မှန်ဘီလူး

ဝီကီပီးဒီးယား မှ
တံဆိပ်ခေါင်းတစ်ခုသည် မှန်ဘီလူးတစ်ခု၏ စမ်းသပ်မှုအောက်တွင် ရှိသည်။

ကင်မရာခေါ် ဓာတ်ပုံရိုက် ကရိယာများ၌လည်းကောင်း၊ မျက်မှန်များ၌လည်းကောင်း၊၊ မှန်ပြောင်းများ၌လည်းကောင်း ကျွန်ုပ်တို့သည် မှန်ဘီလူးကလေးများကို အမျိုးမျိုး အစားစား တွေ့မြင်ကြရ၏။ မှန်ဘီလူးတို့ကို မည်သည့်အတွက် တပ်ဆင် ထားရသနည်း။ မှန်ဘီလူးတို့၌ မည်သို့သော သတ္တိထူးများ ရှိသနည်း။

မှန်ဘီလူးများသည် မူလသဘောအားဖြင့် နှစ်မျိုးနှစ်စား ကွဲပြားလေသည်။ အလယ်တွင်ထူ၍ နံဘေးသို့ ပါးသွားသော မှန်ဘီလူးမျိုးကို မှန်ဘီလူးခုံးဟုခေါ်ပြီးလျှင် နံဘေး၌ထူ၍ အလယ်သို့ပါးသွားသော အမျိုးကို မှန်ဘီလူးခွက်ဟု ခေါ်သည်။ ထိုနှစ်မျိုးတွင် တစ်ဖန် မျက်နှာပြင်နှစ်စလုံးခုံးသည်ကို နှစ်ဖက် ခုံးဟူ၍ လည်းကောင်း၊ နှစ်ဖက်စလုံးခွက်လျှင် နှစ်ဖက်ခွက် ဟူ၍လည်းကောင်း၊ တစ်ဖက်က မျက်နှာပြင်ညီ၍ တစ်ဖက်က ခုံးသည်ကို တစ်ဖက်ခုံးဟူ၍လည်းကောင်း၊ တစ်ဖက်ညီ တစ် ဖက်ခွက်သည်ကို တစ်ဖက်ခွက်ဟူ၍လည်းကောင်း အသေးစိတ် ထပ်မံ ခွဲခြား၍ မှတ်သားကြပြန်သည်။

မှန်ဘီလူး၏ ထူးခြားသော သတ္တိမှာ မိမိအပေါ်သို့ကျရောက် လာသော လင်းတန်းကို တိမ်းစောင်းစေခြင်း၊ တစ်နည်း ယိုင် စေခြင်း ဖြစ်သည်။ ထိုသတ္တိနှင့် သက်ဆိုင်သည့် စက္ခုဆိုင်ရာ သဘာဝစည်းကို လင်းတန်း ယိုင်စည်းဟု ခေါ်၍ ထိုစည်း၏ သဘောအချုပ်မှာ ဤသို့ ဖြစ်သည်။ သိပ်သည်းခြင်းနည်းသာ ကြားခံပစ္စည်းတစ်ခု (ပုံပမာ - လေ)ကို ဖြတ်သန်းလာသော လင်းတန်းတစ်ခုသည် ထိုပစ္စည်းထက် ပိုမို သိပ်သည်းသော ကြားခံပစ္စည်းတစ်ခု (ပုံပမာ-ဖန်)၏ မျက်နှာပြင်ပေါ်သို့ စောင်း လိုက်ကျရောက်ပါက ထိုလင်းတန်းသည် ဖန်ထဲ၌ မိမိထိတွေ့ရာ နေရာကို ဖြတ်ဆွဲထားသော မျဉ်းမတ်ဖက်သို့ ယိုင်သွားပြီးလျှင် ဖန်မှ ဖန်ထက် သိပ်သည်းခြင်းနည်းသော လေထဲသို့ တစ်ဖန် ထွက်သွားသောအခါ အလားတူ မျဉ်းမတ်မှ ကား၍ ထွက်သွား လေသည်။

