ရထဝိနီတသုတ်

ဝီကီပီးဒီးယား မှ

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရသည်— ့အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဘုရားလောင်းဖွားတော်မူရာအရပ်၌ နေလေ့ရှိကုန်သော များစွာသော ရဟန်းတို့သည် ဘုရားလောင်းဖွားတော်မူရာအရပ်၌ ဝါကျွတ်ကြကုန်လျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်၍ ရိုသေစွာ ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—

ရဟန်းတို့ “မိမိလည်း အလိုနည်း၏၊ အလိုနည်းခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အားပြောဟောတတ်၏။ မိမိလည်း ရောင့်ရဲ၏၊ ရောင့်ရဲခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်း ကင်းဆိတ်၏၊ ကင်းဆိတ်ခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အားပြောဟောတတ်၏။ မိမိလည်း မရောနှော၊ မရောနှောခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အားပြောဟောတတ်၏။ မိမိလည်း လုံ့လအားထုတ်၏၊ လုံ့လအားထုတ်ခြင်း၏ ကျေးဇူးစကားကိုလည်းရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်း အကျင့်သီလနှင့် ပြည့်စုံ၏၊ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ကျေးဇူးစကားကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံ၏၊ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်း ပညာနှင့် ပြည့်စုံ၏၊ ပညာနှင့် ပြည့်စုံခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်း လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’နှင့် ပြည့်စုံ၏၊ လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’နှင့် ပြည့်စုံခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ မိမိလည်းလွတ်မြောက်ခြင်း ဝိမုတ္တိကို သိမြင်ခြင်း ‘ဝိမုတ္တိဉာဏဒဿန’နှင့် ပြည့်စုံ၏၊ လွတ်မြောက်ခြင်းဝိမုတ္တိကိုသိမြင်ခြင်း ‘ဝိမုတ္တိဉာဏဒဿန’နှင့် ပြည့်စုံခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အားပြောဟောတတ်၏။ သီတင်းသုံးဖော်တို့ကို ဆုံးမ တတ်၏၊ အထူးသိစေတတ်၏၊ ကောင်းစွာ ပြတတ်၏၊ ကောင်းစွာ ဆောက်တည်စေတတ်၏၊ ကောင်းစွာ အားထုတ်စေတတ်၏၊ ကောင်းစွာ အပြားအားဖြင့်နှစ်သက်ရွှင်လန်းစေတတ်၏” ဟု ဘုရားလောင်းဖွား တော်မူရာအရပ်တွင် အဘယ်ရဟန်းသည်ဘုရားလောင်းဖွားတော်မူရာအရပ်၌ နေလေ့ရှိကုန်သော သီတင်း သုံးဖော်ရဟန်းတို့၏ အချီးမွမ်းကိုခံရသနည်းဟု မေးတော်မူ၏။

အသျှင်ဘုရား “မိမိလည်း အလိုနည်း၏၊ အလိုနည်းခြင်း၏ ကျေးဇူးစကားကိုလည်း ရဟန်းတို့အားပြောဟောတတ်၏။ မိမိလည်း ရောင့်ရဲ၏။ ပ။ သီတင်းသုံးဖော်တို့ကို ဆုံးမတတ်၏၊ အထူးသိစေတတ်၏၊ ကောင်းစွာ ညွှန်ပြတတ်၏၊ ကောင်းစွာ ဆောက်တည်စေတတ်၏၊ ကောင်းစွာအားထုတ်စေတတ်၏၊ ကောင်းစွာ နှစ်သက်ရွှင်လန်းစေတတ်၏” ဟုဘုရားလောင်းဖွားတော်မူရာအရပ်တွင် မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် ဘုရားလောင်းဖွားတော်မူရာအရပ်၌နေသော သီတင်းသုံးဖော်ရဟန်းတို့၏ အချီးမွမ်းကို ခံရပါ၏” ဟု (လျှောက်ကြကုန်၏)။

၂၅၃။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအနီး၌ ထိုင်နေ၏။ ထိုသို့ ထိုင်နေစဉ် “အသျှင်ပုဏ္ဏာအား ပညာရှိကုန်သော သီတင်းသုံးဖော်တို့သည် မြတ်စွာဘုရား၏ မျက်မှောက်၌ စကားဆယ်မျိုးသို့ သက်ဝင်၍ သက်ဝင်၍ ကျေးဇူးဂုဏ်ကို ပြောဆိုကုန်၏။ ထိုသို့ ပြောဆိုကုန်သော စကားကိုလည်း မြတ်စွာဘုရားသည် အလွန်ဝမ်းမြောက်တော်မူ၏။ မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် (ကျေးဇူးဂုဏ်ကို) ရပေစွ၊ မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် အရတော်ပေစွ၊ ငါတို့လည်း တစ်ချိန်ချိန်မှာ မန္တာဏီ၏သား အသျှင်ပုဏ္ဏနှင့်အတူ တွေ့ဆုံမိကောင်းတန်ရာ၏၊ တစ်စုံတစ်ရာ စကားပြန်လှန်ပြောဆိုခြင်းဖြစ်ကောင်းတန်ရာ၏” ဟု အသျှင်သာရိပုတြာအား ဤသို့သော အကြံအစည်သည် ဖြစ်လေ၏။

၂၅၄။ ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးနောက်သာဝတ္ထိပြည်သို့ ဒေသစာရီလှည့်လည်ကြွသွားတော်မူ၏။ အစဉ်အတိုင်းဒေသစာရီလှည့်လည့်တော်မူသော့်သာဝတ္ထိပြည်သို့ ဆိုက်ရောက်တော်မူပြီး၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ပင် သီတင်းသုံးနေတော်မူ၏။ မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် “မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ အစဉ်ဆိုက်ရောက်တော်မူ၍ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသတတ်” ဟု ကြားလေ၏။

၂၅၅။ ထိုအခါ မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်းပြီးလျှင်သပိတ် သင်္ကန်းကို ယူ၍ သာဝတ္ထိပြည်သို့ ဒေသစာရီလှည့်လည်ကြွသွား၏။ အစဉ်အတိုင်း ဒေသစာရီလှည့်လည် ကြွမြန်းသော် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် သင့်တင့်လျောက်ပတ်သော နေရာ၌ထိုင်နေ၏။

သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေသော မန္တာဏီ၏သား အသျှင်ပုဏ္ဏကို မြတ်စွာဘုရား သည်တရားနှင့်စပ်သော စကားဖြင့် ကောင်းစွာပြတော်မူ၏၊ ကောင်းစွာဆောက်တည်စေတော်မူ၏၊ ကောင်းစွာအားထုတ် စေတော်မူ၏၊ ကောင်းစွာ နှစ်သက်ရွှင်လန်းစေတော်မူ၏၊ ထိုအခါ မန္တာဏီ၏သားအသျှင်ပုဏ္ဏသည် မြတ်စွာဘုရားက တရားနှင့်စပ်သောစကားဖြင့် ကောင်းစွာ ပြပြီးသော် ကောင်းစွာဆောက်တည်စေပြီးသော် ကောင်းစွာ အားထုတ်စေပြီးသော် ကောင်းစွာ နှစ်သက်ရွှင်လန်းစေပြီးသော်မြတ်စွာဘုရား၏ တရားကို လွန်စွာ နှစ်သက်ဝမ်းမြောက်လျက် နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် အန္ဓဝန်တောဆီသို့ နေ့သန့်ခြင်းငှါ ချဉ်းကပ်လေ၏။

၂၅၆။ ထိုအခါ ရဟန်းတစ်ပါးသည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာကို “ငါ့သျှင်သာရိပုတြာ သင်သည် မန္တာဏီ၏သား ပုဏ္ဏမည်သော ရဟန်း၏ ကျေးဇူးဂုဏ်ကို မပြတ်ပြောကြားခဲ့၏။ ထိုပုဏ္ဏ မည်သော ရဟန်းသည် မြတ်စွာဘုရားက တရားနှင့် စပ်သော စကားဖြင့် ကောင်းစွာပြပြီးသော် ကောင်းစွာ ဆောက်တည်စေပြီးသော် ကောင်းစွာ အားထုတ်စေပြီးသော် ကောင်းစွာ နှစ်သက်ရွှင်လန်းစေပြီးသော် မြတ်စွာဘုရား၏ တရားကို လွန်စွာနှစ်သက်ဝမ်းမြောက်ကာ နေရာမှ ထ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် အန္ဓဝန်တောဆီသို့ နေ့သန့်ခြင်းငှါ ဖဲခွါသွားလေ၏” ဟု လျှောက်ကြား၏။

