မာတိကာသို့ ခုန်သွားရန်

ရာဇဝင်ချုပ်ပထမစောင်

ဝီကီပီးဒီးယား မှ
ရာဇဝင်ချုပ်ပထမစောင်
(1 Chronicles)
ရာဇဝင်ချုပ်ကျမ်း
ကျမ်းရေးသူ ဧဇရ (ခန့်မှန်း)
ရေးသားသည့်ကာလ ဘီစီ ၄၀၀ နောက်ပိုင်း
အမျိုးအစား သမိုင်းနှင့် ဝိညာဉ်ရေးရာ

စံတော်မီ ဝိသေသလက္ခဏာများ

[ပြင်ဆင်ရန်]

မူရင်းဟေဗြဲသမ္မာကျမ်းစာတွင် ရာဇဝင်ချုပ်သည် အကြီးမားဆုံးသော ကျမ်းဖြစ်သည်။ ဟေဗြဲဘာသာစကားဖြင့် ‘Journals’ သို့မဟုတ် “နေ့ရက်ကာလများ၏ စကားတော်” ဟု အနက်ရသည်။ ဂရိကျမ်းမူ (LXX) တွင် Paralipomena ဟုခေါ်ဆိုပြီး “မြှုပ်ကွက်” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဂျရုမ်း (Jerome) ၏ လက်တင်ဗားဂိတ် (Latin Vulgate) မှတစ်ဆင့် အင်္ဂလိပ်ဝေါဟာရသို့ ယခုကဲ့သို့ ပြန်ဆိုခြင်းဖြစ်သည်။

ရာဇဝင်ချုပ်ပထမစောင်သည် ဓမ္မရာဇဝင်ပထမစောင်နှင့် ဒုတိယစောင်ကို အကျဉ်းချုံး ပြန်လည်အတည်ပြုခြင်း ဖြစ်သည်။ ဓမ္မရာဇဝင်ကျမ်းများသည် သမိုင်းအဖြစ်အပျက် ရှုထောင့်ဖြင့် ရေးသားပြီး ရာဇဝင်ချုပ်သည် ဝိညာဉ်ရေးရာမျက်စိဖြင့် ရေးသားခြင်းဖြစ်သည်။ ဤရာဇဝင်ချုပ်တွင် ဒါဝိဒ်မင်းနှင့် လက်ထောက်များ၏ ဗိမာန်တော်အမှုကို အထင်အရှားတွေ့ရမည်။ ယေရုရှလင်မြို့တော်သို့ ပဋိညာဉ်သေတ္တာ သယ်ဆောင်ခြင်း၊ ဗိမာန်တော်ဆောက်လုပ်ရန် ကြိုးပမ်းခြင်းနှင့် အခြားယုဒမင်းကောင်းမင်းမြတ်များအကြောင်းကို ဖတ်ရှုရမည်ဖြစ်သည်။ ဒါဝိဒ်မင်းလက်ထက်တွင် မြောက်ပိုင်းနိုင်ငံဟူ၍ သီးသန့်မရှိသေးပါ။

ရာဇဝင်ချုပ်တွင် အာနုန်၊ အဗရှလုံ၊ အဒေါနိယနှင့် ရှောလမုန်တို့၏ အမည်အချို့ကို တွေ့ရမည်မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်ရေးရာနှင့် တိုက်ရိုက်မသက်ဆိုင်သော သမိုင်းစဉ်များကို အချိန်ကုန်ခံ၍ အချည်းနှီး ထပ်ကျော့ခြင်းမပြုဟု နားလည်ရသည်။ ဝီလျံကယ်လီ (William Kelly) က ရာဇဝင်ချုပ်သည် ဝိညာဉ်တော်တန်ခိုး မှုတ်သွင်းထားသော စာအုပ်များဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရာဇဝင်ချုပ်စာစောင်များသည် သမိုင်းမှတ်တမ်းသက်သက်မဟုတ်ဘဲ ကမ္ဘာဦး အာဒံမှစ၍ ဣသရေလလူများ ဗာဗုလုံကျွန်ဘဝမှ ပြည်တော်ပြန်ရသည့် ကာလအထိ ဓမ္မမှတ်တမ်းဖြစ်သည်။

ကျမ်းရေးသူ

[ပြင်ဆင်ရန်]

ကျမ်းပညာရှင်အများစုက ကျမ်းရေးသူမှာ ဧဇရ ဖြစ်သည်ဟု ကောက်ယူကြသည်။ အကြောင်းမှာ ရာဇဝင်ချုပ် ဒုတိယစောင်၏ နောက်ဆုံးကျမ်းပိုဒ်ငယ် (၂) ခုသည် ဧဇရမှတ်စာ၏ ပထမဆုံးကျမ်းပိုဒ်ငယ် (၂) ခုနှင့် တူညီနေသောကြောင့်ဖြစ်သည်။ စာရေးသားဟန်လည်း အလွန်တူညီသည်။ ကျမ်းရေးသူသည် ခေတ်ပြိုင်ကာလတွင် ပေါ်ထွန်းသော အချက်အလက်များကို ကိုးကားထားသည်။ ကိုးကားထားသော စာစောင်များမှာ-

