မာတိကာသို့ ခုန်သွားရန်

ရထား

ဝီကီပီးဒီးယား မှ

ရှေးအခါက လူတို့သည် ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့လိုလျှင် မိမိတို့ ကိုယ်တိုင် ခေါင်းပေါ် ၌ ရွက်၍ဖြစ်စေ၊ ကျောပေါ်၌ သယ်ပိုး၍ဖြစ်စေ ပြောင်းကြရွေ့ ကြရသည်။ ထိုနောက် လေးလံသော ပစ္စည်းများကို သယ် ယူရာ၌ အောက်တွင် သစ်တုံးများကို အခုအခံပြု၍ ထမ်းပိုး တန်းဖြင့် လူကိုယ်တိုင် ဆွဲငင်ပြောင်းရွေ့ကြသည်။ ထိုမှ တစ်ဆင့် ခွေး၊ နွား၊ မြည်းတို့ကို ယဉ်အောင် လေ့ကျင့်ပေးပြီးလျှင် ပစ္စည်းများကို ပြောင်းရွေ့ရာ၌ အသုံးပြုလာကြသည်။

ရှေးနှစ်ပေါင်း ၉ဝဝဝ ခန့်လောက်က မြေထဲပင်လယ် အရှေ့ပိုင်းဒေသ၌ နေထိုင်သူတို့သည် ယာဉ်ရထားတွင် တပ်ဆင် ရသောဘီးကို တီထွင်ခဲ့ကြသည်ဟု ခန့်မှန်းကြ၏။ အစအဦး တွင် သစ်ပင်လုံးကို ကန့်လန့်ဖြတ်ထားသော သစ်ပြားဝိုင်းကို ဘီးအဖြစ် အသုံးပြုကြသည်။ ဘီးကို တီထွင်လိုက်သည်နှင့် လူတို့သည် တိရစ္ဆာန်ဆွဲယာဉ်အမျိုးမျိုးကို ပြုလုပ်လာကြလေ သည်။ ဘီစီ ၂၁ဝဝ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ ဗက်ဗီလုံ လူမျိုးတို့သည် စစ်တိုက်ရာ၌ မြင်းကို အသုံးပြုကြောင်း သိရသည်။ ထို့နောက် နှစ်ပေါင်း ၄ဝဝ ခန့် ကြာသောအခါ အီဂျစ်ပြည် ဖဲရိုးဘုရင်တို့တွင် မြင်းဆွဲရသော နှစ်ဘီးတပ်စစ်ရထား များ ရှိကြောင်းကို၎င်း၊ အဆီးရီးယန်းလူမျိုး၊ ပါရှင်းလူမျိုးတို့သည်လည်း စစ်ချီရာ၌ နှစ်ဘီးတပ် စစ်ရထားများကို အသုံးပြုကြောင်းကို၎င်း သိရသည်။ ဂရိလူမျိုးနှင့် ရောမလူမျိုးတို့တွင် လည်း ထိုရထားမျိုး ရှိခဲ့ကြလေသည်။

ဥရောပတိုက်တွင် အလယ်ခေတ်က ယောက်ျားတို့သည် မြင်းစီး၍ ခရီးသွားကြရသည်။ ခရီးလမ်း မကောင်းသောကြောင့် သော်လည်းကောင်း၊ သူခိုးလူဆိုးတို့၏ ရန်ကို ကြောက်ရသောကြောင့်သော်လည်းကောင်း အစုအသင်းဖွဲ့၍ သွားလာခဲ့ကြရသည်။ ထိုအခါက အမျိုးသမီးများသည် ခရီးသွားခဲသည်။ ၁၆၃၁ ခုနှစ်သို့ ရောက်သောအခါ အင်္ဂလန်ပြည် လန်ဒန်မြို့ရှိ လမ်းကျဉ်းများပေါ်တွင် မြင်းရထားများ ပေါ်လာသည်။ ထိုနောက် တစ်မြို့မှတစ်မြို့သို့ ခရီးသည်တင် မြင်းရထားများဖြင့် သွားလာကြသည်။ ထိုအခါက ဒိုဗာမြို့မှ မိုင် ၆ဝ နီးပါးမျှ ဝေးသော လန်ဒန်မြို့သို့ မြင်းရထားဖြင့် သုံးရက်နှင့် ရောက်နိုင်ကြောင်းကို သတင်းထူးအဖြစ် ဖော်ပြခဲ့ဖူးသည်။ ယခုအခါ သယ်ယူပို့ဆောင်ရေးဘက်တွင် ခေတ်မီ ယာဉ်အမျိုးမျိုးဖြင့် တိုးတက်လျက်ရှိရာ၊ မြင်းရထားများကို လယ်ယာစိုက်ပျိုး လုပ်ကိုင်သူတို့ကသာ အသုံးများကြသည်။ ထို့ပြင် ဘုရင်များ မင်းခမ်းမင်းနားဖြင့် ထွက်သည့်အခါ၌သာ ရှေးအစဉ်အလာအရ မြင်းဆွဲသည့် ရထားဖြင့် စီးနင်းလိုက်ပါလေ့ ရှိကြသည်။

