ရိုးရာပုံပြင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သက်ကြီးသူတို့က ပြောပြသမျှ ပုံပြင်၊ ဆိုပြသမျှ၊ ရွတ်ပြသမျှ ကဗျာ၊ ကပြသမျှ ကပုံကနည်းတို့ကို သက်ငယ်သူတို့က စိတ်တွင် မှတ်သားခဲ့ကြသည်။ အမျိုးအဆက်ဆက် အဆင့်ဆင့် ကမ်းခဲ့သဖြင့် ယခုတိုင် တည်ရှိနေသော ပုံပြင်၊ ကဗျာ၊ သီချင်း၊ အကများကြောင့် ရှေးခေတ်လူတို့၏ ထုံးစံဓလေ့၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုတို့ကို ကျွနု်ပ်တို့ သိရှိနိုင်ခဲ့ကြသည်။

ရိုးရာပုံပြင်[ပြင်ဆင်ရန်]

သက်ကြီးစကား သက်ငယ်ကြားဟူသော ဆိုရိုးရှိသည့် အတိုင်း တိုင်းပြည်တစ်ခုတွင် အသက်အရွယ်ကြီးသူတို့က နောင်လာနောက်သား သက်ငယ်သူတို့အား မိမိတို့မိဘ ဘိုးဘွား များထံမှ ကြားဖူးသော ပုံပြင်များကို တစ်ဆင့်ပြောပြလေ့ ရှိကြ သည်။ ထိုပုံပြင်တို့တွင် နတ်သား၊ နတ်သမီးအကြောင်း၊ လူ အကြောင်း၊ တစ္ဆေအကြောင်း၊ တိရစ္ဆာန်အကြောင်း စသည်တို့ ဖော်ပြပါရှိသည်။ အချို့ပုံပြင်တို့မှာ ထိတ်လန့်ဖွယ် ဖြစ်သည်။ အချို့တို့မှာကား အံ့ဩဖွယ်ကောင်းသည်။အချို့တို့မှာ စိတ်ကြည် နူးဖွယ်ရာ ဖြစ်သည်။ အချို့တို့မှာကား ရယ်ရွှင်ဖွယ်ရာ ဖြစ် သည်။ ထို့ပြင်ယင်းပုံပြင်များအားဖြင့် ရှေးခေတ်လူတို့၏ ထုံးစံ ဓလေ့၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုတို့ကို သိရှိနိုင် လေသည်။ မိမိတို့ ပတ်ဝန်းကျင်ရှိ မြင်မြင်သမျှ အရာတို့ကို ပုံပြင်များဖြင့် ရှင်းလင်းဖော်ပြထားကြသည်။ ထိုပုံပြင်များကို မည်သူက စထွင်ခဲ့ကြကြောင်းကို၎င်း၊ ပုံပြင် တစ်ခုခုသည် မည်သည့်တိုင်းပြည်တွင် စ၍ ပေါ်ပေါက်ခဲ့ကြောင်းကို၎င်း မသိနိုင်ချေ။ တိုင်းပြည်ချင်း ခြားသော်လည်း ပုံပြင်ချင်း ဆင် တူသည်လည်းရှိသည်။ ဓလေ့ထုံးစံချင်း ညီသည်လည်းရှိ၏။ တစ်တိုင်းပြည်မှ တစ်တိုင်းပြည်သို့ ကူးသန်းသွားလာသူ ခရီးသည်တို့က ရိုးရာပုံပြင်များကို ယူဆောင်လာကြသည်ဟု ယုံကြည်ရလေသည်။

