမ်းနှစ်ဖက်စလုံး၌ စပျစ်ခြံများရှိ၏။ လက်ဝဲဘက်ကမ်း တစ်လျှောက်၌လည်း ဗီယင်း၊ ဗားလန်း၊ အက်ဗီညွန်၊ အားလ အစရှိသော သမိုင်းတွင် ထင်ရှားသည့် မြို့များ တည်ရှိသည်။

၁၉၃၈ ခုနှစ်တွင် ပြင်သစ်နှင့် ဆွစ်ဇာလန်နယ်စပ်၌ ပေ ၃ဝဝ မြင့်သော ရေကာတာကြီးကို စတင် ဆောက်လုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ ၁၉၄၆ ခုနှစ်သို့ ရောက်မှ တစ်ဖန် ဆက်လက်၍ ဆောက်လုပ်သည်တွင် ၁၉၄၈ ခုနှစ်၌ ပြီးလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)