မြောက်အမေရိကတိုက်သို့ နယ်သစ်တည်ရန် ရောက်လာသူတို့အတွက် အခက်ခဲဆုံးပြဿနာမှာ သယ်ယူပို့ဆောင်ရေးပင် ဖြစ်သည်။ ထို့ကြောင့် အစအဦးတွင် ကုန်းတွင်းပိုင်းသို့ သွားလိုသူများသည် ခြေလျင်သော်လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်း သွားကြရသည်။ ၁၆ ရာစုနှစ်အတွင်း၌ ခြေလျင်လမ်းများကို ချဲ့ထွင်လိုက်ကြသဖြင့် နွား၊ မြင်းတို့ ဆွဲသော ဘီးတပ်လှည်းများကို အသုံးပြုလာကြလေသည်။ ၁၇ ရာစုနှစ်အတွင်းသို့ ရောက်သောအခါ လမ်းများမှာ ပို၍ကောင်းလာသဖြင့် နယူးယော့ကဲ့သို့သော မြို့ကြီးများ၌ အငှားမြင်းရထားများ ပေါ်ပေါက်ခဲ့လေသည်။ တစ်ဖန် ၁၈ ရာစုနှစ်အတွင်း၌ မြောက်အမေရိကတိုက်တွင် တစ်မြို့မှ တစ်မြို့သို့ ခရီးသည်တင် မြင်းရထားများဖြင့် သွားလာခဲ့ကြသည်။ နယူးယော့မြို့၌ နှစ်ထပ်မြင်းရထားများကိုပင် တီထွင် အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း မြင်းနှင့် မြင်းရထားတို့သည် စစ်ရေး စစ်ရာ၌သော်လည်းကောင်း၊ မင်းခမ်းမင်းနား၌သော်လည်းကောင်း၊ ကူးသန်းသွားရာ ရေး၌သော်လည်းကောင်း အထူးပင် အရေးပါခဲ့လေသည်။ မင်းတုန်းမင်း ကျောက်တော်ကြီးဘုရားသို့ ထွက်သော တပ်ထွက်အခမ်းအနားကို ကြည့်လျှင် စစ်ရထားကို ရုပ်ပြသဘောလောက်ပါရှိကြောင်း တွေ့ရပေသည်။ ရှေးအခါက စစ်တပ်ဖွဲ့ရာတွင် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်ဟူ၍ စစ်အင်္ဂါလေးပါးရှိသည်။ သို့သော် မြန်မာစစ်အင်္ဂါလေးပါးတွင် ရထားတပ်အစား လှေ သင်္ဘောတပ် ပါလာသည်။ မြန်မာမင်းများလက်ထက်တော် အခါက ပြာသိုလတွင် သေနင်္ဂဗျူဟာ အခမ်းအနားတစ်ရပ် ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင်ကျင်းပရိုး ရှိလေသည်။ ( ဆဲ့နှစ်ရာသီပွဲတော်များ ။ မြင်းခင်းသဘင် ။)

စာဆိုတော် ဘုရင် နတ်သျှင်နောင်ကလည်း ယခုကာလ ပိုလိုရိုက်ကစားနည်းနှင့်တူသော ကုလီသဘင် ကစားခြင်း အကြောင်းကို စပ်ဆိုဖော်ပြခဲ့လေသည်။ မြန်မာမင်းတို့သည် ထိုနည်းအားဖြင့် မင်းညီမင်းသားမှစ၍ မင်းမှုထမ်းတို့ကို မြင်းစီအတတ်၌ ကျွမ်းကျင်စေသည်။

