မြေအောက်မီးရထား

ဝီကီပီးဒီးယား မှ

မြေအောက်မီးရထားဆိုသည်ကား မြေအောက်လိုဏ်ခေါင်းကြီးများ အထဲတွင် လျှပ်စစ်ဓာတ်အားဖြင့် ခုတ်မောင်းနေသော မီးရထားများဖြစ်သည်။ မြေအောက် မီးရထားသည် တက္ကစိ၊ ထရော်လီ၊ ဓာတ်ရထားစသော အခြားလူစီးယာဉ်များနှင့်စာလျှင် ဈေးအသက်သာဆုံး၊ ခရီးအသေချာဆုံး၊ အမြန်ဆုံးယာဉ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တိုင်းကြီးပြည်ကြီးများ၏ မြို့ကြီးပြကြီးများသည် လူဦးရေ အလွန်ထူထပ်သဖြင့် ကူးသန်းသွားလာရေး၌ အလွန်ပင် အခက်အခဲ တွေ့ကြရ၏။ ထိုကြောင့် မြို့ရှိ လူဦးရေအလိုက် ကူးသန်းသွားလာရေး၌ လွယ်ကူစေရန် ပြည်ပိုင် အစိုးရတို့သည် သယ်ယူပို့ဆောင်ရေးကို အနည်းနည်း အဖုံဖုံပြုလုပ်ပေးကြရ၏။ ယင်းသို့သော မြို့ကြီးများတွင် အချိန်သည် အလွန်အဖိုးတန်လေရာ မြို့သူမြို့သား အလုပ်သမား လူထုအဖို့ ကျယ်ဝန်းလှသော မြို့ကြီး၏ တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်ရေးမှာ လူဦးရေထူထပ်သော မြို့ကြီးများ၌ အလွန်ပင် အချိန်ကြန့်ကြာ၍ အခက်အခဲတွေ့ကြရလေသည်။ ထိုကြောင့် လျင်မြန်၍ စရိတ်ကုန်သက်သာသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိ ထိုကဲ့သို့သော မြို့ကြီးများ၌ အလွန်ပင် လိုအပ်လှပေသည်။ ယင်းသို့သော မြို့ကြီးများ ၌ မီးရထား၊ ဓာတ်ရထား၊ ထရော်လီ၊ ဘတ်စကားများနှင့်ပင် သယ်ယူပို့ဆောင်ရေးမှာ မလုံလောက်သေးချေ။ ထိုကြောင့် မြေပြင်ပေါ်တွင် သာမက မြေအောက်တွင်ပါ သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်းများ တီထွင်လာ ရာမှ မြေအောက်မီးရထားများ ပေါ်ပေါက်လာခဲ့လေသည်။ ထိုမြေအောက် မီးရထားများကို သုံးသည့်စံနစ်မှာ လန်ဒန်မြို့တွင် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့၏။


