ရတနာသင်းကျစ်စေတီတော်

ဝီကီပီးဒီးယား မှ

ရတနာသင်းကျစ်စေတီတော် သည် မိတ္ထီလာမြို့တွင်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ထီးသုံးဆင့်ဘုရားကြီး၏ အနောက်ဘက်ရှိ ခရစ်ယာန်ကျောင်းဝင်းအတွင်းတွင် တည်ရှိ၍ ပျက်စီးပြိုပျက်လျက် ရှိသည်။ ကျောက်စာကိုမူ ဈေးကုန်းရန်အောင်မြင်ဘုရားပရဝုဏ်အတွင်းသို့ ရွှေ့ပြောင်းထားသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၅၈ ခုနှစ်တွင် ဘိုးတော်ဘုရားသည် မိတ္ထီလာကန်ကို ဆည်ရန်အတွက် အမရပူရမှ ထွက်လာ၏။ ထို့နောက် ရွှေစောလူးကုန်းတွင် ကွန်းချစံမြန်းတော်မူခဲ့သည်။ သားတော် ဥပရာဇာလည်း ပါခဲ့ကာ ကန်ကို ဆည်ဖို့ရာတွင် ပါဝင်ခဲ့သည်။

သားတော်ဥပရာဇာသည် ကန်ကို ဆည်ဖို့ပြီးနောက် ကန်၏ မြောက်ဘက်တွင် အမှတ်တရ ကျောက်စေတီတော်ကို တည်ခဲ့သည်။ စေတီတွင် မင်းကြီး၏ မကိုဋ်တော်၊ ငွေဆင်းတုတော် ၂၅ ဆူတို့ကို ဌာပနာခဲ့သည်။

၁၁၅၈ ခုနှစ်၊ ဝါဆိုလပြည့်နေ့မှစကာ ပန္နက်ချ၍ တည်ဆောက်ခဲ့သည်။ စေတီတော် ဌာပနာတိုက် ပြီးသွားသောအခါ ဆင်းတုတော်များနှင့် ရတနာများကို ခုနစ်ရက်ခုနစ်လီ ခမ်းနားစွာ ဌာပနာခဲ့သည်။

စေတီတော်တည်ရာတွင် ကျောက်ချပ်ရေ ၂၇၄၆ ချပ်ဖြင့် တည်ထားပြီး ၂၁၈၆ ချပ်ကို အခင်းပြုလုပ်ခဲ့သည်။ တည်ပြီးသောအခါ “ရတနာသင်းကျစ်စေတီတော်” ဟု သမုတ်ကာ ကျောက်စာ စိုက်တော်မူခဲ့သည်။ ဌာပနာတိုက်သည် ဖိနပ်တော်၏ အောက် ၁၉ တောင်အစောက်တွင် တိုက်ခန်းပြုကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။[၁]

ကျောက်စာ[ပြင်ဆင်ရန်]

ကျောက်စာသည် အနည်းငယ် ချွတ်ယွင်းနေမှုများ ရှိနေသည်။ ၁၃၁၅ ခုနှစ်တွင် မိတ္ထီလာမှ ဦးဘရင်သည် ကျောက်စာကို ရန်အောင်ဘုရားဝင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၈၃၊ ၁၈၄။