မဟာဇနကဇာတ်တော်တွင် မှူးမတ်တို့သည် ပေါလဇနက မင်း၏ သမီးတော်သဝလိဒေဝီ မင်းသမီးနှင့် ထိုက်တန်ရာကို ရှာကြံ၍ မရနိုင်ကြလတ်သော်၊ မင်းလောင်းရှိရာသို့ အဓိဋ္ဌာန် ဖြင့် ဖုတ်သွင်းရထား လွှတ်ကြောင်းကို ထိုအခါ အမတ်ပုရော ဟိတ်တို့သည် မြို့၌ ပြုရာသမျှ အလုံးစုံကို သုတ်သင်ခင်းကျင်း ၍ တန်ဆာဆင်စေပြီးသော် မင်္ဂလာရှိသော ရထား၌ ထူးမြတ် ဆန်းကြယ်စွာ မင်းနေရာအခင်းနှင့် မင်းမြေ|ာက် တန်ဆာငါးပါး ကို တည်ထားခင်းကျင်းကြလျက် ကုမုဒြာကြာပွင့်အဆင်းကဲ့သို့ အဆင်းရှိသော စိုင်လျော် ရွှေမွေး မြင်းလေးစီးတို့ကို ကြိုးက တန်ဆာကောင်းစွာ ဆင်၍ တညီတစဉ်တည်း ရထား၌ ကပြီး လျှင် ရှေ့တူရှုလမ်းကိုသာ လွှတ်၍ လက်ယာလက်ဝဲ ရှေ့နောက် ဝန်းကျင်တို့၌ ဆင်၊ မြင်း၊ ရထား၊ ခြေသည် စစ်အင်္ဂါ လေးပါး ဝန်းရံလျက်.ဤသို့ အလုံးစုံ ခင်းကျင်းပြီးလျှင် ပုရောဟိတ် ပုဏ္ဏားသည် ရွှေကရားဖြင့် ရထားအဖွဲ့ အစပ်တို့ကို၎င်း၊ ရထား ဦးကို၎င်း၊ ရွှေနှင်တံကို၎င်း ရေစင်ဖျန်းလျက် ဤပြည်စည်းစိမ် ကို ခံထိုက်သော ဘုန်းတန်ခိုးရှင်သည် အကြင်အရပ်၌ ရှိအံ့၊ ထိုမင်းလောင်းရှိရာသို့ ဤရထား သွားစေသတည်းဟု ဓိဋ္ဌာန် ခြင်းနှင့်တကွ အဘိသိက်မြောက်ပြီးသော် ဖုဿရထားကို လွှတ် ကြလေ၏။ ဟူ၍ ဖော်ပြပါရှိသည်ကို ထောက်သော် မြတ်စွာ ဘုရား အလောင်းတော်ဇနကမင်းလက်ထက်တွင် မြင်းကသော ရထားသည် ထီးသုံးနန်းသုံးယာဉ်အဖြစ် မင်းခမ်းမင်းနား၌ အရေးပါလျက်ရှိကြောင်း သိနိုင်လေသည်။

မော်တော်ကား မီးရထား စသော စက်တပ်ယာဉ်များ မပေါ်မီ ခေတ်မှစ၍ မြန်မာနိုင်ငံတွင်း၌ တစ်မြို့မှ တစ်မြို့သို့ ၎င်း၊ မြို့တွင်း တစ်နေရာမှ တစ်နေရာသို့၎င်း မြင်းရထားကို အငှားယာဉ်အဖြစ် အသုံးပြုခဲ့ကြ သည်။ ပစ္စည်းကြွယ်ဝချမ်းသာ သူတို့ကလည်း ကိုယ်ပိုင်မြင်းရထားဖြင့် သွားလာလေ့ရှိကြသည်။ မော်တော် ကား၊ မီးရထားစသော စက်တပ်ယာဉ်များ ရောက်ရှိ လာသောအခါ မြင်းရထားကို ခရီးတိုအတွက် အသုံးပြုကြလေ သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မော်တော်ကား၊ မီးရထားဖြင့် သွားလာရေးမှာ ရပ်ဆိုင်းကုန်သောကြောင့် ခရီးဝေးကိုပင် မြင်း ရထားဖြင့် တစ်မြို့မှ တစ်မြို့သို့ ဆက်၍ ဆက်၍ သွားလာခဲ့ကြ ရလေသည်။ မြန်မာနိုင်ငံနယ်ဘက်တွင် ယနေ့ထက်တိုင် တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာရေးအတွက် မြင်း ရထားကို အားကိုးတစ်ခု ပြုနေရဆဲ ဖြစ်ကြလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)