ရာဟုဂြိုဟ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရာဟုဂြိုဟ်သည် ကလိင်္ဂတိုင်းသား ဗန္ဓလအနွယ် သီဟိကာ မြေစောင့်နတ်သမီး၏ သားဖြစ်ကြောင်းနှင့် ရာဇမတ္တဏ်၊ ယောဂယာတြာနှစ်ကျမ်းတွင် ဆိုသည်။ ထိုရာဟုဂြိုဟ်သည် ရာသီစက်၌ လှည့်လည်၏ ဆိုသော်လည်း တစ်ပါးဂြိုဟ် ကဲ့သို့ ကောင်းကင်၌ တည်သည်မဟုတ်၊ မြင်းမိုရ်တောင်ခြေရင်း ဖြစ်သော အသုရာပြည်၌ တည်သည်ဖြစ်၍ မြေ၌ ကျက်စားသည်။ ဘုရားသခင်သည် သာဝတ္ထိပြည်ဝယ် စံပယ်တော်မူသော အခါ ရာဟုအသုရိန်သည် မြေမှတက်၍ နေလကို ဖမ်းသည်တွင်၊ နေနတ်သား လနတ်သားတို့က ငါတို့အား ဘုရားသခင်သာ ကိုးကွယ်ရာဖြစ်တော့သည်ဟု ဂါထာရွတ်၏။ထိုအကြောင်း ကို ဘုရားသခင်သည် ဂန္ဓကုဋီတိုက်တော်ကပင် ဒိဗ္ဗသောတဖြင့်ကြားတော်မူ၍၊ အချင်းရာဟု လွှတ်လော့ဟု မိန့်တော်မူလျှင် အသုရိန်လည်း ဖမ်းရာမှ လွှတ်၍ ပြေးလေ၏ဟု သံယုတ္တ နိကာယ် ဒေဝတာသံယုတ်ပါဠိတော်၌ ဟောတော်မူသောအတ္ထုပ္ပတ္တိ၌ လာ၏။

ရာဟုအသုရိန်သည် မည်းနက်သောအဆင်းရှိလျက် ယမ မင်းကဲ့သို့ မထင်ရှားဘဲ မြေပြင်၌ လည်တတ်၏။ ဝရဇိန်နှင့်တူ သော အစွယ်သုံးချောင်းရှိလျက် ကြောက်မက်ဖွယ် ကြမ်းကြုတ် ၏။ ထိုရာဟုသည် တစ်ဆဲ့နှစ်ရာသီစက်၌ ဂြိုဟ်တစ်ပါးတို့၏ သွားခြင်းမှ ဖောက်ပြန်သော သွားခြင်းဖြင့် မိဿ၊ မိန်၊ ကုံ စသော အစဉ်အားဖြင့် လှည့်ပတ်သွားလာသည်။ ရာဟုအသုရိန် ကောင်းကင်၌လှည့်ရာ နေလတို့နှင့် ခရီးကြုံကြိုက်သဖြင့် ဖမ်းခြင်းကိုပင် သဗ္ဗကြတ်၊ ထက်ဝက်ကြတ်၊ သုံးစိတ်ကြတ် ဖမ်းသည်ဟု၎င်း၊ သမသတ်ဖမ်းသည် ဟု၎င်း ဟောပြောလေရှိသည်။

ရာဟုအသုရိန်၏ ကိုယ်ကား အရပ်အားဖြင့် ယူဇနာ လေးထောင့်ရှစ်ရာ ရှိ၏။လက်ကတီးကြားကား ယူဇနာ တစ်ရာ့ နှစ်ဆယ်၊ မောင်းလက်ရုံးအလုံးကား ယူဇနာခြောက်ရာ၊ ဦးခေါင်းကား ယူဇနာကိုးရာ၊ နဖူးပြင်ယူဇနာသုံးရာ မျက်မှောင် အကြား ယူဇနာငါးဆယ်၊ ခံတွင်းအကျယ် ယူဇနာနှစ်ရာ၊ အစောက်ယူဇနာ သုံးရာ၊ နှာခေါင်းယူဇနာ သုံးရာ၊ လက်ဖဝါး ခြေဖဝါးအကျယ် ယူဇနာ ခုနစ်ရာရှိ၏။ ထိုရာဟုသည် နေလ သွားသော လမ်းဖြင့်သွား၍ နေရလထားကို မြင်လျှင်၊ လက်ခြေ ကားလျက် ခံတွင်းကို ဟင်းလင်းဖွင့်၍လိုက်၏။ ထိုအခါ နေဗိမာန်၊ လဗိမာန်၌ စောင့်သောနတ်တို့သည် ယူဇနာသုံးရာ နက်သော နရက်ချောက်ကြီးသို့ ကျအံ့သကဲ့သို့ ဖြစ်၍ အလွန် ကြောက်ကုန်ရကား အခြံအရံနှင့်တကွ တစ်ပြိုင်နက် ငိုကြွေး လျက် ထွက်ပြေးကုန်၏။ ထိုအခါ ရာဟုသည် နေလဗိမာန်ကို ရံခါလည်း လက်ဝါးဖြင့်ဖုံး၏။ ရံခါလည်း မေးအောက်၌ ထား၏။ ရံခါလည်း လျှာဖြင့် လျက်၏။ ရံခါလည်း ပါးစောင် ၌ ထား၏။ ယင်းသို့ ငုံနိုင် ဖုံးလွှမ်းနိုင်သော်လည်း နေလတို့၏ သွားသောအဟုန်ကို မတန့်စေနိုင်။ လိုက်၍သာ ကစားရာ၏။ အကယ်၍ တန့်စေငြားအံ့၊ ပါးစောင်ဖြင့်ငုံသော် ဦးခေါင်းပြတ် ရာ၏။ လက်ဖြင့်တားသော် လက်ဝါးပြတ်ရာ၏။ ဖမ်းလိုရင်းမှာ ဗိမာန်ကိုသာ အရောင်အဝါ လှပသောကြောင့် ကစားခြင်းငှာ ဖမ်းလိုသည်။ ဗိမာန်ဖမ်းလျှင် နတ်သားကိုလည်း ဖမ်းရာကျသည်ဟု သံယုတ်ဋီကာ၌ ပြဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)