မြို့၊ ဦး
မြို့ဦး(မြန်မာ ၁၂၃၇-၁၂၉၈)
[ပြင်ဆင်ရန်]ဦးမြို့သည် တောင်ငူခရိုင် ရွှေကျင်မြို့ ညောင်ဝိုင်းရပ်၌ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလတွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ရွှေမြို့ ဖြစ်သည်။ အရွယ်ရောက်သည့်အခါ အတန်းကျောင်းတွင် ၇တန်းအထိ သင်ကြား၍၊ အသက် ၁၈ နှစ်သားအရွယ်တွင် ကြေးတိုင်းရုံး၌ အကူစာရေးအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။
အသက် ၂ဝ အရွယ်တွင် ရွှေကျင်မြို့ အနောက်တိုက်ဟု လည်းခေါ်သော ရွှေတောင်ဦး ဘုရားအဆင်း၊ မန္တလေးကျောင်း ဆရာတော်ကြီး ဦးသာသနထံတွင် ရဟန်းပြုသည်။ ဘွဲ့ ဦးဝါယမဖြစ်သည်။ ဆရာတော်ကြီးထံ၌ သဒ္ဒါသင်္ဂြိုဟ် အခြေခံစာများ သင်ကြားပြီးနောက် ရဟန်း တဝါအရာတွင် မန္တလေးမြို့ ဘုရားကြီးတိုက် ဆရာတော် ဦးရန်ကုန် ဆရာတော် ဦးပိုင်တို့ထံတွင် ဆက်လက်ပညာ သင်ကြားသည်။ ထို့နောက် ညောင်လေးပင်မြို့ တောရကြီးဆရာတော် ဦးသောမထံတွင် ပညာသင်ကြားပြန်သည်။ ရဟန်းဝါ ၈ ဝါတွင် ရွှေတောင်ဦးတောင်စောင်း ရှေးယခင် ဘုန်းတော်ကြီး ဦးသီလ သီတင်းသုံးတော်မူဖူးသော ဂူကလေးနေရာ၌ ရွှေဂူကျောင်းတိုက် အမည်သမုတ်၍ စာသင်တိုက်တည်ထောင်သည်။ ထိုစဉ်အခါ ၁ဝ ဝါပြည်၍ ဆရာတော် တပည့် ၁ဝ ဝါရ ဦးမေဃကို ဦးစီးပြုစေကာ စသင်သားငါးဆယ်ခန့်ကို စာချသည်။ ဦးမေဃအား ကျောင်းကိုအုပ်ချုပ်စေ၍ ဦးဝါယမ (ဦးမြို့)သည် တရားဟော ဓမ္မကထိက အဖြစ်ဖြင့် ကျောင်းတိုက်ကို ပြုစုပျိုးထောင်သည်။ ဦးဝါယမအသံမှာ အသံဝါကြီးဖြစ်၍ ပြတ်သားခြင်း၊ ခန့်ညားခြင်း၊ အနုသန္ဓေ အဆက်အစပ် ကောင်းခြင်းတို့ကြောင့် လူကြိုက်များလာကာ ဓမ္မကထိက အကျော် ဖြစ်လာသည်။
၁၂၆၅ ခုနှစ်တွင် လယ်တီဆရာတော် ဘုရားကြီးသည် နိုင်ငံတွင် နေလပမာ ထွန်းပေါ်လာသည်။ တနိုင်ငံလုံးတွင် ပရမတ္တသံခိပ် သာသနာသည် သိသိသာသာသာ အားရှိလာသည်။
ဦးဝါယမသည် လယ်တီဆရာတော် ဘုရားကြီးထံသို့ တပည့်အဖြစ်ဖြင့် ဆည်းကပ်ပြီးလျှင် ဆရာတော်ကြီး၏ ဟောနည်းကို နည်းခံသည်။ ဆရာတော်ကြီးနှင့် လေသံ တထေဝ တည်းဖြစ်အောင် ဟောပြောသည်။
၁၂၆၈ ခုနှစ်တွင် ရွှေဂူကျောင်းတိုက်ကြီးကို ဦးမေဃအား အပ်ခဲ့၍ ရန်ကုန်မြို့သို့ ဆင်းလာသည်။ ရန်ကုန်မြို့ ဗဟန်းရပ် ဒေါ်စန္ဒာအရပ်တွင် ခေတ္တနေ၍ ဓမ္မသာဝန ဗုဒ္ဓသာသနာပြုအသင်းကို တည်ထောင်သည်။ ဓမ္မသာဝန အသင်းတွင် ဥက္ကဋ္ဌမှာ ဆာဂျေအေ မောင်ကြီး၏ ဖခင် အက်ဒွပ် ဦးခင် (ဘလုပ်တိုက် ကိုယ်စားလှယ်)၊ ဒုတိယဥက္ကဋ္ဌ ပညာဝန်ထောက်ဦးမုန်း (ကျက်သရေဆောင် ရွှေစလွယ်ရမင်း) ငွေထိန်းလူကြီး သုဓမ္မဝတီ တိုက်ရှင် ့ပွဲစားကြီး ဦးဘာစိုင်၊ အကျိုးဆောင် စက္ကရီထေရီ ဘလုပ်တိုက် ဦးဂျေးကပ်တို့ပြင် မာဖီယားသဌေးကြီးသား ခန်ချောခိုင် တို့ ပါဝင်ကြသည်။ တနင်္ဂနွေတစ်ပတ်တွင် သုံးကြိမ် သိမ်ကြီးတန်ဆောင်းနှင့် ဆူလေကုန်းတော်တွင် ဦးဝါယမ တရာဟောသည်။ ထိုအချိန်တွင် လယ်တီဦးဝါယမဟူ၍ ဖြစ်လာသည်။
