ရက်ဗီလေး၊ ဖရန်ဆွာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
François Rabelais
Francois Rabelais - Portrait.jpg
မွေးဖွား ၁၄၈၃ နှင့် ၁၄၉၄ အကြား
ရှိနွန်မြို့၊ ပြင်သစ်နိုင်ငံ
ကွယ်လွန် ၉ ဧပြီ ၁၅၅၃
ပါရီမြို့၊ ပြင်သစ်နိုင်ငံ
အလုပ်အကိုင် စာရေးဆရာ၊ သမားတော်
နိုင်ငံလူမျိုး ပြင်သစ်
မိခင်ကျောင်း University of Poitiers
University of Montpellier
စာပေလှုပ်ရှားမှု Renaissance humanism
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ Pantagruel, Gargantua

ဖရန်ဆွာ ရက်ဗီလေး (အင်္ဂလိပ်: François Rabelais; /ˌræbəˈl/; ပြင်သစ်: [fʁɑ̃.swa ʁa.blɛ]; ၁၄၈၃ နှင့် ၁၄၉၄ အကြား – ၉ ဧပြီ ၁၅၅၃)သည် ၁၅ဝဝ ပြည့်နှစ်လွန်နှစ်များ အတွင်းက ထင်ရှားသော ပြင်သစ်စာရေးဆရာတစ်ဦး ဖြစ်သည်။ ပြင်သစ်နိုင်ငံ တူးရိန်းခရိုင်၊ ရှိနွန်မြို့၌ ဖွားမြင်သည်။ ရက်ဗီလေး မွေးဖွားသော ခုနှစ်ကိုသော်၎င်း၊ ငယ်စဉ်ဘဝကို သော်၎င်း အတိအကျ မသိရချေ။ ရက်ဗီလေးသည် ထိုခေတ်က မိမိပတ်ဝန်းကျင်ရှိလူများ ဆိုးယုတ်မိုက်မဲပုံကို၎င်း၊ ခရစ်ယာန်အသင်းတော်၏ အဖွယ်မရာ အတွင်းရေးများကို၎င်း ဖွင့်ချ ထုတ်ဖော်၍ ရယ်စရာဖြစ်အောင် ရေးသားခဲ့လေသည်။ သူသည် ဟာသရသကို ကောင်းစွာ ပေါ်အောင် ရေးစွမ်းနိုင်သူ ဖြစ်၏။ ရက်ဗီလေးသည် ငယ်စဉ်က ခရစ်ယာန် ဘုန်းကြီးကျောင်း၌ ပညာသင်ကြားခဲ့ရ၍ ကြီးပြင်းလာသောအခါ ဖရန်စစ္စကန်ဂိုဏ်းဝင် ဘုန်းကြီး ဖြစ်လာ၏။ ဘုန်းကြီးဘဝတွင် ရောမ၊ ဂရိ၊ ဟီဗရူး၊ အာရဗစ် စာပေများကို ဝါသနာအလျောက် ကြိုးစား လေ့လာခဲ့၏။ သို့သော် အခြားဘုန်းကြီးများနှင့် မသင့်မတင့်ဖြစ်၍ နောက်ဆုံးတွင် ထိုဂိုဏ်းမှ ထွက်လိုက်ရ၏။ ထိုသို့ ထွက်လိုက်ရသော်လည်း အခြားဂိုဏ်းတစ်ခုဖြစ်သော ဗင်နီဒစ်တင်းဂိုဏ်းသို့ ဝင်၍ ဘုန်းကြီးလုပ်ပြန်၏။ ၁၅၃ဝ ပြည့်နှစ်တွင် ဆေးပညာကို သင်ကြား၍ ခုနစ်နှစ်ကြာသောအခါ ဆရာဝန်ဘွဲ့ကို ရလေသည်။

