ယန် စမတ်

ဝီကီပီးဒီးယား မှ
ယန် ခရစ္စယန် စမတ်

ယန်ခရစ္စယန်စမတ်သည် တောင်အာဖရိက ပြည်ထောင်စု နိုင်ငံမှ နိုင်ငံပြု သုခမိန် ဖြစ်သည်။ ဗိုးဝါး လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူဖြစ်၍ ၁၈၇ဝ ပြည့်နှစ် မေလ ၂၄ ရက်နေ့တွင် ကိပ်ကိုလိုနီနယ် ကိပ္ပတောင်းမြို့၌ ဖွားမြင်သည်။ စတယ်လင်ဗော့မြို့၊ ဝိတိုရိယ ကောလိပ်ကျောင်းမှ ဘီ၊ အေ ဘွဲ့ကိုရပြီးနောက် အဂ‡လန်ပြည်သို့ သွားရောက်ကာ ကိမ်းဗရစ်တက္ကသိုလ်တွင် ဥပဒေပညာကို ဆည်းပူးလေသည်။ အင်္ဂလန်ပြည်တွင် ပညာဆည်းပူး ခဲ့ပြီး၍ အာဖရိကတိုက်သို့ ပြန်ရောက် သောအခါ ကိပ္ပတောင်းမြို့တွင် နေထိုင်ကာ ရှေ့နေအလုပ်ဖြင့် အသက်မွေးရာ၌ နာမည်ရခဲ့လေသည်။

ထိုစဉ်ကပင် စမတ်သည် နိုင်ငံရေးတွင် စိတ်ပါဝင်စားလာခဲ့ရာ အထူးသဖြင့် ဗြိတိသျှ အင်ပိုင်ယာ ကျယ်ပြန့်အောင်စွမ်းဆောင်ပေးခဲ့သူ စဲ့စီးရုတ်ကို အားကျပြီးလျှင်၊ ဗိုးဝါးသမ္မတနိုင်ငံများကို ဂရိတ်ဗြိတိန်နှင့် ပူးပေါင်းရန် လိုလားခဲ့၏။ သို့သော် မကြာမီရုတ်သည် ထရန်စဗား သမတနိုင်ငံကို အတင်းအဓမ္မသိမ်းယူရန် ကြံစည်ခဲ့သည်ကို သိရှိသောအခါ စမတ်သည် စိတ်ထားပြောင်းသွား၍ သူ၏အမျိုးသားများ အကျိုးအတွက်ကိုသာ ဆောင်ရွက်တော့မည်ဟု သန္နိဋ္ဌာန်ချပြီးလျှင် ထရန်စဗားသို့ ပြောင်းရွှေ့ နေထိုင်လေသည်။


ထရန်စဗားတွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့ရာတွင် နာမည်ရခဲ့ပြန်သည်။ ထိုအခါ ထရန်စဗား သမ္မတနိုင်ငံ၏ သမ္မတ ကရူးဂါးက စမတ်၏ အရည်အခြင်းကို သိမြင်လာသဖြင့် ၁၈၉၈ ခုနှစ်တွင် အစိုးရရှေ့နေ အကြီးအကဲ အဖြစ် ခန့်ထားခဲ့လေ၏။ ထိုစဉ်က စမတ်မှာ အသက် ၃ဝ ခန့်မျှသာ ရှိသေးသည်။

၁၈၉၉ ခုနှစ်တွင် ဗိုးဝါးစစ်ပွဲများ စတင်ဖြစ်ပွားသောအခါ စမတ်သည် ပထမတွင် စည်းရုံးရေးတာဝန်များကိုသာ လုပ်ကိုင်ခဲ့ရလေသည်။ သို့သော် မကြာမီ ဗိုးဝါးတပ်များကို ခေါင်းဆောင်ကာ တိုက်ပွဲဝင်ခဲ့ရ၏။ ထိုအခါတွင် သူသည် ရှေ့နေအဖြစ် အစွမ်းပြနိုင်သကဲ့သို့ စစ်ဆင်မှုရေးရာတွင်လည်း အစွမ်းပြနိုင်ခဲ့သည်။ အထူးသဖြင့် ပြောက်ကျားစစ်ဆင်ရေးတွင် အလွန်ကျွမ်းကျင်သော ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြရ လေသည်။ နောက်ဆုံးတွင် ပြောက်ကျားတပ်များ၏ သေနာပတိအဖြစ်ပင် ဆောင်ရွက်ခဲ့ရ၏။