၁၈၆၃-ခုနှစ်တွင် လန်ဒန်မြို့တော်တွင်း အတွက် စတင်ဖွင့်လှစ် အသုံးပြုခဲ့၍ ၁၈၆၈ ခုနှစ်တွင် ဆင်ခြေဖုံးရပ်ကွက်များအတွက် စတင်ဖွင့်လှစ် အသုံးပြုခဲ့သည်။ ဦးစွာ၌ မြေအောက် မီးရထားမျာ မောင်းနှင်ရန် ရေနွေးငွေ့ အားကို ပင် အသုံးပြုခဲ့ကြသည်။ ထိုအခါက မီးရထားများသည်ကျဉ်းကျပ်သည့်ပြင် ရေနွေးငွေ့သုံးသည့်အတွက် မီးရထားလမ်း လိုဏ်ခေါင်းသည် မီးခိုးများဖြင့် အသက်ရှူကျပ်ကာ ၊ မီးရထားစီးများသည်လည်း အလွန်ဆင်းရဲဒုက္ခ ဖြစ်ကြရ၏။ မြေအောက်ဖြစ်နေသဖြင့် သန့်ရှင်းသော လေဝင်လေထွက် ကောင်းကောင်းရရန် အရေးကြီးရာ၊ ဆိုခဲ့သော စံနစ်ကို တာရှည်သုံးသွားရန် မဖြစ်သဖြင့် တိုးတက်ပြုပြင်ရလေသည်။ ယင်းသို့ဖြင့် မြေအောက် မီးရထားများသည်လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သည့် ရထားများဖြစ်လာကာ၊ မြေအောက်လိုဏ်ခေါင်းတွင် လေဝင်လေထွက်ပေါက် လုံလောက်စွာထားပေးရ၏။ ထိုမီးရထားလမ်းများ ဆောက်လုပ်ပုံမှာလည်း နှစ်မျိုးရှိသည်။ ပထမနည်းမှာ လမ်းမကြီးများကို တူးဖော်ထုတ်ပစ်ပြီးလျှင် မြေအောက်ထဲတွင် နက်လှသော မြောင်းကြီးများ တူးပြီးနောက် မီးရထားလမ်းများ ပြုလုပ်၏။ ထိုနောက်မှ အပေါ်မှ လမ်းမကြီးများကို ပြန်ခင်းလေသည်။ ထိုကဲ့သို့သော မြေအောက် မီးရထားလမ်းမျိုးမှာ လေးထောင့် ရှည်လျားလျားဖြစ်၏။ ထိုသို့သော မီးရထားလမ်းမျိုး နှစ်ခုဖြတ်ကျော်သည့် လမ်းဆုံများတွင် တစ်လမ်းကို အခြားတစ်လမ်းထက် မြေအောက်နက်နက်တွင် ဖောက်လုပ်ထားရလေသည်။


အခြားတစ်နည်းမှာကား မြေအောက်လိုရှိသည့်အနက်တွင် ပြွန်ခေါင်းသဖွယ် လိုဏ်ခေါင်းကြီးများကို ဖောက်လုပ်ခြင်ဖြစ်၏။ ထိုနည်းမှာ မြေပြင်ပေါ်မှ လမ်းများကို ဖျက်ရခြင်းမရှိချေ။ ထိုမီးရထားလမ်းများသည်ကား လုံးဝန်းသော သဏ္ဌာန်ရှိကြ၍ လိုဏ်ခေါင်းနံရံများသည် သံပြွန်ခေါင်းကြီးများဖြစ်ကြ၏။ လန်ဒန်မြေအောက်မီးရထားသည် အစတွင် ဆိုခဲ့သော ပထမစံနစ်ကိုသုံးခဲ့၏။ သို့သော်နောင်အခါတွင်ကား ဒုတိယစံနစ်ကို သုံခဲ့ရာ ယခုအခါ လန်ဒန်မြေအောက် မီးရထားများကို လန်ဒန်ပြွန်ခေါင်းများ ဟုပင် ခေါ်ဆိုကြသည်။ နယူးယော့မြို့ရှိ မြေအောက် မီးရထားလမ်းများကား ယခုထက်တိုင် ပထမစံနစ်အတိုင်း ပြုလုပ်ထားသည့် လမ်းမျိုးကို သုံးလျက်ပင်ရှိ၏။


