ရပ် ဝါလဒို အီမာဆန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Ralph Waldo Emerson ca1857.jpg

ရပ်ဝါလဒို အီမာဆန်သည် အမေရိကန်စာရေးဆရာ ပညာရှိကြီး တစ်ဦးဖြစ်သည်။ ငယ်စဉ်ကပင် တစ်ကိုယ်တည်း လွတ်လပ်စွာ နေထိုင်၍ မိမိကိုယ်ကို မိမိယုံကြည် အားကိုးသူ တစ်ယောက် ဖြစ်၏။ အီမာဆန်သည် သူများယုံကြည်တိုင်း သူလိုက်၍ မယုံကြည်၊ သူများ လုပ်တိုင်းလည်း သူလိုက်၍ မလုပ်။ သူ့စိတ်နှင့်သူကိုယ် ဖာသာလဝါ နေခဲ့သူဖြစ်၏။ အီမာဆန်သည် ၁၈ဝ၃ ခုနှစ်တွင် ဗော့စတန်မြို့၌ မွေးဖွား၍ အသက် ရှစ်နှစ်အရွယ်တွင် ဖခင်ဆုံးသွားရာ ဆင်းရဲ ငြိုငြင်စွာ နေခဲ့ရသည်။ ၁၈၁၇ ခုနှစ်တွင် ဟားဗတ်ကောလိပ်ကျောင်းသို့ သွားရောက်ပညာ သင်ကြားပြီးလျှင် သူ့အစ်ကို၏ ကျောင်း၌ ကျောင်းဆရာလုပ်နေခဲ့၏။ အီမာဆန်သည် စိတ်အေးလက်အေး နေတတ်သူ ဖြစ်ရာ သူတစ်ပါးကိုလည်း ဒုက္ခမပေး၊ ဝင့်ဝါ မောက်ကြွားခြင်းလည်း မရှိချေ။ ကျောင်းတွင် မိန်းခလေးများ ကို စာပြရလေရာ အီမာဆန်ကဲ့သို့ ရှက်တတ်သူ အဖို့ အလွန် ပင် စိတ်မချမ်းသာစရာ ဖြစ်ခဲ့လေသည်။ ထိုစဉ်က အီမာဆန် မှာ အသက် ၁၉ နှစ်သာ ရှိသေး၏။ ကျောင်းဆရာလုပ်ရသည် ကို သူသည် တရွေ့ရွေ့ ငြီးငွေ့လာလေသည်။ အီမာဆန်၏ ဘေးဘိုးမျိုးရိုးစဉ်ဆက်မှာ သာသနာ့ဝန်ထမ်း များဖြစ်ကြ၍ ရောင့်ရဲတင်းတိမ်နိုင်သော သူတော်ကောင်းများ ဖြစ်ကြသည်။ ထိုစိတ်ဓာတ်သည် အီမာဆန်၌ ကိန်းဝပ်နေလေ သည်။ ကျောင်းဆရာ လုပ်ရာမှ ထွက်၍ သူသည် ဘေးဘိုးစဉ် ဆက်က လုပ်ခဲ့သော သာသနာ့ဝန်ထမ်းအလုပ်ကို ၁၈၂၉ ခုနှစ် တွင် စတင်လုပ်ခဲ့၏။ အီမာဆန်သည် သူ့ဝါဒနှင့်သူ နေသူ ဖြစ်၏။ သာသနာ့ဝန်ထမ်းလုပ်ရာ၌လည်း ဝတ်ကျောင်း ဥပဒေစည်းကမ်းများက များပြားလှသဖြင့် အေးအေးနှင့် ကိုယ်ထင်ရာကိုယ်လုပ်လိုသူ အီမာဆန်အဖို့ စိတ်ကြိုက် မတွေ့ချေ။ အပေါ်ယံအားဖြင့် တည်ကြည် ငြိမ်သက်ဟန်ရှိသော အီမာဆန်၏ စိတ်သည် စင်စစ် အားဖြင့် အမြဲတွေးဆ ကြံစည်ကာ လူတို့စိတ်ချလက်ချ ယုံကြည်နေကြသည့် အယူ အဆများကို အမြဲတော်လှန် နေခဲ့လေသည်။ ထိုကြောင့် သာသနာ့ဝန်ထမ်း အလုပ်နှင့်လည်း သူ့အဖို့ သင့်တော်မည် မထင်၍ သုံးနှစ်အကြာတွင် နုတ်ထွက်လိုက်လေသည်။ အီမာဆန်သည် မိမိ၏အတွေးနှင့် မိမိ မည်သည့်အရာကို တိတိကျကျ မတွေ့ရပဲ တွေဝေ၍သာနေခဲ့ရာ ၁၈၃၂ ခုနှစ်တွင် ဇနီးသည် အနိစ္စရောက်ပြန်သဖြင့် စိတ်ချုံးကာ မကျန်းမမာ ဖြစ်လေသည်။ ထိုကြောင့် ကျန်းမာရေးအတွက် ဥရောပတစ်ခွင် သို့ သွားရောက်လည်ပတ်ကာ သူ့ကိုယ်သူ ကုစားလေသည်။ ယင်းသို့ ခရီးလှည့်လည်လိုက်သဖြင့် အီမာဆန်မှာ များစွာ အကျိုးထူးခဲ့လေသည်။ ဥရောပနှင့်အင်္ဂလန်ရှိ နာမည်ကြီး စာရေးဆရာများနှင့်လည်းကောင်း၊ ပညာရှိများနှင့်လည်းကောင်း တွေ့ကြုံ၍ မိတ်ဖြစ်ခဲ့လေသည်။ မိတ်ဆွေ အပေါင်းတွင် အင်္ဂလိပ် စာရေးဆရာကြီး တောမတ်ကာလိုင်းနှင့် များစွာ အကျွမ်းဝင်ခဲ့၍ အသက်ထက်ဆုံး မိတ်ဆွေအဖြစ် ပေါင်းသင်း သွားနိုင်ခဲ့လေသည်။ ဥရောပမှ ပြန်လာပြီးနောက် ၁၈၁၅ ခုနှစ် တွင် လစ်ဒီယား ဆိုသူနှင့် ဒုတိယအကြိမ် အိမ်ထောင်ထူကာ ကွန်ကော့မြို့ လက်ဇင်းတန်လမ်းပေါ်ရှိ အိမ်ကလေး၌ အတည် တကျ နေထိုင်လေသည်။ အီမာဆန်သည် လူ့လောကနှင့် မစပ်မဘက်ပဲ အမြဲပင် ဖဲကြဉ်နေသကဲ့သို့ ရှိလေသည်။ သူတစ်ယောက်တည်း လွတ်လပ်စွာ တွေးတောယူဆနေခြင်းကို နှစ်သက်သဖြင့် နောက်ဆုံး၌ သူ့အဖို့ အသင့်လျော်ဆုံးသော အလုပ်မှာ စာရေးဆရာအလုပ်ပင် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်လေသည်။ ဆောင်းတွင်းချိန်အခါတွင် အီမာဆန်သည် သူ့ဝါဒအယူအဆ များကို ဟောပြော၍ နွေရာသီတွင် စာရေးလေသည်။ ဗော့စတန်နှင့် ဟားဗတ်တွင် မကြာခဏ ဟောပြောပွဲများ ကျင်းပသည်။ ၁၈၃၆ ခုနှစ်တွင် အီမာဆန်သည် သူရေးသည့် သဘာဝဟု အမည်ပေးထားသော စာအုပ်ကို ထုတ်ဝေသည်။ ထိုစာအုပ်သည် တစ်ဦးတစ်ယောက်တည်း၏ လွတ်လပ်ရေး များကို ရေးသားထားလေသည်။ အီမာဆန်သည် စာမွန်များကိုလည်း ရေးသာခဲ့ရာ တစ် ကိုယ်တည်းနေယင်း အပေါင်းအသင်းများ ရှိသကဲ့သို့ စိတ် ချမ်းသာစေနိုင်ခြင်းဟူသော စာအုပ်မှာ နာမည်အကြီးဆုံး ဖြစ်လေသည်။ ၁၈၄ဝ ပြည့်နှစ်တွင် ဒိုယ်ယယ်ခေါ် လစဉ် မဂ္ဂဇင်း၌ ဆောင်းပါးများကို ရေး၍ အယ်ဒီတာအဖြစ်ဖြင့်လည်း ဆောင်ရွက်ခဲ့လေသည်။ ၁၈၄၆ ခုနှစ်တွင် အင်္ဂလန်သို့သွား၍ ပလေးတို၊ မွန်တိန်း၊ ရှိတ်စပီးယား၊ နပိုလီယန် စသည့်ပုဂ္ဂိုလ် ကျော်များ အကြောင်းကို လှည့်လည်ဟောပြောခဲ့လေသည်။ ထိုဟောပြောချက်များကို ၁၈၅ဝ ပြည့်နှစ်တွင် စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ ၁၈၅၆ ခုနှစ်တွင် အင်္ဂလန်ပြည်၌ မြင်တွေ့သည့် အကြောင်းများကို အင်္ဂလိပ်တို့၏ ဓလေ့များ ဟူသော အမည်နှင့် စာအုပ်တစ်အုပ် ရေးခဲ့လေသည်။ အီမာဆန်၏ အရေးအသားများကို အစီအစဉ် မရှိဟု ဝေဖန်ပြောဆိုကြလေသည်။ အီမာဆန်သည် စာရေးရာတွင် စီစဉ်ခြင်း၊ သူ့နေရာနှင့်သူ ခန်ခွဲထားခြင်းမရှိ၊ သူ၏စိတ်ထဲ၌ ပေါ်လာသလို ရေးတတ် လေသည်။ အီမာဆန် စာရေးပုံရေးနည်းမှာ စကားတိုတိုနှင့် အဓိပ္ပါယ် အများဆုံးပါအောင် ရေးတတ်လေသည်။ သူ၏ စကားလုံး များမှာ သူ၏စိတ်ကူးဉာဏ်ဖြင့် အရောင်တင်ထားသည်ကို တွေ့ရသည်။ အီမာဆန်သည် အမှန် တရားကို ပေါ်လွင်အောင် ရေးခြင်း ဖြစ်လေသည်။ ဘုရားသခင်သည် လူတိုင်း၏ အတွင်း၌ ကိန်းအောင်း သည်ဟူသောစကားမှာ အီမာဆန်၏ အယူဝါဒ အချုပ်အခြာ ဖြစ်သည်။ ဘုရားသခင်ကို ရှာလိုလျှင် အခြား၌ မရှာရ၊ မိမိ၏စိတ်တွင်း နှလုံးတွင်း၌ ရှာရမည်ဟု အီမာဆန်က ဆို၏။ မိမိကိုယ်ကို မိမိအမှီပြုရန် အားကိုးရန်လည်း ဟောပြောခဲ့၏။ အီမာဆန်၏ ဝါဒမှာ သူတစ်ပါး ပြောစကားကိုလည်း မယုံနှင့်၊ ဂရုလည်း မစိုက်နှင့်၊ သူများပြောသည့်အတိုင်း အလျင်စလို မလုပ်နှင့်၊ မတွေးနှင့်ဟူ၍ ဖြစ်သည်။ အီမာဆန်၏ အတွေး အဆ အယူဝါဒ စိတ်သဘောအခြေတို့မှာ သူရေးသားသော စာအုပ်များတွင် ထင်ရှားစွာ ပေါ်လွင်နေပေသည်။ အီမာဆန်သည် အသက်အရွယ် ကြီးရင့်လာသောအခါ ရသေ့ရဟန်းများကဲ့သို့ ဣန္ဒြေကို ဆောင်၏။ အစဉ်သဖြင့်ကား မျက်နှာမှာ ပြုံးရောင်သန်းနေ၏။ သို့ရာတွင် အလွန်လျှင် ရယ်ခဲ၏။ ကြင်နာသနားတတ်၍ ဝတ်တရားကျေပြွန်သူ တစ်ဦးဖြစ်သဖြင့် လူချစ်လူခင်လည်း ပေါများပေသည်။ ၁၈၇၂ ခုနှစ်တွင် သူနေသောအိမ် မီးလောင်သွားသဖြင့် အီမာဆန်မှာ အတော်စိတ်ထိခိုက်သွား၏။ သို့ရာတွင် လူအများ၏ ကူညီမစမှု ကြောင့် ပြန်လည်ထူထောင်နိုင်ခဲ့၏။ ၁၈၈၂ ခုနှစ်တွင် အီမာ ဆန်ကွယ်လွန်၍ သူ့အလောင်းကို နသန္နီယယ် ဟောသွန်း၏ ဂူအနီး၌ ကောင်းမွန်စွာ မြှပ်နှံသင်္ဂြိုဟ်ကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)