၁၉ဝ၂ ခုနှစ်တွင် ဗိုးဝါးစစ်ပွဲဖြစ်၍ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာ၌ စမတ်မှာ အရေးပါအရာရောက်သော ကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင်ခဲ့ရပေသည်။ ထိုနောက် တောင်အာဖရိကတိုက်တွင် စစ်ကြောင့် အခြေအနေ ပျက်ပြားခဲ့ရသည်ကို ပြန်လည်ကောင်းမွန်လာအောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ခဲ့ရ၏။ သူ၏ ရဲဘော် ဗိုလ်ချုပ် ဗိုတာနှင့်အတူ တောင်အာဖရိကတိုက်၌ အင်္ဂလိပ်နှင့် ဗိုဝါးတို့ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ခဲ့လေသည်။ ၁၉ဝ၆ ခုနှစ်တွင် စမတ်သည် အဂ‡လန်ပြည်သို့ သွားရောက်၍ လွတ်လပ်ရေး ဆုံးရှုံးရသော ထရန်စဗားနှင့် နာတဲ၊ ကိပ်ကိုလိုနီပြည်နယ် စသည့် တောင်အာဖရိတိုက် ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်အတွက် ကြိုးပမ်းခဲ့လေသည်။ သူ၏ ကြိုးပမ်းမှုများကြောင့် ၁၉ဝ၆ ခုနှစ်တွင် ထရန်စဗားသည် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရရှိခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်တွင် ဗိုးဝါးနယ်များ ဖြစ်သော ထရန်စဗားနှင့် ဩရိန်းဖရီးစတိတ်တို့ အပြင် ဗြိတိသျှပိုင်နယ်သစ်များဖြစ်သော နာတဲနှင့် ကိပ်ကိုလိုနီပြည်နယ် နှစ်ခုတို့ကို ပူးပေါင်းပြီးသော် တောင်အာဖရိကတိုက်ပြည်ထောင်စုနိုင်ငံ တည်ထောင်ခဲ့လေသည်။ ထိုပြည်ထောင်စု နိုင်ငံ၏ အစိုးရအဖွဲ့တွင် စမတ်သည် ကာကွယ်ရေး၊ ပြည်တွင်းရေးနှင့် သတ္တုတွင်းဌာနဝန်ကြီးအဖြစ် ဆောင်ရွက်ရလေသည်။ မကြာမီ ဘဏ္ဍာရေးဌာနဝန်ကြီး အဖြစ်ကိုပါဆောင်ရွက်ရပြန်၍အစိုးရအဖွဲ့ထဲတွင် အရေးပါဆုံးသော သူတစ်ယောက် ဖြစ်လာလေ၏။