ထိုအခါ အသျှင်သာရိပုတြာသည် လျင်မြန်စွာ နိသီဒိုင်ကို ယူ၍ မန္တာဏီ၏သား အသျှင်ပုဏ္ဏအထံသို့နောက်မှ နောက်မှ ဦးခေါင်းကို ကြည့်ကာ လိုက်လေ၏။ ထိုအခါ မန္တာဏီ၏သား အသျှင်ပုဏ္ဏသည်အန္ဓဝန်တောဆီသို့ ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်ခြင်းငှါ ထိုင်၏။ အသျှင်သာရိပုတြာသည်လည်း အန္ဓဝန်တောဆီသို့ ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်ခြင်းငှါ ထိုင်၏။

ထို့နောက် အသျှင်သာရိပုတြာသည် ညချမ်းအချိန်၌ ဖလသမာပတ်မှ ထလျက် မန္တာဏီ၏သားအသျှင်ပုဏ္ဏအထံသို့ ချဉ်းကပ်ပြီးလျှင် မန္တာဏီ၏သား အသျှင်ပုဏ္ဏနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်သော နေရာ၌ ထိုင်ကာ ဤစကားကို မိန့်ဆို၏။

၂၅၇။ “ငါ့သျှင် မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မှန်ပါ၏ဟု (ဆို၏)။

“ငါ့သျှင် အကျင့်သီလ အထူးစင်ကြယ်ခြင်း အကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် စိတ်သမာဓိ အထူးစင်ကြယ်ခြင်း အကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် အမြင်အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် အကျင့် (အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် မဂ်ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကိုကျင့်သုံးသလော” ဟု မေး၏။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

“ငါ့သျှင် အကျင့်သီလ အထူးစင်ကြယ်ခြင်း အကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေးသော် “ငါ့သျှင် မဟုတ်ပါ” ဟု ဖြေဆို၏။

“ငါ့သျှင် စိတ်သမာဓိ အထူးစင်ကြယ်ခြင်း အကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကိုကျင့်သုံးသလော” ဟု မေးသော် “ငါ့သျှင် မဟုတ်ပါ” ဟု ဖြေဆို၏။

“ငါ့သျှင် အမြင်အထူး စင်ကြယ်ခြင်း အကျိုးငှါ။ ပ။ ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းအကျိုးငှါ။ မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှါ။ အကျင့် (အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှါ။ ပ။ “ငါ့သျှင် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော” ဟု မေးသော် “ငါ့သျှင် မဟုတ်ပါ” ဟု ဖြေဆို၏။

ငါ့သျှင် အကယ်၍ ဤအကျိုးငှါ မကျင့်သုံးသော် အဘယ်အကျိုးငှါ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသနည်းဟု (မေး၏)။

ငါ့သျှင် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းအကျိုးငှါသာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးပါ၏ဟု (ဆို၏)။

ငါ့သျှင် အကျင့်သီလအထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် စိတ်သမာဓိအထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် အမြင်အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်း ကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် အကျင့် (အနုလုံ) ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်း လောဟု (မေး၏)။

ငါ့သျှင် မဟုတ်ပါဟု (ဆို၏)။

ငါ့သျှင် ဤတရားတို့ကို ကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းသည် (ဖြစ်သလော) ဟု (မေး၏)။

ငါ့သျှင် မဖြစ်ပါဟု (ဆို၏)။

ငါ့သျှင် အကျင့်သီလ အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟုမေးသော် “ငါ့သျှင် မဟုတ်ပါ” ဟု ဖြေဆို၏။

ငါ့သျှင် စိတ်သမာဓိအထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟုမေးသော် “ငါ့သျှင် မဟုတ်ပါ” ဟု ဖြေဆို၏။

“ငါ့သျှင် အမြင်အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလောဟု။ ပ။ ယုံမှားခြင်းကို လွန်မြောက်မှုဉာဏ်အထူးစင်ကြယ်ခြင်းသည်။ မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းသည်။ အကျင့် (အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည်။ “ငါ့သျှင်မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းလော” ဟု မေးသော် “ငါ့သျှင် မဟုတ် ပါ” ဟု ဖြေဆို၏။

