ယာလည်းညက်စေ ကြက်လည်းပန်းစေ

ဝီကီပီးဒီးယား မှ

ယာလည်းညက်စေ ကြက်လည်းပန်းစေ သည် မြန်မာစကာပုံတစ်ခုဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ခွပ်နေသော တောကြက်နှစ်ကောင် မောပန်းသည့် အချိန်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း မိမိယာကို ထွန်ရေးမပျက် ထွန်သဖြင့် ယာလည်းညက်၊ ကြက်ကိုလည်း အလွယ်တကူ ဖမ်းနိုင်သကဲ့သို့ ကိစ္စတစ်ခုကို အခြေအနေပေးသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း လုပ်ဆောင်ဖွယ် တစ်ခုကို လုပ်နှင့်သဖြင့် အချိန်ပို မကုန်ဘဲ အလုပ်နှစ်ခု ပြီးမြောက်သည်။

နောက်ခံ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၇၃၂-ခုနှစ်တွင် ကလေးနှင့် မိုးညှင်း စစ်ဖြစ်ကြရာ ကလေးစား သိုချည်ဘွားက အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ထံ ‘ကျွန်ုပ်ကို ကူညီပါ၊ အောင်မြင်လျှင် မိုးညှင်းကို ဆက်ပါမည်’ ဟု လျှောက်လာသည်။ မိုးညှင်းစား စောခုံမှိုင်းကလည်း ‘ကျွန်ုပ်ကိုကူညီပါ။ ကလေးကို ဆက်ပါမည်’ ဟု လျှောက်လာသည်။

ထိုကိစ္စကို မင်းကြီးစွာက ပညာရှိအမတ်ကြီး စည်းတပြစ်ကို တိုင်ပင်ရာ အမတ်ကြီးက ‘ကိစ္စတစ်ခုတွင် အမြန်ပြုရသောကိစ္စ၊ အနှေးပြုရသောကိစ္စ ဟူ၍ နှစ်မျိုးရှိသည်။ ဤကိစ္စကို ကြည့်သောအခါ သူတို့နှစ်ဘက် အားအင်မတူကြလျှင် အမြန်ပြုရပါမည်။ ယခုတွင် သူတို့သည် အားချင်းတူနေကြသည်။ ထို့ကြောင့် နှေးနှေးပင် ပြုတော်မူပါ။ စကားအားဖြင့် ဥပမာပုံတစ်ခုကိုလျှောက်တင်သည်။

“လူတစ်ယောက်သည် တောစပ်၌ လယ်ထွန်စဉ် တောကြက်နှစ်ကောင်တို့ ခွပ်နေကြသည်ကို မြင်လျှင် အမြန်သွားရောက်၍ ဖမ်းယူပါက ကြက်များ မောပမ်းခြင်း မရှိကြသေးသောကြောင့် လွတ်ထွက်၍ ပြေးသွားနိုင်သည်။ ငါလည်း လယ်ထွန်သည့် အလုပ်ပျက်လိမ့်မည်။ ထို့ကြောင့် ‘ကြက်လည်းမောစေ၊ ယာလည်း ညက်စေ’ လေအောင် နေစေဦးအံ့ဟု ယာကို ထွန်မြဲထွန်နေ၏။ ယာညက်သောအခါမှ မောပမ်းနေကြပြီးဖြစ်သော ကြက်နှစ်ကောင်ကို သွားရောက်၍ ဖမ်းယူလျက် လွယ်ကူစွာ ဖမ်းရလေ၏။” ဟုသော ဥပမာကို လျှောက်တငမခဲ့၏ ။

"ဤသို့ပင် ယခုလည်း ကလေးရော မိုးညှင်းပါ တိုက်ကြပါစေဦး၊ နှစ်ဦးလုံး မောပမ်းနွမ်းနယ်လာမှ ချီ၍ သိမ်းယူတော်မူပါလျှင် နှစ်ပြည်လုံးကို အလွယ်နှင့်ပင် ရပါလိမ့်မည်" ဟု တင်လျှောက်၏။ အမတ်ကြီး အကြံပေးသည့်အတိုင်း သင့်မြတ်လှသည်ဟု မင်းကြီးစွာသည်လည်း မည်သူ့အားမျှ မကူညီဘဲ နောင်မှချီ၍ သိမ်းပိုက်လျှင် ကလေးနှင့် မိုးညှင်းကို ရလေ၏။ ထိုအခါ စည်းတပြစ်အမတ်ကြီးအား ကလေးနှင့် မိုးညှင်းနှစ်ခုလုံးအား စားစေခွင့် ပေးလေ၏။

(ဤရာဇဝင်လာကိုထောက်၍ နှောင်းလူတို့သည် ထွန်ရေးလည်း ညက်စေ၊ ကြက်လည်း ပန်းစေဟူသော စကားပုံကို စံပြု၍ သုံးစွဲလာကြလေသတည်း။)

ယေဘုယျကိုးကား[ပြင်ဆင်ရန်]

  • မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
  • ဆရာမကြီး ကြည်ဦး၏ စကားပုံအလင်းပြကျမ်း