ပုံပြင်များကို အမျိုးအဆက်ဆက်က အဆင့်ဆင့် ကမ်းခဲ့ သည့်နည်းတူ၊ တိုင်းပြည်တိုင်းတွင် ရှေးရိုးကဗျာနှင့် တေး သီချင်းများကိုလည်း အမျိုးတစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့် ကမ်းခဲ့ကြသည်။ ရှေးဗဲလက်ကဗျာတို့တွင် တကယ်ဖြစ်ပျက်ခဲ့ သော အဖြစ်အပျက်တို့ကိုစပ်ဆိုထားကြသည်။ လူမျိုးတစ်မျိုး၏ ဓလေ့ထုံးစံ၊ ဘာသာအယူဝါဒ၊ အတွေးအခေါ်တို့ကို ထိုလူမျိုး ၏ ရှေးရိုးတေးသီချင်းများ၌ တွေ့မြင်နိုင်လေသည်။ ထိုပြင် လူမျိုးတိုင်းတွင် မိမိတို့နှင့်ဆိုင်ရာ ရှေးရိုးအကများ ရှိကြသည်။ ရှေးရိုးပုံပြင်များ၊ ကဗျာနှင့် တေးသီချင်းများ၊ ရှေးရိုးအကများ သည် လူမျိုးတစ်မျိုး၏အသွင်ကို ဖော်ပြသည်ဖြစ်ခြင်းကြောင့် ထိုလူမျိုး၏ သမိုင်းအနေဖြင့်သော်၎င်း လေ့လာရန် အရေးကြီး လေသည်။ သက်ကြီးသူတို့က ပြောပြသမျှပုံပြင်၊ ဆိုပြသမျှ တေးသီချင်း၊ ရွက်ပြသမျှ ကဗျာ၊ ကပြသမျှ ကပုံကနည်းတို့ကို သက်ငယ်သူတို့က စိတ်တွင် မှတ်သားထားကြရသည်။ ထိုရိုးရာ ပုံပြင်၊ သီချင်း၊ ကဗျာနှင့် အကများစွာတို့သည် တိုင်းပြည် အများတွင် ရှေးအစဉ်အလာ တစ်ရပ်အဖြစ်ဖြင့် ယနေ့ထက်တိုင် တည်လျက်ရှိကြသေးသည်။

ရှေးခေတ်လူတို့သည် မိမိုတို့နှင့် ဆိုင်ရာရိုးရာပုံပြင်များ၊ တေးကဗျာများ၊ အကများကို နောင်တစ်နေ့တွင် ပညာရှင်တို့က စူးစမ်းလေ့လာပြီးလျှင်၊ စာအုပ်စာတမ်းများ၌ ရေးသား ထိန်း သိမ်းထားကြမည်ဟူ၍ ထင်မှတ်မိကြမည် မဟုတ်ချေ။ သို့ရာ တွင် ယခုအခါ တိုင်းပြည်များမှ သုတေသီပညာရှင်တို့သည် ထိုရိုးရာကိစ္စများကို အထူးတလည် လေ့လာကြပြီးလျှင်၊ မတိမ် ကော မပျောက်ပျက်ရအောင် စာတင်၍ ထိန်းသိမ်းထားကြလေ သည်။ ရှေးရိုးရာပုံပြင်များကို ပထမဦးဆုံး ကျကျနနလေ့လာသူ များမှာ ဂျေးကော့ဂရင်း (ခရစ် ၁၇၈၅- ၁၈၅၉)ဆိုသူ ဂျာမန် အမျိုးသား ညီနောင်နှစ်ဦးဖြစ်သည်။


ဂရင်းညီနောင်တို့သည် ဂျာမန်ရိုးရာပုံပြင်များကို စူးစမ်းရှာဖွေ၍ စုဆောင်းရရှိသော ပုံပြင်များကို ဂရင်းဒဏ္ဍာရီပုံပြင်များဟု အမည်ပေးကာ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဂရင်းဒဏ္ဍာရီပုံပြင်များမှာ ကလေးများအဖို့ အလွန်ထင်ရှားသော စာပေဖြစ်သည်။ တံငါ သည် လင်မယားပုံပြင်၊ ငလက်မပုံပြင်၊နှင်းပေါက်ပုံပြင် စသည် တို့မှာ ကလေးများ နှစ်သက်သောပုံပြင်များ ဖြစ်ပေသည်။ ထို နည်းတူ အင်္ဂလန်နိုင်ငံမှ အိုဗရွန်နှင့် တိုင်တေးနီးယားပုံပြင်၊ ပြင်သစ်နိုင်ငံမှ စင်ဒါရဲလားပုံပြင်တို့မှာ ထင်ရှားသော ဒဏ္ဍာရီ ပုံပြင်အချို့ ဖြစ်သည်။

