မှန်စီ ကျောက်စီပညာ
မြန်မာနိုင်ငံ အရပ်ရပ်ရှိ တန်ခိုးကြီး ဘုရားများသို့ ရောက်ဖူးသူ တိုင်းပင် တန်ဆောင်းပြာသာဒ်များတွင်လည်းကောင်း၊ ဘုရား ပလ္လင်တော်နှင့် ဂန္ဓကုဋိနံရံများတွင်လည်းကောင်း အရောင် အမျိုးမျိုးရှိသည့် ဖန်စမှန်စတို့ဖြင့် စီခြယ်ထားသည်ကို တွေ့မြင် ကြရပေလိမ့်မည်။ ဤသို့ မှန်ကျောက်တို့ဖြင့် စီမံခြယ်လှယ် ခြင်းကို ရှေးမြန်မာဘုရင်များ၏ နန်းတော်များနှင့် ဘုရား၊ ကျောင်းစသော သာသနိက အဆောက်အအုံများ၌ အထူးပြုလုပ် ခဲ့ကြလေသည်။ ( မြန်မာ ယွန်းထည်လုပ်ငန်း-။) အနောက်တိုင်းများမှာမူကား မှန်ကိုသာမက အခြား အုတ်၊ ကျောက်ရောင်စုံများဖြင့် အဂ‡တေများ ပေါ်တွင် ပုံပန်းသဏ္ဌာန် အမျိုးမျိုးဖြစ်အောင် ပုံဖော်သွင်းမြှုပ်၍ မွမ်းမံ ခြယ်လှယ်ခဲ့ကြ လေသည်။
ဤမှန်စီကျောက်စီ ပညာသည် ယခုခေတ်မှသာ မဟုတ်။ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက် ခေတ်စားခဲ့ပေ သည်။ ရှေးအီဂျစ်လူမျိုးများသည် ဤအတတ်ကို ကောင်းစွာ တတ်မြောက်ခဲ့ကြရာ သူတို့၏ လက်ရာများကို ယနေ့တိုင် တွေ့ရှိနိုင်ပေသည်။ မှန်စီကျောက်စီ ပညာသည် ဗိုင်ဇင်းတိုင် အင်ပိုင်ယာခေတ်တွင် ထွန်းကားခဲ့ပြီးနောက် အီတလီပြည်တွင် မူကား ၁၃ ရာစုနှစ်များတွင်မှ ထွန်းကားလာလေသည်။ ဂရိ လူမျိုးများ၊ အဆီးရီးယန်း လူမျိုးများသည်လည်း မှန်စီကျောက် စီ ပညာကို ကောင်းစွာ တတ်မြောက်ကြ၍ အယူဝါဒဆိုင်ရာ အဆောက်အအုံများတွင် ကောင်းစွာ အသုံးပြုခဲ့ကြလေသည်။
မီးတောင်ပေါက်ကွဲခြင်းကြောင့် ပျက်စီးသွားသော ပွန်ပီယိုင်မြို့၌ တူးဖော်ရရှိသော အဆောက်အအုံ အချို့တို့တွင် ကြမ်းပြင်ကို မှန်ကျောက်တို့ဖြင့် စီခြယ်ထားသည်ကို တွေ့ရှိရပေသည်။ လန်ဒန်မြို့တွင်လည်း အဆောက်အအုံများ ဆောက်လုပ်ရန် အတွက် မြေကြီးကို တူးဖော်သည့်အခါ ရှေးဟောင်း ဗြိတိန် လူမျိုးတို့ သုံးစွဲခဲ့သော မှန်စီကြမ်းပြင်များကို မြေအောက် ၁၂ ပေ ၁၅ ပေအတွင်း၌ တွေ့ရှိကြရလေသည်။ ရှေးခေတ်ကမူ မှန်ကျောက်စီခြယ်ခြင်းကို အယူဝါဒဆိုင်ရာ အဆောက်အအုံ များတွင် အများဆုံး အသုံးပြုကြလေသည်။ အီတလီနိုင်ငံ ဗင်းနစ်မြို့၌ စိန်မတ်ဘုရားရှိခိုး ကျောင်းကြီး၏ အတွင်းဘက် တစ်ခုလုံးတွင် တမန်တော်၏ ရုပ်ပုံအမျိုးမျိုးကို မှန်ဖြင့် စီ၍ ဖော်ပြထားသည်ကို တွေ့ရသည်။ ပြင်သစ်နိုင်ငံ ၁၄ ဆက် မြောက် လူဝီဘုရင်၏ နန်းတော်သည် ဗာဆေးမြို့တွင် တည်ရှိ၍ အချို့ မှန်နန်းဆောင်များသည် ကမ္ဘာကျော်ခဲ့ လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)