ယောဂီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယောဂီဆိုသောစကားသည် ယောဂဟူသော သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည့်စကားဖြစ်၍ အစုအရုံး၊ အပေါင်း အသင်း၊ အဖွဲ့အစည်းဟူသော အဓိပ္ပာယ်ရှိသည်။ ယောဂီ ပညာသည် ဟိန္ဒူလူမျိုးတို့၏ ဘာသာတစ်ရပ်ဖြစ်ရာ တောရပ်မှီသော ရသေ့ကဲ့သို့ လောကီအာရုံ ကာမဂုဏ်အများကို ချိုးနှိမ်ပယ်ဖြတ်၍ သမထလုပ်ငန်းကို ကြိုးပမ်းကျင့်ကြံခြင်းဖြင့် မိမိတို့၏ စိတ်နှလုံး ဖြူစင်သန့်ရှင်းကာ၊ သိဝအမည်ရှိ မိမိတို့ ဘုရားရှင်နှင့် တွေ့ဆုံပေါင်းမိနိုင်မည်ဟု အယူရှိကြသည်။ ထိုပညာကို လေ့လာလိုက်စားသူ များအား ယောဂီဟု အိန္ဒိယနိုင်ငံတွင် ခေါ်ကြသည်။

ယောဂီပုဂ္ဂိုလ်တို့သည် အစာရေစာ မစားဘဲ ဥပုသ်စောင့်ခြင်း၊ ခြေလက်အင်္ဂါ ကိုယ်ခန္ဓာတို့ကို မလှုပ်ရှားဘဲ နေခြင်း စသည်ဖြင့် အာရုံဟူသမျှကို ဖြတ်ကာ အာရုံတစ်ခုတည်းကိုသာ စူးစိုက် ကသိုဏ်းရှုခြင်းဖြင့် မိမိ၏ပတ်ဝန်းကျင် လောကနှင့် အဆက်ဖြတ်ပြီးလျှင် မိမိတို့၏စိတ်အစဉ်ကို ဘုရားအထံတော် ၌သာ အာရုံထားလေသည်။

ဤသို့ ကျင့်ကြသော ယောဂီတို့၏ ထူးခြားချက်မှာ အခြားသာမန်လူတို့ သိရန်ခက်ခဲသော သဘာဝဓမ္မနှင့် အခြားအကြောင်းအရာများကို သိမြင်နိုင်စွမ်းသဖြင့် လူသတ္တဝါတို့အား ဆွဲဆောင်လွှမ်းမိုးနိုင်သော သတ္တိရှိလေသည်။ သိဝဘုရားသည် ယောဂီကြီးဖြစ်သည်ဟု ဆိုကြ၏။

ထိုပညာရပ်ကို ဘီစီ ၁၅ဝ ခန့်က ဥဓနယ် ဂွန်ဒါအရပ်၌ ပါတန်ဂျလီ (ပတဉ္စလီ)အမည်ရှိ အနာဂတ်ကို အမြင်ရသူ ဟိန္ဒူ တစ်ဦးက စတင်အသုံးပြုခဲ့သည်ဟုဆိုကြလေသည်။ မြန်မာနိုင်ငံ၌လည်း သမထ ဝိပဿနာကို ကျင့်ကြံအားထုတ်ကုန်သော သူတော်စဉ်များအား ယောဂီဟု ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)