ပထမကမ္ဘာစစ်ကြီးအတွင်းက ပြည်ထောင်စုနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ဗိုတာနှင့်အတူ တောင်အာဖရိကတိုက်တွင် ဗြိတိသျှအင်ပိုင်ယာ မယိမ်းမယိုင်ရလေအောင် ကြိုးပမ်းခဲ့ကြ၏။ ညဂျာမန်နှင့် အင်္ဂလိပ်တို့ စစ်စဖြစ်သည်နှင့် တစ်ပြိုင်နက်ဂျာမန်တို့ကအားပေးအားမြှောက် ပြုခဲ့ခြင်းကြောင့်၊ တောင်အာဖရိကပြည်ထောင်စုနိုင်ငံရှိ ဗိုးဝါးလူမျိုး အချို့သည် ဗြိတိသျှတို့၏ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ရန် ပုန်ကန်ထကြွ ကြလေသည်။ ယင်းသို့ထကြွခဲ့သည်ကို ဗိုလ်ချုပ်ဗိုတာနှင့်အတူ အောင်မြင်စွာနှိမ်နင်းလိုက်လေသည်။ ထိုမျှမကသေး စမတ်သည် ဗိုလ်ချုပ်ဗိုတာနှင့်အတူတပ်ကို ဦးစီးတိုက်ခိုက်ခဲ့သဖြင့် အနောက်တောင်အာဖရိကပြည်နယ်ကိုပင် သိမ်းယူနိုင်ခဲ့လေသည်။ များမကြာမီစမတ်သည် ဗိုလ်ချုပ်ရာထူးတွင် ခန့်ထားခြင်းခံရပြီးနောက် ဂျာမန် အရှေ့အာဖရိကပြည်နယ်ကိုတိုက်ခိုက် သိမ်းယူခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် စမတ်အား ဗြိတိသျှအစိုးရက လန်ဒန်မြို့ သို့ ဖိတ်ခေါ်၍ စစ်ကက်ဗိနက် အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်ထားလေ၏။ ထိုစဉ်က စမတ်သည် လေတပ်တွင်၎င်း အခြားစစ်တပ်ဆိုင်ရာ ကိစ္စများတွင်၎င်း တိုးတက်ပြုပြင်ရေးအတွက် အကြံဉာာဏ်များ ပေးခဲ့၏။ လန်ဒန်လေကြောင်း ကာကွယ်ရေး များကိုလည်း ကြီးကြပ် စီမံခဲ့လေသည်။ တစ်ခါတစ်ရံ စစ်မြေပြင်များသို့ပင် သွားရောက်ကာ ဗိုလ်မှူး၊ ဗိုလ်ချုပ်များနှင့် ဆွေးနွေးခဲ့၏။

ထိုပြင် ပါရစ်ငြိမ်းချမ်းရေး ညီလာခံ၌ အမေရိကန် သမ္မတ ဝီလဆန်နှင့်အတူ သမိုင်းတင်ရစ်အောင် ဆောင်ရွက်ခဲ့လေသည်။ စမတ်သည် နိုင်ငံပေါင်းချုပ်အသင်းကြီးကို အမေရိကန်သမ္မတ ဝီလဆန်နှင့်အတူ စတင် တည်ထောင်ခဲ့သူ ဖြစ်၏။ ၁၉၁၉ ခုနှစ်တွင် အာဖရိကတိုက်သို့ ပြန်ခဲ့ပြီးနောက် ဗိုတာ ကွယ်လွန်သောအခါ ပြည်ထောင်စုနိုင်ငံ၏ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရလေသည်။ ထိုအတောအတွင်း တောင်အာဖရိကတိုက်တွင် ဟာဆော့ ခေါင်းဆောင်သော အမျိုးသားပါတီသည် အင်အားကောင်းလာခဲ့လေရာ၊ ၁၉၂၄ ခုနှစ် ရွေးကောက်ပွဲကြီးတွင် စမတ်သည် အရေးနိမ့်သွားလေသည်။ ထိုနောက်တွင် ၉ နှစ်မျှ အတိုက်အခံ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ငရွက်ခဲ့ယင်း၊ ယထာဘူတပညာကို လေ့လာလိုက်စား ၍ ကျမ်းစာတစောင်ပင် ပြုစုခဲ့သေးသည်။ ထိုအတောအတွင်း နိုင်ငံရေး အခြေအနေမှာလည်း မငြိမ်မသက် ဖြစ်နေခဲ့သေး၏။ ၁၉၃၃ ခုနှစ်တွင်ကား အမျိုးသားပါတီ၏ ခေါင်းဆောင်ဟာဆော့နှင့် နားလည်မှုရယူပြီးသော် ညွန့်ပေါင်း အစိုးရဖွဲ့ကာ စမတ်က ဒုတိယဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ဟာဆော့က ကြားနေလိုသော်လည်း စမတ်နှင့် နောက်ပါတို့က ဂျာမနီအား စစ်ကျေညာလိုက်သည်။ လွှတ်တော်တွင် ဟာဆော့၏ ကြားနေရေး အဆိုမှာ ရှုံးနိမ့်သွားသဖြင့် စမတ်က အစိုးရအဖွဲ့သစ်ဖွဲ့ကာ သူ ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လေ၏။ စမတ် အစိုးရ အဖွဲဲ့သည် ဂျာမနီနိုင်ငံအား စစ်ကျေညာလေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ကာကွယ်ရေးတပ်ဖွဲ့များ၏သေနာပတိ အဖြစ် ခံယူခဲ့၏။ ၁၉၄၁ ခုနှစ်တွင် ဆဋ္ဌမဂျော့ ဘုရင်က စစ်သူကြီး အဖြစ် ခန့်အပ်လေသည်။ ဒိုမီနီယန် စစ်သားကောင်းများ ထဲမှ ထိုရာထူးအဆင့် အတန်းကို စမတ်သည် ပထမဆုံးရရှိ ခဲ့သူ ဖြစ်၏။ ထိုနောက်တွင် သူသည် လန်ဒန်မြို့သို့ သွား ရောက်ကာ စစ်ဖက်ဆိုင်ရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ခေါင်းဆောင်မှုဖြင့် တောင်အာဖရိက ပြည်ထောင်စု နိုင်ငံသည် မဟာမိတ်စစ်အောင်နိုင်ရေးအတွက် အထောက်အပံ့များ ပေးနိုင်ခဲ့လေ သည်။

၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂ စာချုပ်ကြီးကို ရေးဆွဲရာ၌ စမတ်သည် အဖိုးတန်သော အကူအညီများ ပေးခဲ့၏။ ၁၉၄၆ ခုနှစ်တွင် နယူးယော့မြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ လွှတ်တော် အစည်းအဝေးသို့ တောင်အာဖရိက ပြည်ထောင်စုနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့လေသည်။ ၁၉၄၇ ခုနှစ်တွင် ပဋ္ဌမဂျော့ဘုရင်နှင့် မိဖုရားတို့သည် သမီးတော်နှစ်ပါးနှင့်အတူ တောင်အာဖရိကသို့ တိုင်းခမ်းလှည့်လည်ခဲ့စဉ် ဗြိတိသျှ နိုင်ငံတော်တွင် အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်သော အောဒါးအော့မဲရစ် ဂုဏ်ထူးဆောင်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရ၏။


၁၉၄၈ ခုနှစ် ရွေးကောက်ပွဲတွင် စမတ်မှာ အရေးနိမ့်ခဲ့ရ ပြန်လေသည်။ ထိုအခါ ဒေါက်တာ မာလန်းက ဝန်ကြီးချုပ် ရာထူးကို ဆက်ခံသည်။ ထိုနှစ်တွင် စမတ်သည် အင်္ဂလန်ပြည်၊ ကိမ်းဗစ်တက္ကသိုလ်၏ အဓိပတိအဖြစ် ခန့်အပ်ခြင်း ခံရ၏။ သူသည် နိုင်ငံရေးနှင့် စစ်မှုရေးရာများတွင်သာ ထူးခြားသော အရည်အခြင်းနှင့် ပြည့်စုံသည်မဟုတ်၊ ယထာဘူတပညာ ကဝိတဆူ အဖြစ်ဖြင့်၎င်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့်၎င်း၊ ထင်ရှားကျော်ကြားသူလည်း ဖြစ်လေ၏။ စမတ်သည် ဝန်ကြီး ချုပ် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အတိုက်အခံအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်စဉ် ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပရီတိုးရီးယားမြို့အနီးရှိ အိုင်ရင်းမြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)