ငါ့သျှင် ဤတရားတို့ကို ကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းသည် ဖြစ်သလောဟုမေးသော် “ငါ့သျှင် မဖြစ်ပါ” ဟု ဖြေဆို၏။ ငါ့သျှင် အဘယ်သို့လျှင် ဤဖြေဆိုသော စကား၏ အနက်ကိုမှတ်သင့်သနည်းဟု (မေး၏)။

၂၅၈။ ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် အကျင့်သီလ အထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသောထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင် တကွသာလျှင်ဖြစ်သော တရားကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် စိတ်သမာဓိအထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သော တရားကို စွဲယူမှုမရှိသောထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် အမြင်အထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သော တရားကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းကိုစွဲယူမှု မရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သော တရားကို စွဲယူမှု မရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင်အထူးစင်ကြယ့်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သောတရားကို စွဲယူမှု မရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် အကျင့် (အနုလုံ) ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သော တရားကိုစွဲယူ မှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ မြတ်စွာဘုရားသည် မဂ်ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့် တကွသာလျှင်ဖြစ်သော တရားကို စွဲယူမှုမရှိသောထက်ဝန်းကျင်ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏။

ငါ့သျှင် အကယ်၍ ဤတရားတို့ကို ကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်းသည်ဖြစ်ခဲ့ငြားအံ့၊ ပုထုဇဉ်သည် ထက်ဝန်းကျင်ငြိမ်းအေးရာ၏။ ငါ့သျှင် မှန်၏၊ ပုထုဇဉ်သည် ဤတရားတို့ကိုကြဉ်၍ ဖြစ်၏။ ငါ့သျှင် ဤလောက၌ ဥပမာအားဖြင့် အချို့ကုန်သော ပညာရှိယောက်ျားတို့သည် ပြောဆိုသောစကား၏ အနက်ကို သိကြကုန်၏၊ ထို့ကြောင့် သင့်အား ဥပမာကို ပြအံ့။

၂၅၉။ ငါ့သျှင် ဥပမာသော်ကား ပေဿနဒိကောသလမင်းသည် သာဝတ္ထိပြည်၌ နေစဉ် သာကေတ။ မို့၌တစ်စုံတစ်ရာ အဆောတလျင် ပြုဖွယ်ကိစ္စသည် ဖြစ်ရာ၏။ ထိုမင်းအတွက် သာဝတ္ထိပြည်နှင့်သာကေတမြို့၏ အကြား၌ မြင်းယာဉ်ကသော ရထားခုနစ်စီးတို့ကို ရှေးရှုတည်ထားစေကုန်ရာ၏။

ငါ့သျှင် ထိုအခါ ပေဿနဒိကောသလမင်းသည် သာဝတ္ထိပြည်မှ ထွက်သော် နန်းတွင်းတံခါးမှ မြင်းယာဉ်ကသော ပဌမရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော ပဌမရထားဖြင့် မြင်းယာဉ်ကသောဒုတိယ ရထားသို့ ရောက်ရာ၏။

မြင်းယာဉ်ကသော ပဌမရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော ဒုတိယရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော ဒုတိယရထားဖြင့် မြင်းယာဉ်ကသော တတိယရထားသို့ ရောက်ရာ၏။

မြင်းယာဉ်ကသော ဒုတိယရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော တတိယရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော တတိယရထားဖြင့် မြင်းယာဉ်ကသော စတုတ္ထရထားသို့ ရောက်ရာ၏။

မြင်းယာဉ်ကသော တတိယရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော စတုတ္ထရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော စတုတ္ထရထားဖြင့် မြင်းယာဉ်ကသော ပဉ္စမရထားသို့ ရောက်ရာ၏။

မင်းယာဉ်ကသော စတုတ္ထရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော ပဉ္စမရထားကို တက်စီး ရာ၏၊ မြင်းယာဉ်ကသော ပဉ္စမရထားဖြင့် မြင်းယာဉ်ကသော ဆဋ္ဌရထားသို့ ရောက်ရာ၏။