  1. ရှုမြင်ရသောသူ ရှမွေလ၏စာ (၁ ရာ ၂၉:၂၉)
  2. ပရောဖက် နာသန်၏စာ (၁ ရာ ၂၉:၂၉)
  3. ရှုမြင်ရသောသူ ဂဒ်၏စာ (၁ ရာ ၂၉:၂၉)
  4. ရှိလောမြို့သား အဟိယ၏ ပရောဖက်ပြုချက် (၂ ရာ ၉:၂၉)
  5. ရှုမြင်ရသောသူ ဣဒေါ၏ ရူပါရုံများ (၂ ရာ ၉:၂၉၊ ၁၂:၁၅၊ ၁၃:၂၂)
  6. ပရောဖက် ရှေမာယ၏စာ (၂ ရာ ၁၂:၁၅)
  7. ဣသရေလနှင့် ယုဒရာဇဝင်ချုပ် (၂ ရာ ၁၆:၁၁၊ ၂၀:၃၄၊ ၂၇:၇)
  8. ပရောဖက် ဟေရှာယ၏ ရူပါရုံ (၂ ရာ ၂၆:၂၂၊ ၃၂:၃၂)

အချိန်ကာလ

[ပြင်ဆင်ရန်]

ဣသရေလတို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက်ပိုင်းတွင် ရေးသားခြင်းဖြစ်သည်။ ဆွေမျိုးစဉ်ဆက် ရေတွက်ပုံများအရ ဤကျမ်းသည် ဘီစီ ၄၀၀ နောက်ပိုင်းတွင် ရေးသားခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ ရာဇဝင်ချုပ်သည် ဓမ္မဟောင်းကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သော မာလခိကျမ်းရေးသည့် ကာလနှင့် နီးစပ်သည်။

နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

ကျမ်းရေးသည့်ကာလတွင် ရှင်ဘုရင်အုပ်စိုးမှုစနစ် မှေးမှိန်သွားသော်လည်း ဗိမာန်တော်ကို ဝိညာဉ်ရေးရာဂေဟာအဖြစ် ဝိုင်းအုံစုဖွဲ့နေကြသည်။ ဒဗလျူ ဂရေဟမ် စခရော့ဂီ (W. Graham Scroggie) က "ဝတ်ပြုကိုးကွယ်ခြင်း ထုံးနည်းနာများ အသားပေးထားသည်။ ဗိမာန်တော်သည် ဝတ်ပြုရာ၊ ယဇ်ပုရောဟိတ်များ၊ လေဝိသားများ၊ အဆိုတော်များ၏ နေရာဖြစ်လာသည်" ဟု ဆိုသည်။

ပါဝင်သည့် အချက်အလက်များ

[ပြင်ဆင်ရန်]

၁။ မျိုးရိုးစဉ်လာ (အခန်း ၁–၉)

[ပြင်ဆင်ရန်]
  • (က) အာဒံမှ အာဗြဟံသို့ (၁:၁-၂၇)
  • (ခ) အာဗြဟံမှ ဣသရေလသို့ (၁:၂၈-၅၄)
  • (ဂ) ဣသရေလ ဘိုးဘေးများ (အခန်း ၂-၈)
  • (ဃ) ဖမ်းဆီးခံရာမှ ပြန်လာကြသူများ (၉:၁-၃၄)
  • (င) ရှောလု၏ မျိုးရိုးစဉ်ဆက် (၉:၃၅-၄၄)

၂။ ရှောလု သေဆုံးခြင်း (အခန်း ၁၀)

[ပြင်ဆင်ရန်]

၃။ ဒါဝိဒ် နန်းစံခြင်း (အခန်း ၁၁–၂၉)

[ပြင်ဆင်ရန်]
  • (က) ဒါဝိဒ်၏ စစ်တပ် (အခန်း ၁၁-၁၂)
  • (ခ) ယေရုရှလင်သို့ ပဋိညာဉ်သေတ္တာ သယ်ဆောင်ခြင်း (အခန်း ၁၃-၁၆)
  • (ဂ) ဗိမာန်တော် တည်ဆောက်လိုခြင်းနှင့် ဘုရားသခင်၏ အဖြေစကား (အခန်း ၁၇)
  • (ဃ) ဒါဝိဒ်၏ အောင်နိုင်မှုများ (အခန်း ၁၈-၂၀)
  • (င) သန်းခေါင်စာရင်း၏ အကျိုးဆက် ကာလနာရောဂါ (အခန်း ၂၁)
  • (စ) ဗိမာန်တော်ဆောက်လုပ်ရန် ပြင်ဆင်ခြင်း (အခန်း ၂၂-၂၆)
  • (ဆ) စစ်ဘက်၊ နယ်ဘက် ခေါင်းဆောင်များ (အခန်း ၂၇)
  • (ဇ) ဒါဝိဒ်၏ နောက်ဆုံးနေ့ရက်များ (အခန်း ၂၈၊ ၂၉)

ကိုးကား

[ပြင်ဆင်ရန်]