မြန်မာ့ရိုးရာပုံပြင်များကို ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခ ချုပ်ဟောင်း ဒေါက်တာဦးထင်အောင်က ရှာဖွေစုဆောင်း၍ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။ မြန်မာ့ရိုးရာ ပုံပြင်ကောက်နုတ်ချက်စာအုပ်တွင် တိရစ္ဆာန်ပုံပြင်၊ စိတ်ကြည်နူးဖွယ်ရာပုံပြင်၊ အံ့ဩဖွယ်ရာပုံပြင်၊ ရယ်ရွှင်ဖွယ်ရာ ပုံပြင်ဟူ၍ ပိုင်းခြားဖော်ပြထားသည်။ မြန်မာတို့၏ ရိုးရာပုံပြင် များအနက် ရွှေယုန်နှင့် ရွှေကျားပုံပြင်၊ ငလက်မပုံပြင်၊ မောင် ပေါက်ကျိုင်းပုံပြင်၊ မြွေမင်းသားပုံပြင်တို့မှာ ထင်ရှားသောပုံပြင် အချို့ ဖြစ်သည်။

ဒဏ္ဍာရီပုံပြင်တို့သည် များသောအားဖြင့် လူတို့အား သတိ ပေးချက်၊ သွန်သင်ဆုံးမချက် စသော ရည်ရွယ်ချက်များ ပါရှိ သဖြင့် ကလေးသူငယ်များ လေ့လာရန်အတွက် သင့်တော်သော သင်ခဏ်းစာများ ဖြစ်ပေသည်။ ပုံစံအားဖြင့် ယုန်နှင့် လိပ် အကြောင်း ပုံပြင်တွင် လိပ်ထက်အပြေးမြန်သော်လည်း၊ ဝီရိယ ပေါ့၍ လမ်းမှာ တရေးအိပ်မိသဖြင့် ပြေးပွဲ၌ ရှုံးရသည်။ လိပ် ကမူကား ဖြည်းဖြည်းနှင့် မှန်မှန်သွားသဖြင့် ပြေးပွဲ၌ အနိုင် ရသည်။ ထိုကြောင့် ထိုပုံပြင်တွင် ဖြည်းဖြည်းနှင့် မှန်မှန် လုပ် ဆောင်တတ်သူသည် နောက်ဆုံး၌ အောင်ပွဲကို ခံရမည်ဖြစ် ကြောင်း ပြဆိုထားလေသည်။

အချို့သော ဒဏ္ဍာရီပုံပြင်တို့တွင် နတ်များအကြောင်း ဖော်ပြပါရှိသည်။ ပြင်သစ်နိုင်ငံမှ စင်ဒါရဲလား ပုံပြင်မှာ ထင်ရှားသည်။


စင်ဒါရဲလားသည် မိထွေးနှင့် နေရ၍ စားဖိုချောင်တွင် ပင်ပန်းစွာ ချက်ပြုတ် လုပ်ကိုင်ရသည်။ မိမိလောက် ရုပ်အဆင်းမလှသော မိထွေး ဘက်မှ အစ်မတော်များ၏ အငြိုအငြင်ကိုလည်း ခံနေရသည်။ သို့ရာတွင် သူ့အား ကြင်နာသနားသော နတ်သမီးတစ်ပါးက မင်းသားတစ်ပါး၏ ကပွဲသို့ သူများနည်းတူ သွားရောက်နိုင်ရန် ကူညီခဲ့လေသည်။