မြင်းယာဉ်ကသော ပဉ္စမရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော ဆဋ္ဌရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော ဆဋ္ဌရထားဖြင့် မြင်းယာဉ်ကသော သတ္တမရထားသို့ ရောက်ရာ၏။

မြင်းယာဉ်ကသော ဆဋ္ဌရထားကို စွန့်လွှတ်ရာ၏၊ မြင်းယာဉ်ကသော သတ္တမရထားကို တက်စီးရာ၏၊ မြင်းယာဉ်ကသော သတ္တမရထားဖြင့် သာတေတမြို့ နန်းတွင်းတံခါးသို့ ဆိုက်ရောက်ရာ၏။

နန်းတွင်းတံခါးသို့ ရောက်သော ထိုမင်းကို အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ဆွေမျိုးသားချင်းတို့ သည် “မင်းကြီး သင်သည် ဤဆုံးမအပ်သော မြင်းယာဉ်ကသော ရထားဖြင့် သာဝတ္ထိပြည်မှ သာကေတမြို့နန်းတွင်းတံခါးသို့ ဆိုက်ရောက်တော်မူပါသလော” ဟု (မေးကြကုန်ရာ၏)။

ငါ့သျှင် ပေဿနဒိကောသလမင်းသည် အဘယ်သို့ ဖြေကြားသော် ကောင်းစွာ ဖြေကြားသည် မည်ရာသနည်းဟု (မေး၏)။

ငါ့သျှင် ပေဿနဒိကောသလမင်းသည် ဤသို့ ဖြေကြားသော် ကောင်းစွာ ဖြေကြားသည် မည်ရာ ပါ၏၊ “ငါသည် သာဝတ္ထိပြည်၌ နေစဉ် ဤသာကေတမြို့၌ တစ်စုံတစ်ရာ အဆောတလျင် ပြုဖွယ်ကိစ္စသည်ဖြစ်ခဲ့၏။ ထိုငါအတွက် သာဝတ္ထိပြည်နှင့် သာကေတမြို့၏ အကြား၌ မြင်းယာဉ်ကသော ရထား့ခုနစ်စီးတို့ကို ရှေးရှု တည်ထားစေခဲ့ကုန်၏။ ထိုအခါ ငါသည် သာဝတ္ထိမှ ထွက်သော် နန်းတွင်းတံခါးမှမြင်းယာဉ်ကသော ပဌမ ရထားကို တက်စီးခဲ့၏၊ မြင်းယာဉ်ကသော ပဌမရထားဖြင့် မြင်းယာဉ်ကသောဒုတိယရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော ပထမရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော ဒုတိယရထားကို တက်စီးခဲ့၏၊ မြင်းယာဉ်ကသော ဒုတိယရထားဖြင့် မြင်းယာဉ်ကသော တတိယရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော ဒုတိယရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော တတိယရထားကို တက်စီး ခဲ့၏၊ မြင်းယာဉ်ကသော တတိယရထားဖြင့် မြင်းယာဉ်ကသော စတုတ္ထရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော တတိယရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော စတုတ္ထရထားကို တက်စီး ခဲ့၏၊ မြင်းယာဉ်ကသော စတုတ္ထရထားဖြင့် မြင်းယာဉ်ကသော ပဉ္စမရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော စတုတ္ထရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော ပဉ္စမရထားကို တက်စီးခဲ့၏၊ မြင်းယာဉ်ကသော ပဉ္စမရထားဖြင့် မြင်းယာဉ်ကသော ဆဋ္ဌရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော ပဉ္စမရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော ဆဋ္ဌရထားကို တက်စီးခဲ့၏၊ မြင်းယာဉ်ကသော ဆဋ္ဌရထားဖြင့် မြင်းယာဉ်ကသော သတ္တမရထားသို့ ရောက်ခဲ့၏။

