ရင်သားကင်ဆာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရင်သားကင်ဆာသည် လူသားများအတွက် ရှေးအကျဆုံး ဝေဒနာတစ်ခုဖြစ်သည်။ ရှေးဟောင်း အီဂျစ်ခေတ် ကျူရိုးစာတစ်ခု တွင် ဟစ်ပိုကရေးတီးစ်နှင့် ဂါလင်ဆိုသည့် သမားကျော်များက ထိုအကြောင်းကို ရေးသားမှတ်တမ်းတင်ထားခဲ့ကြသည်။ အီဂျစ်လူမျိုးတို့ သတိပြုမိခဲ့ကြသည့် ထိုရောဂါကို ပြန်တွက်စစ်ကြည့်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ ခန့်ကဟုဆိုရမည်။

ဘီစီ ၄၆၀ တွင် အနောက်တိုင်းဆေးပညာလောက၏ ဖခင်တစ်ဦးဟုဆိုနိုင်သည့် ဟစ်ပိုကရေးတီးစ်က ရင်သားကင်ဆာဆိုသည်မှာ သွေးရည်ကြည်နှင့် ပတ်သက်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူက လူသားသည် သွေး၊ သလိပ်၊ သည်းခြေအရည်များဖြင့် ဖွဲ့စည်းထားပြီး သည်းခြေအရည်တွင်လည်း အဝါရောင်နှင့် အမည်းရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ကင်ဆာဖြစ်ရခြင်းမှာ အမည်းရောင် သည်းခြေအရည်များ အထုတ်များခြင်းကြောင့်ဖြစ်ရကြောင်း၊ ရင်သားကင်ဆာသည် အမည်းရောင်အရည်များ ဖွဲ့စည်းလာပြီး အလုံးတည်ခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း ရေးသားခဲ့သည်။

ဟစ်ပိုကရေးတီးစ်က ကင်ဆာကို “ကာကီနို့စ်” (karkinos) ဟုခေါ်သည်။ ဂရိစကားဖြစ်ပြီး အဓိပ္ပာယ်မှာ ကဏန်း ဖြစ်သည်။ အဘယ်ကြောင့်ထိုအမည်ပေးရသနည်းဆိုသော် ရောင်ကိုင်းလာသည့် ရင်သားပေါ်မှ အနာသည် ကဏန်း လက်များသဖွယ် ရင်သားပေါ်တွင်တွေ့ရှိလာနိုင်သောကြောင့်ဖြစ်သည်။

တစ်ချိန်က ရင်သားကင်ဆာဖြစ်လာလျှင် ကုရာနတ္ထိဆေးမရှိဟု လက်ခံထားခဲ့ကြသည်။ ယနေ့ခေတ်တိုင်အောင်ပင် ထိုဝေဒနာ ခံစားရသူများအတွက် ပျောက်ကင်းစေရန် မစွမ်းဆောင်ပေးနိုင်သောကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အသက်ဆုံးရှုံးခဲ့ရသူတွေ များစွာရှိခဲ့သည်။

စာရင်းဇယားများအရ အစ္စရေးနိုင်ငံနှင့် အနောက်ဥရောပနိုင်ငံများအတွင်း ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်သည်။ အာရှသည် ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုအလွန်နည်းသည်ဟုဆိုနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ စားသောက်နေထိုင်ပုံ စရိုက်များကွာခြားခြင်းကြောင့်လည်းဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများကို အစားအများဆုံးဖြစ်နေ၍လား ပြန်လည်သုံးသပ် လျက် ရှိနေကြသည်။

ဆေးလိပ်သောက်ခြင်းသည် ရင်သားကင်ဆာဖြစ်မှုကို တိုးပွားစေနိုင်သည်။ များများသောက် များများဖြစ်သည်။ ဆေးလိပ်သောက် ခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း တိုးပွားလာသည်ဟုလည်း အစီရင်ခံစာတစ်စောင်တွင် တွေ့ရသည်။ ဆေးလိပ်ကို စွဲမြဲစွာသောက်သူများ၏ ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရင်သားကင်ဆာဖြစ်ပွားနိုင်သည်။