ဒဏ္ဍာရီပုံပြင်များအပြင် ထုံးဟောင်းပုံပြင်နှင့် သမိုင်းပုံပြင် ဟူ၍လည်း ရိုးရာပုံပြင်များ ရှိလေသည်။ ထုံးဟောင်းပုံပြင်သည် များသောအားဖြင့် ကိုးကွယ်သော အယူဝါဒနှင့် ဆိုင်သည်။ မြန်မာထုံးဟောင်းပုံပြင်များသည် မြန်မာတို့၏ ဓလေ့ထုံးတမ်း များကို ဖော်ပြလေ့ရှိသည်။ ရှေးအခါက မြန်မာတို့သည် ထုံး ဟောင်းပုံပြင်များသည် မြန်မာတို့၏ ဓလေ့ထုံးတမ်းများကို ဖော်ပြလေ့ရှိသည်။ ရှေးအခါက မြန်မာတို့သည် ထုံးဟောင်း ပုံပြင်များကို အထောက်အထားပြု၍ စီရင်ထုံးများကို ဆုံးဖြတ် ရာ၌ပင်လျှင် ကိုးကားခဲ့ကြသည်။ (ထုံးဟောင်း ပုံပြင်--လည်း ရှု။) သမိုင်းပုံပြင်သည် လူတို့၏ တကယ်အဖြစ်အပျက်နှင့် နီးစပ်သောပုံပြင်မျိုး ဖြစ်၍၊ ယုံတမ်းပုံပြင်သက်သက် မဟုတ် ချေ။ သမိုင်းပုံပြင်များတွင် ရှေးအခါက အမှန်တကယ်ပင် အသက်ရှင်ခဲ့သူများ အကြောင်းကို ဖော်ပြလေ့ရှိသည်။ သို့ရာ တွင် များသောအားဖြင့် လူနှင့် နတ်နဂါး စသည်တို့ အတူ တကွ နေထိုင်ကြောင်းကို ပြဆိုသည်။ ပုံစံအားဖြင့် အင်္ဂလိပ် တို့၏ အာသာဘုရင်နှင့် သူရဲကောင်းများပုံပြင်၊ ရော်ဗင်ဟု ပုံပြင်တို့မှာ တကယ် အသက်ရှင်ခဲ့သူများအကြောင်း ဖြစ်သော် လည်း ပါဝင်သော အချက်အလက်အားလုံး မှန်သည်ဟု မဆို သာချေ။ မောင်ပေါက်ကျိုင်းပုံပြင်၊ ပျူစောထီးပုံပြင်တို့သည် မြန်မာတို့အတွက် သမိုင်းပုံပြင် အဖြစ်ဖြင့်သာမက နိုင်ငံသမိုင်း ပညာရပ်အတွက်လည်း အထောက်အပံ့ပြုသော ပုံပြင်အချို့ ဖြစ် သည်။ အခြားသော တိုင်းနိုင်ငံအသီးသီးတို့၌လည်း အလားတူ သမိုင်းပုံပြင်များ ရှိကြသည်။

ယခုအခါ တိုင်းပြည်တစ်ပြည်၏ ထုံးဟောင်းပုံပြင်နှင့် သမိုင်းပုံပြင်များကို စူးစမ်းရှာဖွေ၍ စာအုပ်စာတမ်းများဖြင့် မှတ်တမ်းတင်ထားကြသည့်နည်းတူ ရှေးရိုးတေးသီချင်းများ ကိုလည်း မှတ်တမ်းတင်ထားကြသည်။ ကောက်စိုက်သီချင်း၊ ကောက်ရိတ်သီချင်း၊ ရာသီဘွဲ့သီချင်း၊ ကလေးချော့သီချင်း၊ ငိုချင်းအစရှိသည်ဖြင့် လူမျိုးတစ်မျိုး၏အသက်မွေးမှု၊ နေထိုင်မှု၊ ဓလေ့ထုံးစံတို့ကို ထုတ်ဖော်စပ်ဆိုထားသော ရိုးရာသီချင်းများရှိ ကြသည်။ ထိုကြောင့် လူမျိုးတစ်မျိုး၏ ရိုးရာသီချင်းများကို လေ့လာရခြင်းအားဖြင့် ထိုလူမျိုးနှင့် ဆက်စပ်နေသော သိဖွယ် ရာတို့ကို သိမြင်လာနိုင်ပေသည်။ မြန်မာတို့တွင် ကောက်စိုက်မ သီချင်း၊ ရှေးရိုးဗုံထောက်သံ၊ မောင်းထောင်းသီချင်း အစရှိသည် တို့သည် မြန်မာတို့ကို ထင်ရှားပေါ်လွင်စေသော ရှေးရိုးသီချင်း များ ဖြစ်သည်။ ဥရောပတိုက်ရှိ ဆွစ်ဇာလန်နိုင်ငံသည် တော တောင်ချိုင့်ဝှမ်း ပေါများသော နိုင်ငံဖြစ်၍ ဆွစ်အမျိုးသားတို့၏ ရှေးရိုးသီချင်းများမှာ သိုးကျောင်းသားတို့၏ပြွေသံ၊ တောင်တန်း သားတို့က တောင်ထိပ်တစ်ခုမှ အခြား တောင်ထိပ်သို့ ပေါက် အောင် ဟစ်ကျော်ကျူးရင့်သံတို့ ပေါ်လွင်လျက်ရှိသည်။ ထို နည်းတူ ဗြိတိသျှကျွန်းစုတို့မှ ရှေးရိုးသီချင်းများတွင် အင်္ဂလန် ပြည်သား၊ စကော့တလန်ပြည်သား၊ ဝေလနယ်သား၊ အိုင်ယာ လန်ပြည်သား အသီးသီးတို့၏ ဓလေ့ထုံးစံများ ပေါ်လွင်ထင်ရှား လျက် ရှိသည်။

