မြေတိုင်းပညာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြေတိုင်းပညာ[ပြင်ဆင်ရန်]

မြေတိုင်းပညာသည် အီဂျစ်နိုင်ငံမှ စတင် ဖြစ်ထွန်းခဲ့ဟန် လက္ခဏာရှိသည်။ ထိုအတတ်သည် မြို့ပြဆိုင်ရာ အင်ဂျင်နီယာပညာတွင် အကျုံးဝင်၍ မြေ၏ အနေအထား ပုံသဏ္ဌာန်များနှင့် ဧရိယာ အကျယ်အဝန်းများကို တိကျစွာ တိုင်းတာပြီးနောက် လွယ်ကူမည့်စကေးဖြင့် ပုံများဆွဲယူသည် ့် အတတ်ဖြစ်သည်။ အဆောက်အအုံမျာ၊ မီးရထားလမ်းများ၊ တူးမြောင်းစသည်များကို မဖောက်လုပ်မီဆိုင်ရာဒေသ မြေနေရာများကို ရှေးဦးစွာတိုင်းတာပုံဆွဲရ၍ ဆောက်လုပ် မည့် အဆောက်အအုံ၏ ပုံစံကို အတိအကျရေးဆွဲပြီးမှ ဆောက်လုပ်ကြရလေသည်။


လမ်းမကြီးတစ်ခုကို ဖောက်လုပ်ရန် ကြံစည်သည် ဆိုပါစို့။ မည်သည့်နေရာတွင် မြေကို မည်ရွေ့မည်မျှ၊ မည်ကဲ့သို့ တူးပစ်ရမည်၊ ဖို့ရမည်၊ ညိ|ပေးရမည် စသည်ဖြင့် တိကျစွာ ညွှန်ကြားချက် များပေးထားသော မြေပုံမရှိခဲ့လျှင် အလုပ် သမားတို့သည် လမ်းကိုမည်သည့်နည်းမျှ သေချာကျနစွာ ဖောက်လုပ်နိုင်ကြမည် မဟုတ်ချေ။ ထိုအတွက် အင်ဂျင်နီယာများသည် လမ်းဖောက်ရမည့်မြေကိုတိကျ စွာ တိုင်းတာနိုင်သောကိရယာများဖြင့် တိုင်းတာ၍ မြေပုံတွင် စကေးဖြင့် လမ်းကိုရေးဆွဲကြရသည်။ မည်သည့်နေရာတွင် လမ်းကိုကွေ့စေ၍ မည်သည့်နေရာတွင် လမ်းကို ဖြောင့်မတ် စွာ ဖောက်လုပ်က အလုပ်နှင့် စရိတ်သက်သာမည်၊ မသက် သာမည် စသည်တို့ကို ခန့်မှန်းကြသည်။ မြေပုံကို သဘော ကျပြုပြင် အတည်ပြုပြီးမှသာ လမ်းကို စတင်ဖောက်လုပ်ကြ ရလေသည်။ လေယာဉ်ပျံများ ပေါ်ပေါက်လာသည့် ယခုခေတ်တွင် တောတောင် ထူထပ်၍ အလွန်ကျယ်ဝန်း သော ဒေသများကို လေယာဉ်ပျံပေါ်မှ အထူးဓာတ်ပုံများ ရိုက်ယူပေးခြင်းဖြင့် မြေပေါ်ရှိ မြေတိုင်းသမားများကို ကူညီလေသည်။