မြင်းယာဉ်ကသော ဆဋ္ဌရထားကို စွန့်လွှတ်ခဲ့၏၊ မြင်းယာဉ်ကသော သတ္တမရထားကို တက်စီးခဲ့၏၊ မြင်းယာဉ်ကသော သတ္တမရထားဖြင့် သာကေတမြို့ နန်းတွင်းတံခါးသို့ ဆိုက်ရောက်ခဲ့၏” ဟု ပေဿနဒိကောသလ မင်းသည် ဤသို့ ဖြေကြားသော် ကောင်းစွာ ဖြေကြားသည် မည်ရာ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤအတူပင် အကျင့်သီလ အထူးစင်ကြယ်ခြင်းသည် စိတ်သမာဓိ အထူးစင်ကြယ်ရုံမျှ အကျိုးရှိ၏။ စိတ်သမာဓိ အထူးစင်ကြယ်ခြင်းသည် အမြင်အထူးစင်ကြယ်ခြင်းရုံမျှ အကျိုးရှိ၏။ အမြင်အထူးစင်ကြယ်ခြင်းသည် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏။ ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းသည် မဂ်ဟုတ်သည် မဟုတ်သည်၌ဉာဏ်အမြင် အထူးစင်ကြယ်ရုံ မျှသာ အကျိုးရှိ၏။ မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင်အထူးစင်ကြယ်ခြင်းသည် အကျင့် (အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏။ အကျင့် (အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာအကျိုးရှိ၏။ မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိ သော ထက်ဝန်းကျင်ငြိမ်းအေးရုံမျှသာအကျိုးရှိ၏။ ငါ့သျှင် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်း အကျိုးငှါသာ မြတ်စွာဘုရားထံ၌မြတ်သော အကျင့်ကို ကျင့်သုံးပါ၏ဟု (မန္တာဏီ၏သား အသျှင်ပုဏ္ဏက ဆို၏)။

၂၆ဝ။ ဤသို့ ဆိုသော် အသျှင်သာရိပုတြာသည် မန္တာဏီ၏သား အသျှင်ပုဏ္ဏကို “အသျှင်သည်အဘယ်အမည်ရှိသနည်း၊ အဘယ်သို့လျှင် အသျှင်ကို သီတင်းသုံးဖော်တို့သည် သိကြကုန်သနည်း” ဟုမေး၏။

ငါ့သျှင် ‘ပုဏ္ဏ’ဟူသည် အကျွန်ုပ်၏ အမည်တည်း၊ ‘မန္တာဏီ၏သား’ဟု အကျွန်ုပ်ကို သီတင်းသုံးဖော်တို့က သိကြပါကုန်၏ဟု (ဆို၏)။

ငါ့သျှင် အံ့ဩဖွယ်ကောင်း၏၊ ငါ့သျှင် မဖြစ်စဖူး ထူးကဲစွာ ဖြစ်၏။ မြတ်စွာဘုရား သာသနာကိုကောင်းစွာ သိသော အကြားအမြင်ရှိသော တပည့်သာဝကသည် ဖြေကြားသကဲ့သို့ ဤအတူပင်မန္တာဏီ၏ သား အသျှင်ပုဏ္ဏသည် အလွန်နက်နဲကုန်သော (နက်နက်နဲနဲ) ပြဿနာတို့ကို သက်ဝင်၍သက်ဝင်၍ ဖြေကြား၏။ အကြင် သီတင်းသုံးဖော်တို့သည် မန္တာဏီ၏သား အသျှင်ပုဏ္ဏကို ရှုမြင်ခြင်းငှါရကြကုန်၏။ ဆည်းကပ်ခြင်းငှါ ရကြကုန်၏။ ထိုသီတင်းသုံးဖော်များမှာ အရတော်လေစွ၊ ထိုသီတင်းသုံးဖော်များမှာ အလွန်အရတော်လေစွ။

အကယ်၍လည်း သီတင်းသုံးဖော်တို့သည် မန္တာဏီ၏သား အသျှင်ပုဏ္ဏကို အဝတ်ခေါင်းခုရှိသော ဦးခေါင်း ဖြင့် ရွက်ဆောင်ကြကုန်လျက် ရှုမြင်ခြင်းငှါ ရကြကုန်ငြားအံ့၊ ဆည်းကပ်ခြင်းငှါ ရကြကုန်ငြားအံ့၊ ထိုသီတင်းသုံး ဖော်များမှာလည်း အရတော်လေစွ၊ ထိုသီတင်းသုံးဖော်များမှာလည်း အလွန်အရတော်လေစွ။ ငါတို့သည် မန္တာဏီ၏သား အသျှင်ပုဏ္ဏကို ရှုမြင်ခြင်းငှါ ရကြကုန်အံ့၊ ဆည်းကပ်ခြင်းငှါ ရကြကုန်အံ့၊ ငါတို့မှာလည်း (ကျေးဇူးဂုဏ်ကို) ရပေ၏၊ ငါတို့မှာလည်း ကောင်းစွာ ရပေ၏ဟု (အသျှင်သာရိပုတြာကပြောဆို၏)။

