မြိုလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Mro
မြိုလူမျိုး
Mro Woman.jpg
Mro Woman.jpg
လူဦးရေ စုစုပေါင်း
၇၇,၅၂၇ - ၈၃,၀၀၀ (၂၀၀၄)
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံ (ချင်းပြည်နယ်, ရခိုင်ပြည်နယ်)
 မြန်မာ ၈၃,၀၀၀
ဘာသာစကား
[မြို ] (ဒေသီယ စကား : ဝါကုန်, ထွီရွန်, ခိုင်နက်, ခါတက်, ပါမနက်, လီခိုင်, အကစ် အလောင် ))
ကိုးကွယ်မှု
နတ်ကိုးကွယ်မှု, ဗုဒ္ဓဘာသာ and ခရစ်ယာန်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
[[ချင်းလူမျိုး]]

တိဗက်- မြန်မာ အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် မြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။

ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။

မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။

ဤသို့ မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။[၁]

မြို ခေါ် ခမိ တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် ဟုဆိုခါ လူမျိုးစု ၇ စု ရှိသည်။ အနောက်မဇိမမှ စစ်ဘေးဒဏ်ကြောင့် မြို ခေါ် မမိတို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ခေါ် ခမိ ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံ၊ မဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ခေါ် ခမိ ဘာသာစကားဖြင့် ကီမာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ ယင်းမှတစ်ဆင့် အချို့သည် ဂစ္ဆမနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံစွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ အချို့မှာ အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ထိ ရောက်ရှိ ပျံ့နှံခဲ့ကြသည်။

ရှေးလူကြီး သူမတို့၏ ပြောစကားအရ ခမိ သည် ခေါ်မှုန့် မှ လာသည်ဟု သိရသည်။ ခေါ်မှုန့် အဓိပါယ်မှာ ဂူထဲမှ သို့မဟုတ် မှောင်မိုက်သည့် နေရာမှ သို့မဟုတ် မိုးကောင်းကင်အောက်ဟု အဓိပါယ်ရပါသည်။ နောင်အခါတွင် ခေါ်မှုန့် မှ ခေါ်မီ၊ ခေါ်မီမှ ခမီ၊ ခမီမှ ခမိ ဖြစ်ခဲ့သည်။ ဂူထဲမှလူ မနုဿလူသားဟူသော အဓိပ္ပါယ်ရသည်။

ရှေးဦးလူသားများသည် ဂူထဲတွင် အနေကြာလာပြီးနောက် လူဦးရေ တဖြည်းဖြည်းတိုးပွားလာကြရာမှ ဂူထဲအနေမဆံ့သည့်အခါ လည်းကောင်း၊ အနာ၊ ရောဂါဘယများပြားခြင်းကြောင့်လည်းကောင်း၊ အချင်းချင်းပြဿနာရှိလာကြခြင်းကြောင့်လည်းကောင်း၊ အကြီးအကဲတို့ရဲ့ ခွင့်ပြုချက်အရ သဘာဝကျောက်ဂူခေါင်းထဲမှ အပြင်ထွက်ကြပြီး ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို မြို ခေါ် ခမိ ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကြသည်။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာသည်။ ရှေးပညာရှိများက မြို ခေါ် ခမိ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။ ယင်းမှတစ်ဖန် ခေါ်မှုန့် ကို အစွဲပြုပြီး မြို ခေါ် ခမိ ဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွှန်းပြောဆိုလေ့ ရှိကြပြီး ခမီ(လူသား)ကိုလည်း အမည်နာပပညတ်ပြီး ခေါ်ကြသည်။

ယုံကြည်ကိုးကွယ်မှု[ပြင်ဆင်ရန်]

မြိုလူမျိုးများသည် ထိုသို့ နေနဲ့လ´ရိုးရာနတ်စသည်များကို ကိုးကွယ်လာကြရာမှ ဘီစီခြောက်ရာစုသို့ ရောက်သောအခါ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဓညဝတီပြည့်ရှင် ဘုရင်စန္ဒသူရိယ၏ မနောအဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက်အရ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ ဘီစီ(၅၅၄)နှစ်၊ ဝါတော်(၂၀)၊ သက်တော်(၅၅)နှစ်အရွယ်တွင်၊ (အချို့က ခြောက်ဝါမြောက်က ပြော၏၊ အချို့က ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုက ပြော၏။) တပည့်သံဃာငါးရာ ခြံရံလျက် ရာဇဂြိုဟ်ပြည်မှသည် ဓညဝတီရွှေမြို့တော်သို့ ကြွရောက်ရောက်တော်မူ၍ ဘုရင်စန္ဒသူရိယမင်းနှင့်တကွ ဓညဝတီပြည်သူပြည်သားများအား သစ္စာရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူကြောင်းကို ထောက်ဆ၍ သိနိုင်သလို၊ ပလက်ဝမြို့နယ်၊ ခူမီးမျိုးနွယ်စုဝင် သမိုင်းစာအုပ် စာမျက်နှာ(၃၂)တွင်``ကုန်းတော်၊ ဥဿလင်းစေတီတော်မြတ်များသည်၊ သမိုင်းဝင်ရှေးဟောင်း သာသနာ့အဆောက်အဦးများဖြစ်သည်။