မိခင်နို့တိုက်ကျွေးခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှု လျှော့နည်းခြင်း ဆက်စပ်မှုရှိကြောင်းကို တွေ့ရှိချက်များက အမျိုးမျိုးအဖြေ ထုတ်ကြသည်။ အချို့အစီရင်ခံစာများက ဆက်စပ်မှုရှိသည်ဟုပြောပြီး၊ အချို့က ဆက်စပ်မှုမရှိဟုဆိုသည်။ အစားအသောက်နှင့် ရင်သားကင်ဆာဖြစ်မှုကလည်း ဆက်စပ်နေသည်။ အဆီများသောအစားအသောက်များ စားလွန်းသူများ တွင် ရင်သားကင်ဆာအဖြစ်များသည်။ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ကလည်းကင်ဆာဖြစ်ပွားစေသည်။ အိုင်အိုဒင်း ဆားသုံးခြင်းဓလေ့ကလည်း ကင်ဆာနှင့်ပတ်သက်ပြီး ဆက်စပ်စဉ်းစားစရာဖြစ်သည်။

ကင်ဆာဖြစ်ရခြင်းအခြားအကြောင်းများတွင် ရေဒီယိုသတ္တိကြွမှုများသည့်နေရာများတွင် အလုပ်လုပ်ခြင်း၊ ဓာတုဗေဒဆေးဝါး လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပိုးသတ်ဆေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာလည်း ကင်ဆာရောဂါဖြစ်နိုင်သည်။

အမျိုးသမီးများ၏နို့အတွင်း၌ ပြွန်ချောင်းလေးများနှင့် အကျိတ်များ (ducts and glands) သည် စပျစ်သီးအခိုင်များ သဖွယ် စုစည်းတည်ရှိနေကြသည်။ ထိုပြွန်ချောင်းကလေးများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် သေးငယ်သောအရွယ် အစားများဖြစ်ကြသည်။ ထိုပြွန်ချောင်းလေးများသည် အမျိုးသမီးများ ရာသီလာချိန်တွင် ပြန့်ကားသွားတတ်သည်။ ထိုကာလအတွင်း ဟော်မုန်းများကို လျှို့ဝှက်စွာဖြင့် ထုတ်ပေးနေသည်ဟုဆိုနိုင်သည်။ ထိုအချိန်တွင် နို့များမှာ တင်းလာမည် ဖြစ်သည်။ နောက်ပိုင်းတွင် ထိုပြွန်လေးများ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။

အမျိုးသမီးများ မွေးဖွားပြီးချိန်တွင် သွေးထဲသို့ ဟော်မုန်းများစီးဝင်လာချိန်၌ အကျိတ်များကလည်း ကျယ်ပြန့်သွားပြီးနို့ကို ထွက်စေသည်။ ထိုနို့များသည် ပြွန်ချောင်းလေးများတစ်လျှောက် စီးဝင်လာပြီး နိုးသီးခေါင်းအတွင်းရောက်လာသည်။ ထိုမှ တစ်ဆင့် ကလေးက စုပ်ယူသောက်သုံးနိုင်သည်။ နို့ထွက်သည့် ပြွန်ချောင်းတစ်သျှူးလေးများသည် အလွန်နုညံ့ပြီး ဟော်မုန်းဓာတ်ပြောင်းလဲချိန်တွင် ကင်ဆာဖြစ်နိုင်သည့်အနေအထားသို့ ရောက်သွားနိုင်သည်ဟုလည်း ဆိုကြသည်။

