မှန်တော့ပင်
| Garcinia xanthochymus | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malpighiales |
| မျိုးရင်း: | Clusiaceae |
| မျိုးဇာတ်: | Garcinieae |
| မျိုးစု: | Garcinia |
| မျိုးစိတ်: | G. xanthochymus |
| ဒွိနာမ | |
| Garcinia xanthochymus | |
| Synonyms | |
| |
မှန်တော့ပင်သည် အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် မလေးရှားနိုင်ငံ များတွင် မူလပေါက်ရောက် သည့် သစ်ပင်မျိုးဖြစ်၍ မြန်မာ နိုင်ငံတွင် အနှံ့အပြား ပေါက်ရောက်လေသည်။ အချိုးအစား ကျ၍ ရွက်အုံကောင်းသည့် အပင်မျိုးဖြစ်သည်။ အမြင့် ၂၅ ပေမှ ပေ ၃ဝ အထိ ရှိတတ်သည်။ အရွက်များသည် ကြီးမား မာကျော ပျဉ်းတွဲပြီးလျှင် ၁ဝ လက်မမှ ၁၅ လက်မအထိ ရှည်၍ သုံးလက်မခန့် ကျယ်သည်။ များသောအားဖြင့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ချောမွတ်၍ အဝါ ရောင်ရှိသည့် မက်မောဖွယ်ကောင်းသော အသီး အမြောက် အမြား သီးသည်။ အသီး၏ အရွယ်အစားနှင့် ပုံသဏ္ဌာန်မှာ သေးငယ်သော လိမ္မော်သီးများနှင့် တူသည်။ အသီး၏ အဖျား ဘက်တွင် ဝတ်ဆံမထိပ်ကဲ့သို့ ချွန်ထွက်နေသည်။
အရည်ရွှမ်း၍ အဝါရောင်ရှိသော အသားများကို စားနိုင် သည်။ အရသာမှာ ချဉ်သော်လည်း နှစ်သက်စဖွယ် ဖြစ်၏။ မှန်တော့ပင်၏ အခေါက်များမှာ အဝါရောင်ဆိုးဆေး ရရှိနိုင်ပေသည်။ အာသံပြည်နယ်တွင် ထိုဆိုးဆေးဖြင့် အဝတ်အထည်များကို ဆိုးလေ့ရှိကြသည်။ အသားထူသော အစေ့ကြီးများကို ပျိုးယူခြင်းဖြင့် မှန်တော့ ပင်များကို စိုက်ပျိုးနိုင်ပေသည်။
မှန်တော့ပင်သည် ဂတ်တစ်ဖာရီး(Guttiferae; ယခုအခါတွင် Clusiaceae) မျိုးရင်းတွင် ပါဝင်သည်။ ထိုအပင်ကို ရုက္ခဗေဒ အလိုအရ ဂါဆီနီးယား ဇန်သိုခိုင်းမတ်(Garcinia xanthochymus) ဟူ၍ ခေါ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Hooker, J.D. (1974)။ Flora of British India။ 1။ p. 269။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)