ကုန်းတော်စေတီတော်သမိုင်းအရ သာသနာသက္ကရာဇ်(၂၂၃)ခုနှစ်တွင်၊ ဓမ္မက္ခန္ဓာ(၈၄၀၀၀)ကို ရည်စူး၍ ဓမ္မာသောကမင်းကြီးက တည်ထားခဲ့သည်ဟု သိရသည်။ ရခိုင်ရာဇဝင်တွင် သူရိစက္ကမင်းတည်သည်ဟု ဆိုသည်။ ကုန်းတော်စေတီတော်သည် ဖက်စုံမွမ်းမံမှုသာ ရှိသော်လည်း၊ ဥဿလင်းစေတီတော်မှာ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိရာ ၁၉၉၃ခုနှစ်တွင်၊ နိုင်ငံတော်အစီအစဉ်ဖြင့် အသစ်တဖန်တည်ဆောက်ခဲ့သည်။ ထိုသို့ တည်ဆောက်ခဲ့စဉ်က မြေအောက်ဌာပနာတိုက်ကို တူးဖေါ်ကြရာ၌ မြိုခေါ်ခမီးအမျိုးသမီး၏ အဝတ်တန်ဆာကို တွေ့ရသည်။ ဟူသော အထောက်အထားကို ထောက်ဆ၍လည်း မြိုလူမျိုးတို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနဲ့ ပတ်သက်၍ အတိမ်အနက်ကို မှန်းဆသိနိုင်သလို မြိုလူမျိုးများသည် ရခိုင်ဒေသတွင်းသို့သာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းဒေသသာမကဘဲ ပလက်ဝမြို့နယ်၊ အထက်ပိုင်းဒေသသို့လည်း ပျံ့နှံ့နေထိုင်လျက် ရှိနှင့်ကြပြီဟူသည်ကို ခန့်မှန်းနိုင်ပေသည်။ အေဒီ.၇၇၆.ခုနှစ်၊ နန်းတက်သော မြိုလူမျိုး ပဲဖြူမင်းသည်၊ သူ(ပဲဖြူမင်းသား)အပိုင်စားရသော မြောက်ဦးရွာကို မြောက်ဦးမြို့တော်သစ် တည်ထောင်ဖန်ဆင်းခဲ့မှုကြောင့်၊ လေးမြို့ခေတ်ကုန်၍ လောင်းကြက်မြို့ကနေ ထွက်ခွာလာခဲ့သော ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝခုနှစ်တွင်၊ မြိုပဲဖြူမင်းတည်ထောင်ခဲ့သည်၊ မြောက်ဦးမြို့ဟောင်း နေရာမှာပင် မြို့တော်သစ်ကို တဖန်တည်ထောင်ခဲ့သည်မှစ၍ မြောက်ဦးခေတ်သမိုင်းသည် ယနေ့မျက်မှောက်ခေတ်တိုင် ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပေသည်။

မြောက်ဦးမြို့ကို ယနေ့အချိန်ထိ မြိုလူမျိုးများက ပဲဖြူမင်းသား၏ မြိုအမည်လီခုံဟူသောအမည်ကို အစွဲပြု၍ လီခုံမြို့ဟူ၍ ခေါ်ဆိုနေကြသေးသည်။ ရွှေပန်းခိုင်စေတီတော်သမိုင်းစာအုပ် စာမျက်နှာ(၂၃)၌လည်း "မြောက်ဦးမြို့တည်၊ စံမြန်းသည်နှင့်၊ အရှည်ကာလ၊ သတ္တဒသာ၊ ရောက်သောခါလျှင်၊ မိစ္ဆာစွဲလမ်း၊ ကိုးသိန်းရှမ်းတို့၊ ပြွမ်းပြွမ်းစစ်ဘက်၊ ချီတက်ဝန်းရံ၊ တိုက်လေပြန်သော်"ဆိုသည့် ရာဇဝင်လင်္ကာအရ ပဲဖြူမင်း မြောက်ဦးမြို့တွင်၊ နန်းစံကာလ (၁၇)ခုနှစ်၊ ကြာသောအခါ၊ သိုခင်ဘွားကြီးဦးဆောင်သည့်၊ ရှမ်းကိုးသိန်းတို့သည်၊ မြောက်ဦးမြို့ကို စစ်ပြုရန် ရိုးတောင်ကို ကျော်ဖြတ်ပြီး လေးမြို့မြစ်ဖျားမှ ဆင်းသက်လာကြသည်။