၁၂၇ဝ ပြည့်နှစ်တွင် သိမ်ကြီးနှင့် စစ်ကဲမောင်ထော်လေး လမ်းတွင် မြန်မာပြည် ဗုဒ္ဓသာသနာပြု စာပုံနှိပ်တိုက်ကို တည်ထောင်သည်။ ထိုအခါ အမေရိကန် သာသနာပြု ပုံနှိပ်တိုက်က သာသနာပြု (မစ်ရှင်) ဆိုသော စာလုံးကို အသုံးမပြုရန် စာရေးအကြောင်းကြားလာသည်။ 'ထိုစာလုံးဟာ မင်းတို့ပိုင်တာမဟုတ်ဘူး ' ဆုံးဖြတ်၍ စာမပြန်ဘဲ ထားလိုက်သည်။ နောက်ထပ် ထိုအကြောင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ပြောဆိုလာခြင်းမရှိတော့ချေ။
ဓမ္မသာဝန ဗုဒ္ဓသာသနာပြု အသင်းနှင့် မြန်မာပြည် ဗုဒ္ဓသာသနာပြု စာပုံနှိပ်တိုက်မှ လစဉ် ဓမ္မဒေသနာတရား သတင်းစာကို ၁၂၆၉ ခုနှစ်မှ စ၍ ထုတ်ဝေသည်။ အသင်းတံဆိပ်မှာ ခြင်္သေ့အလံကိုင်၊ အလံတွင် ( သန္နိဋ္ဌိကော ဓမ္မော) ထည့်ထားသည်။ ၁၂၆၈ ခုနှစ်မှ ၁၂၇၂ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် လယ်တီပရမတ္တသံခိပ်၊ သာသနာနှင့် ဓမ္မသာဝနအသင်း၏ တရားသံတို့ လွှမ်းမိုးချိန် ထွန်းလင်းချိန်ဟု ဆိုနိုင်ပေသည်။
၁၂၇၂ ခုနှစ်တွင် လယ်တီဦးဝါယမသည် လူဝတ်လဲပြီးလျှင် ဒေါ်စန္ဒာနှင့် အကြောင်းပါသည်။ ဓမ္မသဝနအသင်း လူကြီးမင်းများသည် ကြည်ညိုရင်းကို လက်မလွှတ်နိုင်ကြ၍ လယ်တီဦးဝါယမဘဝမှ ဆရာမြို့အဖြစ်သို့ ရောက်လာသော ဦးမြို့အား မြန်မာပြည် ဗုဒ္ဓသာသနာပြု စာပုံနှိပ်တိုက်၌ တိုက်အုပ်အဖြစ် လုပ်ကိုင်စေသည်။
၁၂၇၃ ခုနှစ်တွင် ကတိုးရော်ဗာခြံ သဌေးကြီးဦးရွှေလေး၊ ဦးရွှေကြူး၊ ဦးမြို့တို့သည် တွေ့ဆုံကြ၍ ဆရာမျိုးအကြံပေးချက် ဦးရွှေကြူး၏ နိုးဆော်ချက်ကြောင့် ပိဋကတ်သုံးပုံကို မြန်မာပြန်ဆိုမှု ကိစ္စကြီး ပေါ်ထွက်လာလေသည်။ ဤပိဋကတ်သုံးပုံ မြန်မာပြန်မှုကို သဘောတူကြပြီးလျှင် 'ပိဋကတ်သုံးပုံ ထုတ်ဝေရေးကုမ္ပဏီ' ဟု အင်္ဂလိပ်စာဖြင့် ကြေးဆိုင်းဘုတ်ထွင်းကာ အမှတ် ၅၁ ဘားလမ်း ရွှေကြူးကုမ္ပဏီက ကိုယ်စားလှယ်အဖြစ် စတင် လုပ်ကိုင်လေသည်။
ဤအချိန်တွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးသည်လည်း လူ့ဘောင်သို့ ရောက်နှင့်ပြီးဖြစ်၍ ဆရာမြို့၊ ဒေါ်စန္ဒာ ဆရာဦးမောင်ကြီးတို့သည် မော်လမြိုင် ကတိုးရောဗာခြံ သဌေးကြီး ဦးရွှေလေးထံသို့ လိုက်ပါသွားကြသည်။ ဦးမောင်ကြီးသည် တနှစ်ခန့်နေ၍ ရွှေကြူးကုမ္ပဏီသို့ ပြန်လာသည်။