မှန်ဘီလူးခုံးများကို ဖြတ်သန်းသွားသော လင်းတန်းတို့သည် မှန်ဘီလူး၏ အခြားဖက်တစ်နေရာတွင် သွားရောက်ဆုံမိရာ အချက်ကို မှန်ဘီလူး၏ (အလင်း)ဆုံချက်ဟု ခေါ်သည်။ (အလင်း)ဆုံချက်နှင့် မှန်ဘီလူး၏ အလယ်ဗဟိုချက်တို့၏ အကွာအဝေးကို မှန်ဘီလူး၏ ဆုံတာဟု ခေါ်သည်။ မှန်ဘီလူး ခွက်များတွင်မူ ဖြတ်သွားသော လင်းတန်းတို့သည် အခြားဖက် တွင် အပြင်ဘက်သို့ ကား၍ ထွက်ကြသဖြင့် ထိုကား၍ ထွက် သွားသည့် လင်းတန်းများကို နောက်ပြန်မျဉ်းဆက်ဆွဲမှ ရရှိ သော မျဉ်းကြောင်းများ ဆုံမိရာနေရာချက်ကို (အလင်း)ဆုံချက် အဖြစ် မှတ်ယူရလေသည်။ဆုံတာမှာမူ အထက်ပါအတိုင်းပင် ဖြစ်သည်။ ဆုံတာ၏ အလျားမှာ မှန်ဘီလူး၏ ခုံးခွက်ပုံကို လိုက်၍ အတိုအရှည် ရှိလေသည်။

မှန်ဘီလူးခုံးတစ်ခုကို နေရောင်တွင်ခံ၍ စက္ကူ၊ သစ်သား စသော အရာဝတ္ထု တစ်ခုခုအပေါ်၌ အဖြူ စက်ကလေးတစ်ခု ထင်လာအောင် ရှေ့တိုးနောက်ငင် ရွှေ့ပေးပါ။ အဖြူစက်ကလေး ပေါ်လာချိန်တွင် မှန်ဘီလူးကို နေရာမရွေ့စေဘဲ ကိုင်ထားက ထိုနေရာတွင် ရှေးဦးစွာ အငွေ့ထွက်လာရာမှ မီးထတောက်သည် အထိ လောင်ကျွမ်းလာပုံကို တွေ့ရပေလိမ့်မည်။ အပူစု၍ ကျ ရောက်သဖြင့် စက္ကူစလောင်ကျွမ်းသွားသောနေရာမှာ အခြား မဟုတ် ဆုံချက်ပင် ဖြစ်သည်။

မျက်လုံးများ၌ သူငယ်အိမ်သည် မှန်ဘီလူးခုံးနှင့် သူငယ် အိမ်ဆုံချက်သည် မျက်လုံးနောက်ပိုင်းရှိ ရက်တီးနားခေါ် မြင်လွှာနှင့် တစ်ထပ်တည်း မကျဘဲရှိတတ်သည်။ ထိုအခါ မြင်လွှာပေါ်၌ ထင်လာသည့် အရိပ်သည် မပြီသ မထင်ရှားဘဲ ရှိတတ်သည်။ ထိုသို့ဖြစ်သောအခါ မျက်လုံးသူငယ်အိမ်၏ ချွတ်ယွင်းချက်ကို ပြုပြင်ပေး ရန် မျက်မှန် တပ်ဆင်ပေးရလေ သည်။ မျက်မှန် တပ်ဆင်ခြင်းမှာ သင့်တော်သော မှန်ဘီလူး အပိုတစ်ခုဖြင့် အစားထိုး ဖြည့်စွက်ပေးခြင်းပင် ဖြစ်သည်။ သူငယ်အိမ်နှင့် မှန်ဘီလူးကို ပေါင်းစပ်စေခြင်းဖြင့် သူငယ်အိမ် နှင့် မြင်လွှာတို့၏ အကွာအဝေးကို မူမှန်ဖြစ်စေသည့်အတွက် မျက်လုံးကို ကောင်းမွန်စွာ မြင်နိုင်စွမ်းစေရှိလေသည်။