ကင်ဆာဖြစ်တည်လာခြင်းသည် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဖြစ်ပေါ်လာတတ်သည့် ဟော်မုန်းများနှင့် ဆက်စပ်နေ သည်။ ဟော်မုန်းဓာတ်ထုတ်လွှတ်မှုအကြိမ်ကြိမ်ခံစားရမှု ကြာရှည်လျှင် နာဖျားသလို မအီမသာဝေဒနာခံစားရသည်။ ထိုအချိန် တွင် အရေပြားကင်ဆာကဲ့သို့ အစက်အပြောက်လေးများ ရင်သားပေါ်တွင် စတင်ပေါ်လာတတ်သည်။ ထိုအစက်အပြောက် များသည် ရင်သားပေါ်တွင် ပျံ့နှံ့ရာမှ နောက်ပိုင်းတွင် အတွင်းပိုင်းအထိ ကူးစက်လေတော့သည်။

ရင်သားကင်ဆာသည် ယနေ့ အမျိုးသမီးကြီးငယ်မဟူ ရင်ဆိုင်ကြုံတွေ့နေရသည့် ဝေဒနာတစ်မျိုးဖြစ်သည်။ ပညာရှင်များ သည် အသက် ၂၀ ကျော်အရွယ် အိမ်ထောင်မရှိ (အမျိုးသားများနှင့် အတွေ့အကြုံမရှိ) သည့်အမျိုးသမီးများကို လေ့လာဆန်း စစ်ခဲ့ကြသည်။ ထို ၂၀ ကျော်အရွယ် ရင်သားကင်ဆာ ဝေဒနာရှင်များကို ကုသမှုများအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ရာတွင် ၉၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းမှုများရှိခဲ့ကြောင်းတွေ့ရသည်။

၂၀ ရာစုကတည်းက ရင်သားကင်ဆာကုထုံးများ နည်းလမ်းပေါင်းစုံ တွေ့ရှိခဲ့ကြသည်။ ဓာတ်ရောင်ခြည်ကုထုံး၊ အာထရာ ဆောင်းရိုက်သည့်ကုထုံး၊ MRI ကုထုံးများကို အသုံးပြုပြီး ကုသခဲ့ကြသည်။ ရောဂါမဖြစ်မီ ကြိုတင်ကုထုံးများလည်း ပေါ်ပေါက်ခဲ့ပြီး လိုက်နာကျင့်သုံး တားဆီးခဲ့ကြသည်။ အများဆုံးကုထုံးမှာ ဓာတ်ရောင်ခြည်ကင်သည့်နည်းဖြစ်သည်။ MRI ကုထုံးသည် ဈေးကြီးသဖြင့် ကုသမှုနည်းသည်။ အာထရာဆောင်းရိုက်သည့်ကုထုံးဖြင့်လည်း ကုသကြသည်။ ဈေးနည်းပြီး ထိရောက်မှုနည်းသောကြောင့် ကုသမှုခံယူခြင်း သိပ်မရှိကြပေ။

၂၀ ရာစုတွင် William Halsted ဆိုသူက အမေရိကန်ပြည်ထောင်စုတွင် "Radical Mastectomy" ဆိုသည့် နည်းကိုတီထွင်ပြီး ရင်သားတွင် ဖြစ်ပေါ်တတ်သည့် အကျိတ်များနှင့် ကင်ဆာဖြစ်စေသည့် ဆဲလ်များကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုဆန်းသစ်သည့်ကုထုံးသည် ၂၀ ရာစု၏ ပထမဆယ်စုနှစ်လေးစုတိုင် ခေတ်အမီဆုံး ရောဂါကုထုံးတစ်ခုဖြစ်ခဲ့သည်။ ရင်သား ကင်ဆာအတွက် သက်သာသည်ဆိုသော်ငြားလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းတို့နှင့်လည်း ဆက်စပ်နေသဖြင့် လုံးဝပျောက်ကင်းပြီဟု မဆိုနိုင်သေးပေ။ ထိုကုထုံးသည် ရင်သားများ ရွဲ့စောင်းခြင်း၊ သွေးဖြူများပွားခြင်း၊ လက်မောင်းရောင်ခြင်း၊ နာကျင်ကိုက်ခဲ ခြင်းများဖြစ်နိုင်သဖြင့် အမျိုးသမီးများသည် စိတ်ကျဝေဒနာများပါ ခံစားလာရကာ အားအင်ကုန်ခမ်းပြီး နွမ်းလျပင်ပန်းသလို ဖြစ်နေတတ်သည်။

