မွန်တီနီးဂရိုးပြည်နယ်

ဝီကီပီးဒီးယား မှ

ယခုအခါ မွန်တီနီးဂရိုးပြည်နယ်သည် ယူဂိုစလားဗီးယားနိုင်ငံတွင် ပြည်နယ် တစ်နယ်အဖြစ် ပါဝင်သည်။

အယ်လဗေးနီးယားနိုင်ငံ မြောက်ဘက်၊ အေဒြီ ယက်တစ်ပင်လယ် အရှေ့ဘက်ကမ်းခြေ၌ တည်ရှိသည်။ ၃၇၃၃ စတုရန်းမိုင် ကျယ်ဝန်း၍ တောင်ထူထပ်၏။ မွန်တီနီး ဂရိုးဟူသော အမည်မှာ တောင်နက်ဟု ဆိုလိုသည်။

ရှေးအခါက ကိုယ့်မင်းကိုယ်ချင်းနှင့် အုပ်ချုပ်ခဲ့သော တိုင်းပြည်ဖြစ်၍ တူရကီနိုင်ငံက ဗော်လကန် ကျွန်းဆွယ်ကို အကြိမ်ကြိမ် တိုက်ခိုက် သိမ်းပိုက်ရာတွင် အညံ့မခံ အရှုံး မပေးဘဲ တူရကီတို့၏ ရန်ကို တွန်းလှန်ခဲ့သော တိုင်းပြည် လည်း ဖြစ်သည်။ ၁၉၁ဝ ပြည့်နှစ်တွင် ဘုရင်အုပ်စိုးသော တိုင်းပြည်ဖြစ်လာ၍ ပထမ ကမ္ဘာစစ်အတွင်းက မဟာမိတ် နိုင်ငံများနှင့် ပူးပေါင်းလျက် ဂျာမနီနှင့် ဩစတြီးယားနိုင်ငံ တို့ကို တိုက်ခိုက်ခဲ့သည်။ နစ်ကလတ်ဘုရင်၏ သစ္စာဖောက်မှု ကြောင့် ဂျာမန်နှင့် ဩစတြီးယန်းတို့ လက်အောက်သို့ ကျရောက်ရာမှ ၁၉၁၈ ခုနှစ်၌ တစ်ဖန် လွတ်မြောက်လာသည်။

ပထမကမ္ဘာစစ်ပြီးသည့်နောက် မွန်တီနီးဂရိုးပြည်သည် ဆားဗီးယားပြည်နှင့် ပူးပေါင်း၍ ယူဂိုစလားဗီးယားနိုင်ငံတွင် ပြည်နယ်အဖြစ် ပါဝင်လေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်တပ်များသည် မွန်တီနီး ဂရိုးပြည်နယ်ကို သိမ်းပိုက်ထားရာ ၁၉၄၅ ခုနှစ်တွင် မဟာမိတ် စစ်တပ်များ၏ အကူအညီဖြင့် လွတ်မြောက်လာခဲ့၏။

မွန်တီနီဂရိုး ပြည်နယ်သားများ၏ ဆလဗ်လူမျိုး အဆက် အနွယ်ဖြစ်၍ အတိုက်အခိုက်ဖက်၌ အထူးကျွမ်း ကျင်ကြသည်။ လူဦးရေမှာ ၁၉၆၁ ခုနှစ် သန်းခေါင်စာရင်းအရ ၄၇၁၈၉၄ ယောက်ရှိသည်။ ချိုင့်ဝှမ်းဒေသတွင် ဆေးပင်၊ ပြောင်းပင်တို့ကို စိုက်ပျိုး၍ တောင်စောင်း မြက်ခင်းများ၌ တိရစ္ဆာန်များကို မွေးမြူကြသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)