ဓာတ်ပုံရိုက် ကင်မရာများတွင်လည်း မှန်ဘီလူး၏ ဆုံတာ (ဖိုးကပ် အကွာအဝေး)သည် လွန်စွာ အရေးကြီးပေသည်။ ဆုံတာ အကွာအဝေး ချိန်သားမကိုက်ပါက ကင်မရာတွင်ရှိသော ပုံဖမ်း ကော်ပြားပေါ်၌ ကျရောက်ထင်ပေါ်သည့် အရိပ်သည် မပြတ်သား မပြီသနိုင်။ အရိပ်မပြတ်သားက ဓာတ်ပုံသည်လည်း ကြည်လင်ပြတ်သားမည် မဟုတ်ပေ။

မှန်ဘီလူးအခုံးနှင့် အခွက်တို့ မတူသော အချက်တစ်ခုရှိ သည်။ မှန်ဘီလူးတစ်ခုကို အရာဝတ္ထုတစ်ခုနှင့် နောက်ခံကား ချပ် တစ်ခုတို့၏ အကြားတွင်ထား၍ နောက်ခံကားချပ်ပေါ်တွင် ကြည့်လျှင် အရာဝတ္ထု၏ အရိပ်သည် စောက်ထိုးဖြစ်၍ မှန် ဘီလူးသည် အခွက်ဖြစ်လျှင် အရိပ်သည် နဂိုအတိုင်း တည့်မတ် စွာပင် ရှိပေလိမ့်မည်။ ဤသို့ ဖြစ်ရခြင်းမှာ အရာဝတ္ထုတစ်ခုမှ လင်းတန်းတို့သည် မှန်ဘီလူးခုံးကို ဖြတ်သွားသောအခါ အထက်မှ လင်းတန်းသည် အောက်သို့ ယိုင်ဆင်းသွား၍ အောက်မှ လင်းတန်းသည် အထက်သို့ပင် ယိုင်တတ်သွား သည့်အတွက် နောက်ခံကားချပ်ပေါ်တွင်ထင်သော အရိပ်သည် စောက်ထိုးထင်ခြင်း ဖြစ်သည်။ မှန်ဘီလူးသည် အခွက်ဖြစ် လျှင်မူ ဖြတ်သွားသော လင်းတန်းတို့သည် အထက်မှအောက်သို့ အောက်မှ အထက်သို့ ယိုင်ခြင်းသည်လည်း တည့်မတ်စွာ ထင်ခြင်းဖြစ်သည်။

အဝေးကြည့် မှန်ပြောင်းနှင့် (မိုက္ကရိုစကုပ်) အဏုကြည့် မှန်ပြောင်းတို့ကို စီမံထားခြင်းမှာ မူလ အရာဝတ္ထု ထက် အဆပေါင်းများစွာ ကြီး၍ မြင်ရအောင် ဖြစ်သည်။ ထိုမှန် ပြောင်းများ၌ မှန်ဘီလူးတစ်ခုတည်းကို မသုံးဘဲ သင့်တော်သော မှန်ဘီလူးအများကို သင့်တော်သလို စုပေါင်းပြီး တပ်ဆင်ရ သည်။ ထိုအခါ မှန်ဘီးလူးတစ်ခုကြောင့် ဖြစ်ပေါ်လာသော အရိပ်ကို ကျန်မှန်ဘီလူးများက တစ်ဆင့်ပြီးတစ်ဆင့် အကြီးချဲ့ သွားသည့်အတွက် နောက်ဆုံးတွင် မူလအရာဝတ္ထုထက် အဆ ပေါင်းများစွာ ကြီးသောအရိပ်ကို မြင်ရခြင်းဖြစ်သည်။

မှန်ဘီလူးအကောင်းစားများကို ပြုလုပ်ရသော လုပ်ငန်းသည် အခက်ခဲ အသိမ့်မွေ့ဆုံး လုပ်ငန်းတစ်ရပ် ဖြစ်သည်။ အဝေး ကြည့် မှန်ပြောင်းကြီးများအတွက် မှန်ဘီလူး အကြီးစားများကို ပြုလုပ်ရာတွင် လပိုင်း၊ နှစ်ပိုင်း အထိပင် ကြာတတ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)