လူနာကသဘောတူညီမှုရှိလျှင် နောက်ပိုင်းတွင် ကင်ဆာဝေဒနာခံစားနေရသည့် ရင်သားကို လှီးဖြတ်ဖယ်ရှားခြင်းဖြင့် ကုသပေးလာကြသည်။ ယေဘုယျအားဖြင့် အထိရောက်ဆုံးသော ကုသမှုဖြစ်သည်ဟုဆိုနိုင်သည်။ လှီးဖြတ်ခြင်းနောက်တွင် ပလပ်စတစ်ဆာဂျင်နည်းဖြင့် အစားထိုးထည့်သွင်းမှုများကိုပါ ပြုလုပ်လာသည်အထိ ဆောင်ရွက်လာကြသည်။

နောက်ပိုင်းဆေးပညာလောက တိုးတက်ထွန်းကားလာသဖြင့် ကင်ဆာဖြစ်စေသည့် ပြွန်ချောင်းနှင့် အကျိတ်များကိုသာ လဲလှယ်သည့် ကုထုံးများကိုလည်း စမ်းသပ်နေကြောင်း သိရသည်။ ရင်သားအတုကို နဂိုပုံစံမပျက်ပြန်ထည့်နိုင်သည်အထိ စွမ်းဆောင်နိုင်လာသည်။ ထို့ကြောင့် ရင်းသားလှီးဖြတ်ပြီး ကုသမှုခံယူရန်ကိစ္စသည် ကြောက်လန့်စရာတစ်ခုအနေဖြင့် မမြင်ကြတော့ပေ။

ရင်သားကင်ဆာ[ပြင်ဆင်ရန်]

ဖြစ်ပွားခြင်း[ပြင်ဆင်ရန်]

ကင်ဆာဖြစ်ပွားမှုကြောင့် သေဆုံးရခြင်း ၃၀ ရာခိုင်နှုန်းခန့်သည် အချက် ငါးချက်နှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။ ယင်းတို့မှာ အဝလွန်ခြင်း၊ အသီးအနှံစားသုံးမှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးခြင်းတို့ဖြစ်သည်။ အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်ပွားရန် အများဆုံးဖြစ်သည်။ ရင်သားကင်ဆာ ဖြစ်ပွားရခြင်းသည် မျိုးရိုးဗီဇနှင့်လည်းဆိုင်သည်။

ကုသခြင်း[ပြင်ဆင်ရန်]

ရင်သားကင်ဆာအတွက် အကောင်းဆုံးကုသခြင်းမှာ ခွဲစိတ်ကုသခြင်းသာဖြစ်သည်။ ခွဲစိတ်ကုသပြီးနောက် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးများကို ဆက်လက်ခံယူရန်လိုသည်။ စောစောသိ၊ စောစောကုသခြင်းကပိုကောင်းသည်။ အသက် ၅၀ မကျော်မီအတွင်း ကုသခြင်းသည် ပိုပြီးထိရောက်သက်သာစေနိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း သည်။ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ခြင်းသည် ကြိုတင်ကာကွယ် ခြင်းတွင် ထိရောက်သည့်နည်းလမ်းများဖြစ်သည်။

ကင်ဆာဆိုသည်မှာ[ပြင်ဆင်ရန်]