၁၂၇၃ ခုနှစ်မှ ၁၂၈၃ ခုနှစ်ထိ ၁ဝ နှစ်တိုင်တိုင် ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရဟူသော နိကာယ် ၄ ရပ်ကို မြန်မာပြန်ဆိုပြီးစီးသည်။ ၁၂၈၃ ခုနှစ်တွင် မြန်မာပြန်များကို ကတိုး၌ ထားခဲ့၍ ရန်ကုန်သို့ပြန်လာသည်။ ရန်ကုန်တွင် ဘိန်ဝှက်ကုမ္ပဏီနှင့် တွဲဖက်၍ ဆန်ပွဲစားလုပ်သည်။
သဌေးကြီး ဦးရွှေလေးသည် မြန်မာပြန် ပိဋကတ်စာမူများကို ထိုစဉ်က ဘုရင်ခံ ဆာဂျေအေမောင်ကြီးလက်သို့ အပ်လိုက်သည်။ အပ်သည်ဆိုသော်လည်း စာမူများမှာ ဦးမြို့လက်တွင်းသို့ ပြန်ရောက်လာသည်။
ဦးမြို့သည် ဆန်ပွဲစား လုပ်ကိုင်နေရင်း ရန်ကုန်မြို့ ၃၈ လမ်းတွင် မြန်မာပိဋကတ်ပုံနှိပ်တိုက်၊ မြန်မာပိဋကတ်ကုမ္ပဏီ တည်ထောင်၍ မြန်မာပြန်ပိဋကတ်များအနက် သီလက္ခန် ပါဠိတော်မှ အစပြု၍ ရိုက်နှိပ်သည်။
၁၂၈၅ ခုနှစ်မှ ၁၂၉၂ ခုနှစ်အတွင်း မြန်မာပိဋကတ်အုပ်ရေ ၃ဝ ပြီးစီးသည်။ ၁၂၉ဝ ပြည့်နှစ်တွင် အဂ‡လန်ပြည် အိမ်ရှေ့မင်းသား ဆုငွေ ၁ဝဝဝ ကျပ် ကိုရသည်။ ၁၂၉၂ ခု နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။
ထိုနှစ်တွင်ပင် ပိဋကတ်မြန်မာပြန် အုပ်ရေ ၃ဝ၊ အစုံ ၂၅ဝ ကို အစိုးရက ဝယ်၍ မြန်မာနိုင်ငံ ရုံးများ၌ ထားစေသည်။ဦးမြို့သည် မြန်မာပိဋကတ်အုပ်ရေ ၃ဝ၊ တစ်အုပ်လျှင် ၂ဝဝဝ၊ အုပ်ရေပေါင်း ၆ဝဝဝဝ၊ တစ်အုပ်လျှင် ၁ဝိ တန်ဖိုး၊ ငွေ ၆ သိန်းခန့် လုပ်ငန်းကြီးကို အနည်းငယ်မျှသော ငွေ ၅ဝဝဝ (ငါးထောင် ) ခန့်ဖြင့် လုပ်ကိုင်သွားသည်။
ဦးမြို့သည် လောကဓံတရားနှင့် ကြုံသည့်အခါ ကြံကြံခိုင်နိုင်သော သတ္တိရှိသည်။ အလုပ်တစ်ခုကို လုပ်မည်ဟု သန္နိဋ္ဌာန်ချပြီးသည့်အခါ မည်သူဖျက်၍မျှ မရ၊ မဖြစ်မနေလုပ်လေ့ရှိသည်။
ဦးမြို့သည် မြန်မာပိဋကတ်ဘာသာပြန်များအပြင် သီလ၊ သမာဓိ၊ ပညာကို အရင်းခံပြု၍ ဝိမောက္ခမဂ္ဂကျမ်းနှင့် လုံ့လဝိရိယကို အရင်းခံသော ဝါယာမဒီပနီ ကျမ်းနှစ်စောင်ကိုလည်း ရေးသားပြုစုခဲ့သည်။
ဤမျှ မိမိအင်အားအလိုက် အမျိုးဘာသာ သာသနာအကျိုးကို သည်ပိုးရင်း ဦးမြို့သည် ၁၂၉၈ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ လွစ္စလမ်း၌ အသက် ၆၂ နှစ်တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ ဦးမြို့သည် အိမ်ထောင် သုံးဆက်ပြုခဲ့၍ ပဌမဇနီးဒေါ်စန္ဒာ၊ (ဒေါ်မိတ်) မှ သမီး၊ မအမာ၊ ဒုတိယဇနီး ဒေါ်ကြိုင်မှ မခင်စု၊ တတိယဇနီး ဒေါ်ဝါးစိန်မှ မောင်တင်မြို့၊ မလှလှမြို့တို့ ကျန်ရစ်ခဲ့လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)