တိုင်းနိုင်ငံတစ်ခုမှ ရှေးရိုးအကသည် ရှေးတေးသီချင်းများ နှင့် ဆက်စပ်လျက်ရှိသည်။ ရှေးရိုးသီချင်းများသည် အကြောင်း အရာ တစ်ခုခုကို ပုံပြင်သဖွယ် ဖော်ပြနိုင်စွမ်းရှိသကဲ့သို့ ရှေးရိုး အကများသည်လည်း ပုံပြင်တစ်ခုပင် ဖြစ်သည်။ ပုံစံအားဖြင့် ဆွိလူမျိုးတို့၏ အထည်ရက် ရှေးရိုးအကတွင် ဘီသွာလျှော်ခွာ ခြင်းမှအစ အထည်ချော ဖြစ်သည်အထိ အဆင့်ဆင့် သရုပ်ဖော် သော ကကွက်များ ပါဝင်သည်။ ထိုကပွဲ၌ ပါဝင်သူတို့သည် အတန်းလိုက် ရှေ့တိုးနောက်ဆုတ်ဖြင့် လျှော်ခွာပုံကို သရုပ်ဖော် ကြရသည်။ ထိုနောက် ခုန်ပေါက်လှည့် ပတ်လက်ခုပ်တီး၍ ချည်ငင်ပုံကို၎င်း၊ နှစ်ယောက်တစ်တွဲစီ ရှေ့တိုးနောက်ငင်ဖြင့် လွန်းပျံသွားပုံကို၎င်း အကဖြင့် ပြကြသည်။ တစ်ဖန် တိုင်ချည် အထက်အောက် ရွေ့ရှားပုံ၊ ရက်ပြီးအထည်ကို လိပ်ပြီးနောက် မိမိတို့ နေအိမ်သို့ အသီးအသီး ပြန်ကြပုံကို ကဟန်ကကွက် အမျိုးမျိုးဖြင့် သရုပ်ပေါ်အောင် ကပြကြရလေသည်။

မြန်မာ့သဘင်ပညာသည် အထက်ပါ ရှေးရိုးသီချင်းနှင့် ရှေးရိုးအကများမှ တိုးတက်ကြီးပွားလာသည်ဟု ဆိုရပေမည်။ မြန်မာတိုင်းရင်းသားတို့၏ ဘဝသည် ယခုတိုင် စပါးစိုက်ပျိုး ခြင်းနှင့် ဆက်စပ်လျက်ရှိလေရာ စပါးစိုက်ပျိုးခြင်းကိုအကြောင်း ပြု၍ ကောက်စိုက်ချိန်၌၎င်း၊ စပါးရိတ်သိမ်းချိန်၌၎င်း ပျော်ပွဲ ရွှင်ပွဲများကို ကျင်းပမြဲ ဖြစ်လေသည်။ ထိုပျော်ပွဲ ရွှင်ပွဲများ အတွက် တေးသီချင်းများ စပ်ဆိုကြ၏။ သီချင်းသံကို လိုက်၍ ကခုန်ကြ၏။ ဤနည်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆိုင် သော ရှေးရိုးသီချင်းနှင့်အကအခုန်များမှ လက်ရှိ မြန်မာ့သဘင် ပညာ ပေါ်ထွက်လာသည်ဟု ယူဆလိုက်လေသည်။ ထိုပြင် မြန်မာတိုင်းရင်းသားတို့သည် ရှေးအခါကစ၍ ဗုဒ္ဓအယူဝါဒနှင့် ဆက်စပ်လျက်ရှိသော ပွဲတော်များကို ကျင်းပလေ့ရှိခြင်း၊ အလှူ ပေးခြင်း၊ ရှင်ပြုခြင်း၊ နားထွင်းခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပွဲ ကျင်းပခြင်း စသော ပျော်ရွှင်မှုတို့အတွက် စပ်ဆိုသီကုံးသော တေးကဗျာ၊ အကအခုန်တို့သည်လည်း မြန်မာ့သဘင်ပညာ၏ အမြစ်တွင်ရာဟု ဆိုထိုက်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)