ကင်ဆာဆိုသည်မှာ ရောဂါဖြစ်ပွားစေသော ဆဲလ်အုပ်စုသည် ကြီးထွားလာပြီး၊ ပုံမှန်ဆဲလ်များကို တိုက်ခိုက်အနိုင်ယူလိုက် သဖြင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုအန္တရာယ်ပေးနိုင်သော ဆဲလ်များသည် အခြားအစိတ်အပိုင်းများအတွင်း ကျူးကျော်ဝင် ရောက်ပြီး ကူးစက်ပြန့်ပွားလာနိုင်သည်။ ကင်ဆာသည် လူ့ကိုယ်ခန္ဓာတစ်ခုလုံးတွင် ကူးစက်ပြန့်ပွားနိုင်သည်။ အဆုတ် ကင်ဆာသည် သေဆုံးမှုအများဆုံးကင်ဆာရောဂါဖြစ်သည်။ အဆုတ်ကင်ဆာနောက်တွင် အစာအိမ်ကင်ဆာ၊ အသည်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာတို့ကြောင့် သေဆုံးမှုများလိုက်သည်။

ဒါတွေကို သိပါသလား[ပြင်ဆင်ရန်]

၁။ ၂၀၀၈ ခုနှစ်တွင် ကင်ဆာကြောင့်သေဆုံးသူပေါင်းမှာ ၁၃ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာတစ်လွှား ကင်ဆာကြောင့် သေဆုံးရ သူပေါင်း ၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

၂။ ကမ္ဘာ့ကင်ဆာကြောင့် သေဆုံးသူစာရင်းအရ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးသူ ၂၂ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာ့ လူဦးရေ ၇၁ ရာခိုင်နှုန်းခန့်သည် အဆုတ်ကင်ဆာကြောင့် သေဆုံးနေကြရသည်။

၃။ ကင်ဆာရောဂါများထဲတွင် ရင်သားကင်ဆာသည် အမျိုးသမီးများအဖြစ်အများဆုံးရောဂါဖြစ်သည်။ အမျိုးသမီး ၂၃ ရာခိုင် နှုန်းခန့်ဝေဒနာခံစားနေကြရပြီး ၁၄ ရာခိုင်နှုန်းခန့် သေဆုံးနေကြရသည်။

၄။ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ယောက်ျားများသည် အခြားကင်ဆာများထက် ၂၃ ရာခိုင်နှုန်းသာသည်။ ယောက်ျားများတွင် ဖြစ်တတ်သည့် ကင်ဆာများအနက် ၁၇ ရာခိုင်နှုန်းခန့်သည် အဆုတ်ကင်ဆာဝေဒနာကို ခံစားနေကြရသည်။

၅။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကင်ဆာကြောင့် သေဆုံးနိုင်သူဦးရေမှာ ၁၃ ဒသမ ၁ သန်းခန့်ဖြဟ်မည်ဟု ခန့်မှန်းထားသည်။

ကင်ဆာဖြစ်မှုနှုန်း[ပြင်ဆင်ရန်]

ဖြစ်ပွားမှုအများဆုံးနိုင်ငံ (လူ တစ်သိန်းတွင်)

  • အစ္စရေး = ၉၆ ဒသမ ၈ ရာခိုင်နှုန်း (ဝေဒနာခံစား)
  • နယူးဇီလန် = ၈၉ ဒသမ ၄ ရာခိုင်နှုန်း (ဝေဒနာခံစား)
  • ဩစတြေးလျှ = ၈၄ ဒသမ ၈ ရာခိုင်နှုန်း (ဝေဒနာခံစား)

အသက်ဆုံးရှုံးမှုအများဆုံးနိုင်ငံ (လူတစ်သိန်းတွင်)

  • လက်ဘနွန် = ၂၆ ဒသမ ၁ ရာခိုင်နှုန်း (သေဆုံး)
  • အာမေးနီးယား = ၂၅ ရာခိုင်နှုန်း (သေဆုံး)
  • ဂျော်ဒန် = ၂၄ ဒသမ ၇ ရာခိုင်နှုန်း (သေဆုံး)