မြေတိုင်းရာတွင် နည်းနှစ်မျိုးကို အသုံးပြုကြသည်။ တစ်မျိုး မှာ ပလိန်း ခေါ် မြေပြန့်တိုင်းနည်းဖြစ်၍ အခြားတစ်မျိုး မှာဂျီအိုဒက်တစ်ခေါ် ပကတိမြေ အနေအထား တိုင်းနည်း ဖြစ်သည်။ မြေပြင်တိုင်းတာခြင်းနှင့် ရေကြောင်းတိုင်းတာခြင်း တို့ ပါဝင်သောပလိန်းခေါ် မြေပြန့်တိုင်းနည်းသည် မြေ ကွက်ငယ်များကို တိုင်းတာ၍ ကမ္ဘာ့မြေမျက်နှာပြင်ကို မြေ ပြန့်အဖြစ် ယူဆထားသည်။ ဂျီအိုဒက်တစ် နည်းဖြင့် ကျယ်ဝန်းသော မြေနေရာများကို တိုင်းတာကြသည်။ ဤနည်းတွင် ကမ္ဘာကြီး လုံးနေမှုကြောင့် ကမ္ဘာ့မြေမျက် နှာပြင် ခုံးနေသည့် အချက်ကိုပါ ထည့်သွင်းတွက်ရလေသည်။ အလွယ်ဆုံး မြေတိုင်းနည်းမှာ မြေကွက်ကို တရိဂံပုံများအဖြစ် ခွဲပြီး တိုင်းတာသော နည်းဖြစ်၏။ တရိဂံများ၏ အကျယ်အဝန်းကို တွက်ယူပြီးနောက် အားလုံးကို ပေါင်းလိုက်သောအခါ မြေကွက် တစ်ခုလုံး၏ အကျယ်အဝန်းကို ရလေသည်။ မြေတွင် တရိဂံ ပုံတစ်ခုဆွဲရာ၌ ပထမ အလျား အတာ်အသင့်ရှိသော အခြေပြုမျဉ်း ဖြောင့်တစ်ခုကို သတ်မှတ်ပြီးနောက် တိကျစွာ တိုင်း၏။ ထိုနောက် တရိဂံထိပ်ထောင့် အကွက်တစ်နေရာတွင် အမှတ်တစ်ခုကို မှတ်သားပြီးလျှင် ထိုအမှတ်နှင့် အခြေပြုမျဉ်းဖြောင့် အစွန်းတစ်ခုစီ ီတို့မှဖြစ်ပေါ်လာသော ထောင့်နှစ်ထောင့်ကို တိကျစွာ တိုင်းယူလေ သည်။ ဤအခြေပြုမျဉ်း၏ အလျားနှင့် ထောင့်များမှ တရိဂံ၏ ဧရိယာကိုတွက်ယူလေသည်။ ဤနည်းအတိုင်း ဆက်၍ဆက်၍ တိုင်းတာသွားရာနောက်ဆုံးတွင် မြေကွက်၏ ဧရိယာ အကျယ် ်အဝန်းကို ရလေသည်။


ထောင့်များကို တိုင်းရာ၌ မြေတိုင်းသူသည် သိဩဒလိုက် ခေါ် ထောင့်တိုင်း ကရိယာကို အသုံးပြု၍ မြေပြင်အနိမ့်အမြင့် ကို တိုင်းသောအခါ လယ်ဗယ် ခေါ် မြင့်ခြားတိုင်းကရိယာကို အသုံးပြုလေသည်။ အလျားကို တိုင်းသောအခါ မြေတိုင်းသံကြိုး၊ သို့မဟုတ် သတ္တုပေကြိုးများကို သုံးလေ့ရှိကြသည်။ သို့သော် အလွန်တိကျစွာ တိုင်းတာရန်လိုသောအခါ အထူးပေကြိုးတစ်မျိုးကို အသုံးပြုရ၏။ ထိုပေကြိုးမှာ နစ်ကယ်နှင့် သံမဏိစပ်ထားသော သတ္တုစပ်ဖြင့် ပြုလုပ်ထားသဖြင့် သာမန် အပူအအေးဒဏ်နှင့် တွေ့သော်လည်းစန့်ခြင်း၊ ကျုံ့ခြင်းမရှိပေ။ အချို့သံမဏိပေကြိုးများ တွင် လက်မနှင့် ပေအလိုက် မှတ်သားထား၍ အချို့တွင် ၁ဝ ပေ အမှတ်သားများပါရှိသည်။


မြေတိုင်းရာတွင် အမှန်ကန်ဆုံးသောနည်းကား ဂျီအိုဒက်တစ် နည်းပင်ဖြစ်၍ ထိုနည်းဖြင့် ကမ်းရိုးတန်းမြေ၏ အနိမ့်အမြင့် နှင့် နယ်စပ်တည်နေရာ စသည်တို့ကို တိုင်းတာကြသည်။ ရေကြောင်း တိုင်းတာနည်းဖြင့် ရေရှိသောနေရာ၏ အကျယ်အဝန်း၊ ပုံသဏ္ဌာန်နှင့် ရေ၏ အတိမ်အနက်စသည်တို့ကို တိုင်းတာကြ သည်။ ထိုနောက် ပတ်ဝန်းကျင်ဒေသများကို အမှီပြုကာ ပုံများကို ိုရေးဆွဲကြရသည်။


ထိုပုံမျိုးတွင် ကမ်းခြေ အနေအထား၊ ရေအောက်တွင် မြုပ်နေသော ကျောက်ဆောင်များနှင့် ချောင်းမြောင်းတို့၏ အနေအထား စသည် ်တို့ကိုလည်း ဖော်ပြထားလေ့ရှိသည်။မြေတိုင်းပညာသည် အင်ဂျင်နီယာ အတတ်ဆိုင်ရာ ပညာခွဲတစ်ခုဖြစ်၍ နေရာပေါင်းများ စွာတွင် အရေးကြီး အသုံးပြုကြသည့်အတိုင်း အင်ဂျင်နီယာကျောင်း များ၌ ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားကြရလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)