လန်ဒန်မြေအောက် မီးရထားမျိုးသည် ရန်ကုန်နှင့် ဆင်ခြေဖုံးရပ်ကွက်သွား အချို့သော ဒီဇယ်မီးရထားများကဲ့သို့ ရထားခေါင်းတွဲသည် နောက်ကလူစီးတွဲများနှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။ ခေါင်းတွဲရှေ့ဆုံးပိုင်း၌ ဓာတ်အားဖွင့်ပိတ်သော ခလုတ်များပါသည့် ၃ ပေကျယ်အခန်းကလေးတစ်ခန်းပါသည်။ ထိုအခန်း၌ မောင်းသူဝင်၍ ခလုတ်ဖွင့်ကာ မောင်းနှင်ရသည်။ ခေါင်းတွဲ၏ ကျန်အပိုင်း၌မူ လူစီးတွဲအတိုင်း ထိုင်ခုံများရှိသည်။ ရထား နောက်ဆုံးတွဲသည် ဂတ်တွဲဖြစ်သည်။ ဂတ်တွဲဆိုသော်လည်း ဂါတ်ဗိုလ်၏အခန်း ၃ ပေ ကျယ်ကလေးမှအပ ကျန်နေရာများသည် လူစီးတွဲအတိုင်းပင် ထိုင်ခုံများ ရှိသည်။ ဂါတ်ဗိုလ်က လျှပ်စစ်ဓာတ်ဖြင့် ခလုတ်နှိပ်၍ ရထား တစ်ခုလုံးမှ တွဲတံခါးမျာကို ဖွင့်ပေးပိတ်ပေးရသည်။ တံခါးပိတ်ပြီးသော် ခေါင်းတွဲကို ခလုတ်နှိပ်ကာ အချက်ပေးလျှင်၊ ခေါင်းတွဲမောင်းသူက မောင်းထွက်သွားတော့သည်။ မြေအောက် မီးရထားသည် တစ်နာရီလျှင် မိုင် ၄ဝ မျှ ခုတ်မောင်းသည်။ တစ်နာရီလျှင် ၁ဝ စက္ကန့်မှ ၁၅ စက္ကန့်လောက် သာရပ်သည်။ ရုံးတက်ရုံးဆင်းချိန်တွင် တစ်မိနစ်တစ်စင်းမျှ ရှိလျက် အခြားအချိန်များတွင် ၃ မိနစ်မှ ၅မိနစ် တစ်စင်းရှိတတ်သည်။


မြေအောက်မီးရထား ဘူတာရုံတိုင်းတွင် ဘူတာအမည်ကို မှန်ဆိုင်းဘုတ်ဖြင့် ရေးထားသည်။ ဆိုင်းဘုတ်ရှိရာ အပေါက်မှမြေအောက်သို့ လှေခါးတိုကလေး တစ်စင်းနှစ်စင်းနှင့်ဆင်းသွားလျှင် လက်မှတ်ရုံသို့ရောက်၍ လက်မှတ်ဝယ်ရသည်။ လက်မှတ်ရုံများ အပြင်ပိုက်ဆံထည့်လိုက်လျှင် မိမိအလိုရှိသည့် ရထားလက်မှတ် အလိုအလျောက် အထဲမှ ထွက်ပေါ်လာသော စက်များလည်း ရှိသည်။ လက်မှတ်ရလျှင် ရထားစင်္ကြံများရှိရာ မြေအောက်သို့ ရိုးရိုးလှေကားဖြင့်လည်းကောင်း၊ လှိ်မ့်လှေခါးဖြင့် ဆင်းသွားရသည်။ ထိုနောက်ဘူတာရုံတွင်အခမဲ့တောင်းယူနိုင်သော မြေအောက်မီးရထား မြေပုံ၌ မိမိသွားလိုသော လမ်းစဉ်ကို ရှာဖွေပြီးလျှင် ရထားကိုစောင့်ရသည်။ ရထားဝင်လာ၍ ဘူတာ၌ ဆိုက်သောအခါ တွဲတံခါးများ အလိုလိုပွင့်လာသည်။ ရထားပေါ်သို့ ခရီးသည်များ တက်ပြီးသော် စက္ကန့်အနည်းငယ်ကြာသောအခါ၊ တံခါးများအလိုလို ပိတ်၍ ရထားထွက်သွားသည်။