ဤသို့ပြောဆိုသော် မန္တာဏီ၏သား အသျှင်ပုဏ္ဏသည် အသျှင်သာရိပုတြာကို “အသျှင်သည်အဘယ်အမည်ရှိသနည်း၊ အဘယ်သို့လျှင် အသျှင်ကို သီတင်းသုံးဖော်တို့က သိကြကုန်သနည်း” ဟု မေး၏။

ငါ့သျှင် ‘ဥပတိဿ’ ဟူသည် အကျွန်ုပ်၏ အမည်တည်း၊ (သာရီ၏သား) ‘သာရိပုတြာ’ဟု အကျွန်ုပ်ကိုသီတင်းသုံးဖော်တို့ သိကုန်၏ဟု ဖြေဆို၏။ အသျှင်တို့ မြတ်စွာဘုရားနှင့် တူသော တပည့်သာဝကနှင့်အတူ တိုင်ပင် (နှီးနှော) ရကုန်လျက် ‘အသျှင်သာရိပုတြာ’ဟု မသိခဲ့ကြကုန်စွတကား။ (မှန်၏)၊ ငါတို့သည် ‘အသျှင်သာရိပုတြာ’ဟု အကယ်၍ သိကြပါကုန်မူ ဤမျှလောက်လည်း မပြောဆိုရရာ။

ငါ့သျှင်တို့ အံဩဖွယ် ဖြစ်၏၊ ငါ့သျှင်တို့ မဖြစ်စဖူး ထူးကဲစွာ ဖြစ်၏။ မြတ်စွာဘုရား သာသနာတော်ကို ကောင်းစွာ သိသော အကြားအမြင်ရှိသော တပည့်သာဝကသည် မေးသကဲ့သို့ ဤအတူပင်အသျှင်သာရိပုတြာသည် အလွန်နက်နဲကုန်သော (နက်နက်နဲနဲ) ပြဿနာတို့ကို သက်ဝင်၍ သက်ဝင်၍မေးကုန်၏။ (အကြင်) သီတင်းသုံးဖော်တို့သည် အသျှင်သာရိပုတြာကို ရှုမြင်ခြင်းငှါ ရကုန်၏၊ ဆည်းကပ်ခြင်းငှါ ရကုန်၏၊ ထိုသီတင်းသုံးဖော်တို့မှာ အရတော်လေစွ၊ ထိုသီတင်းသုံးဖော်တို့မှာ အလွန်အရတော်လေစွ။

အကယ်၍လည်း သီတင်းသုံးဖော်တို့သည် အသျှင်သာရိပုတြာကို အဝတ်ခေါင်းခုရှိသော ဦးခေါင်းဖြင့်ရွက်ဆောင်ကြကုန်လျက် ရှုမြင်ခြင်းငှါ ရကြကုန်ငြားအံ့၊ ဆည်းကပ်ခြင်းငှါ ရကြကုန်ငြားအံ့၊ ထိုသီတင်းသုံးဖော်တို့မှာလည်း အရတော်လေစွ၊ ထိုသီတင်းသုံးဖော်တို့မှာလည်း အလွန်အရတော်လေစွ။ ငါတို့သည်အသျှင်သာရိပုတြာကို ရှုမြင်ခြင်းငှါ ရကုန်ငြားအံ့၊ ဆည်းကပ်ခြင်းငှါ ရကုန်ငြားအံ့၊ ငါတို့မှာလည်းအရတော် လေစွ၊ ငါတို့မှာလည်း အလွန်အရတော်လေစွဟု (ဆို၏)။

ဤသို့လျှင် ထိုရဟန္တာကြီးနှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ပြောဟောသော တရားစကားကိုအညီအမျှ ဝမ်းမြောက်ကြကုန်၏။

ရထဝိနီတသုတ္တန် ပြီး၏။