ထိုစဉ်က ပြင်သစ်နိုင်ငံရှိ ခရစ်ယန်အယူဝါဒ ဂိုဏ်းဂဏများမှာ ဗဟုသုတနည်းပါး မသိနားမလည်ကြ၍ သဘောထား သိမ်ဖျင်းကြ၏။ အမြင်ကျဉ်းမြောင်းကြသဖြင့် အနိုင်ကျင့်ကာ ချုပ်ချယ်တတ်ကြလေသည်။ ထိုကဲ့သို့သော စံနစ်ကို ရက်ဗီလေးသည် လက်မခံနိုင်ချေ။ ထိုကြောင့် ထိုခေတ်အခါက ဘုန်းကြီး များ အကြောင်း၊ ဂိုဏ်းဂဏများ အကြောင်းကို တပ်အပ်သေချာ သိသူ ဖြစ်ရကား အတွင်းရေးများကို သိသလောက် ဖွင့်ချရေးသားခဲ့လေသည်။ ရက်ဗီလေးသည် ထိုဆိုးရွားသော အတွင်းရေးများကို ဖွင့်ချရေးသားရာ၌ ရှုတ်ချသောအနေဖြင့်လည်း မရေး၊ ကဲ့ရဲ့သရော်သည့် သဘောနှင့်လည်းမရေးဘဲ ရယ်စရာ အဖြစ်နှင့်သာ ရေးခဲ့လေသည်။ ရက်ဗီလေး၏စာအုပ်များတွင် အထင်ရှားဆုံးမှာ ဂါဂန်းတူးအားနှင့် ပန်တာဂရူးယယ် ဖြစ်သည်။ ထိုစာအုပ်သည် ဂါဂန်းတူးအား ခေါ် အသားစားကြူးသည့် ဘီလူးကြီးနှင့် ယင်း၏သားသေသောက်ကြူး ယစ်ထုပ်ပန်တာ ဂရူးယယ်တို့အကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။ ရက်ဗီလေးသည် ခေတ်ပညာရေး၊ နိုင်ငံရေး၊ အယူဝါဒအရေးတို့ကို အခြေပြု၍ ရယ်ဖွယ်ရာအဖြစ် ဖန်တီးကား ရေးသား ၏။

ရက်ဗီလေးသည် အယူဝါဒတွင် အယူသည်းမှု အချုပ်အချယ်မှ လွတ်မြောက်ကာ လူ့လောက လူ့သဘာဝကို လေ့လာသော ပညာရှိများထဲတွင် တစ်ဦးအပါအဝင် ဖြစ်လေသည်။ ရက်ဗီလေးသည် လူတန်းစားအမျိုးမျိုးတို့နှင့် ပေါင်းသင်း ဆက်ဆံဖူးသူ ဖြစ်သောကြောင့် သူရေးခဲ့သော စာပေများသည် လူ့ဘဝနှင့်နီးစပ်လေသည်။

ရက်ဗီလေးသည် ဆရာဝန်ဘွဲ့ရပြီးနောက် လီယွန်မြို့ ကုသိုလ်ဖြစ်ဆေးရုံ၌ ၁၅၃၉ ခုနှစ်အထိ ဆရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့၏။ ထိုနောက် ပြင်သစ်နိုင်ငံ အနှံ့အပြား သွားလာ လှည့်လည်ခဲ့၍ မက်ဇမြို့၌ အတန်ကြာနေထိုင်ရင်း ထိုမြို့၏ ဆရာဝန်အဖြစ်လည်း လုပ်ကိုင်ခဲ့လေသည်။

ရက်ဗီလေး၏ စာအုပ်များကို ဆော်ဗန်းတက္ကသိုလ်မှ တားမြစ်ပိတ်ပင်ခဲ့၍ ခရစ်ယန်အသင်းတော်ကလည်း ဝေဖန်ရှုတ်ချခဲ့၏။ မိတ်ဆွေဖြစ်သူ ကာဒင်နယ်ဗင်လေးက အားပေးကူညီသောကြောင့်သာလျှင် သူ၏စာအုပ်များကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ရက်ဗီလေးသည် ၁၅၅၃ ခုနှစ်တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]