ရထားတွဲ မျက်နှာကြက်နှင့် နံရံ ဆက်စပ်ရာထောင့်ကွေးတွင် ခရီးစဉ်တစ်လျှောက်ရှိ ဘူတာများအမည်ကို မြေပုံနှင့်တွဲတိုင်း၌ပြထားသည်။ ဘူတာသို့အဝင် ကိုက်တစ်ရာခန့်နှင့် ဘူတာမှအထွက် ကိုက်တစ်ရာခန့်အထိ ရထားသွားရာလိုဏ်ခေါင်းတစ်လျှောက်တွင် တွဲတွင်းမှ မြင်နိုင်သော လိုဏ်ခေါင်းနံရံနေရာ၌ ရောက်မည့်ဘူတာအမည်ကို ဆယ်ပေကွာခန့်တွင် တစ်ခုကျကပ်ထားသည်။ ရထားရပ်ရန်အရှိန်သတ်လိုက်သောခဏ၌ပင် လိုဏ်ခေါင်းနံရံကို တွဲပြတင်းမှန်ပေါက်မှ ကြည့်လိုက်လျှင် ဆိုက်မည့် ဘူတာကို အလွယ်တကူ သိနိုင်သည်။ မိမိ အလိုရှိရာ ဘူတာသို့ရောက်လျှင် ထွက်ပေါက်ဟု မီးဆိုင်းဘုတ် ဆွဲထားသော လမ်းအတိုင်း လိုက်လာပါက၊ အထက်လှိမ့်လှေခါးဖြင့် မြေပြင်သို့ ထွက်လာနိုင်သည်။ ယခုအခါ မြေအောက် မီးရထားများကို အလွန် လူသုံးများနေသဖြင့် တိုးတက်ပြုပြင် ချဲ့ထွင်မှုများ ပြုလုပ်လျက်ရှိ၏။ ထိုမြေအောက် မီးရထားမျိုးသည် လန်ဒန်မြို့တွင် သာမက အမေရိကိန်နိုင်ငံရှိ နယူးယော့မြို့၊ ဖိလဒဲလဖီးယားမြို့၊ ဗော့စတန်မြို့၊ရှီကာဂိုမြို့ကြီးများ၌လည်းကောင်၊ တော်ငအမေရိကတိုက် ဗွေနို့ဆိုင်းရက်မြို့၊ စပိန်နိုင်ငံ မဒရစ်မြို့၊ ပြင်သစ်နိုင်ငံ ပါရစ်မြို့၊ ရုရှားနိုင်ငံ မောစကိုမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့များတွင် လည်းကောင်း ရှိလေသည်။ နယူးယော့မြို့တော်ရှိ မြေအောက် မီးရထားသည် ကမ္ဘာပေါ်တွင်အကြီးဆုံးနှင့် ဆောက်လုပ်ပုံ စံနစ်အကောင်းဆုံးဖြစ်၍ မောစကိုမြို့ မြေအောက်မီးရထားမှာ အလှပဆုံး ဖြစ်၏။


မြေအောက်မီးရထားလမ်းများ ခဲခဲယဉ်းယဉ်းနှင့် ဖောက်ထားပုံကို ကြည့်၍ ယခုခေတ် အင်ဂျင်နီယာပညာသည် မည်မျှ စွမ်းဆောင်နိုင်ပုံကို သိနိုင်ပေသည်။ လန်ဒန်မြေအောက် မီးရထားလမ်းများမှာ လန်ဒန်တစ်မြို့လုံး၏ မြေအောက်၌ အနှံ့အပြား ဖောက်လုပ်ထား၍ ၊ ဝင်္ကပါတမျှ ရှုပ်ထွေးပွေလိမ်လျက်ရှိပေ၏။ သို့ဖြစ်ပါလျက် လမ်းတစ်လမ်းပေါ်၌ပင် တစ်နာရီအတွင်း ရထားအစင်း ၄ဝ ခန့်သည် တိုက်မိခြင်း၊ နှောင့်နှေးခြင်း မရှိဘဲ ခုတ်မောင်းနေ ကြသည်မှာ အံ့ခြီးဖွယ်ရာတစ်ရပ်ပင် ဖြစ်ပေတော့သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)