ထိုအခါ အင်အားချင်း မမျသည်ကို သိရှိကြသဖြင့် ပဲဖြူမင်းနှင့် မိဖုရားမှူးမတ်ဗိုလ်ပါ ရဲမက်အပေါင်းတို့သည်၊ ပါနိုင်သမျှကို ယူဆောင်ကြလျက် ကစ္ဆပနဒီကို ဖြတ်ကူးကာ အနောက်ဘက်"ယောနဒီ"ယိုးချောင်းဒေသသို့ ထွက်ခွာတိမ်းရှောင်ကြလေသည်။ ရခိုင်မင်းသမီးဧချင်းတွင်"နောင်တလစ်မူ၊ သားပဲဖျူနှင့်၊ ရိပ်ဖြူဆောင်းချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုန်လှုပ်မစွမ်း၊ ခဲယိုယွင်းတွင်၊ ရှမ်းကိုးသိန်းရှင်၊ တောင်ရိုးစီး၍၊ ပျက်စီးလေခါ၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်" ဟူ၍ ရေးဆိုထားခဲ့သည်။ " ယောနဒီ"ယိုးချောင်းဒေသတွင် တိမ်းရှောင်နေစဉ် ပဲဖြူမင်းက သပိတ်တောင်မြို့ကို၊ တည်ထောင်စိုးစံနေခဲ့သည်။

၎င်းသပိတ်တောင်မြို့ဟောင်းနေရာကား သပိတ်တောင်၏ အနောက်မြောက်(၃)မိုင်ခန့် အကွာရှိ၊ ယခု ဖားဝပ်ချောင်းကျေးရွာ၊ မြောက်ဘက်တွင်ဖြစ်မည်ဟု အများက ယူဆခဲ့ကြသည်။ ယခုတိုင် တွေ့မြင်နေရသေးသည့် နန်းရာကုန်းနေရာ၊ သိမ်ဘုရားနေရာဟောင်းများနှင့် အုတ်ကျိုး၊ အုတ်ကြေများ၊ တိမ်ကောနေပြီဖြစ်သည့် ရေကန်ပျက်များမှာ မြေပြင်အထောက်အထားများပင် ဖြစ်ကြပါသည်။ ကွင်းပတ်လည်ရှိ ချောင်းမြောင်းများနှင့် တောင်ကုန်း၊ တောင်တန်းအနေအထားမှာ မြို့ဟောင်းနေရာကွင်းပြင်ကို ပတ်ဝန်းကာရံထားဘိသကဲ့သို့ တည်ရှိနေကြပါသည် ဟူ၍ ဖေါ်ပြထာယပေသည်။ အထက်ပါရေးသားဖေါ်ပြချက်များကို ကြည့်ပါက လီခုံခေါ်ပဲဖြူမင်းအုပ်ချုပ်သော အေဒီရှစ်ရာစုက မြိုလူမျိုးများ၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုအတိုင်းအတာကို မှန်းဆသိနိုင်ပေသည်။

ဒုတိယပုရိန်မြို့တော်ကို အသစ်တဖန် တည်ထောင်သော ပထမပုရိန်ခေတ်နောက်ဆုံးနန်းစံဘုရင် ကောလိယ၏သားတော် အေဒီ(၁၁၂၃)ခုနှစ်၊ နန်းတက်သော ဒသရာဇာမင်းလက်ထက်တွင် ကွယ်ပျောက်နေသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို မြိုသင်းကြီးရဟောင်လာနှင့် အပေါင်လာတို့၏ ညွှန်ပြမှုဖြင့် တွေ့ရှိခဲ့ပုံ၊ ရှေးဟောင်းသမိုင်းဝင် စေတီဘုရား ပုထိုးများ၏ အနီးအနား၌ မြိုလူမျိုးတို့ ရပ်ရွာများ ယနေ့အချိန်ထိ အချို့တည်ရှိနေကြပုံ၊ ဥပမာ ကျောက်တော်တောင်စေတီ၊ ဦးရာဇ်တောင်စေတီ၊ ထိပ်တော်စေတီစသည်များ၏ အနီးအနား၌ တည်ရှိနေကြပုံစသည်များကို ထောက်ဆကြည့်ပါက ရှေးခေတ်အခါက မြိုလူမျိုးများ၏ ဗုဒ္ဓဘာသာအပေါ်. ဘယ်အတိုင်းအတာထိ သက်ဝင်ယုံကြည်မှုရှိကြသည်ကို ဘယ်လောက်ထိ အရေးပါအရာရောက်သည်ဆိုသည်ကို မှန်းဆသိနိုင်ပေသည်။

မြိုလူမျိုးများသည် ဘီစီခြောက်ရာစုကနေ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လာကြသော လူမျိုးဖြစ်သော်လည်း ယခုအချိန်အခါ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားနှင့် စပ်လျဉ်း၍ ကျင့်သုံးမှုပိုင်း၌ အခြားအခြားသော ဗုဒ္ဓဘာသာဝင် လူမျိုးများထက် အားနည်လာသည်ကို တွေ့ရပေသည်။ မိရိုးဖလာဆန်သည်က ပို၍များပေသည်။ ထိုသို့ ယုံကြည်မှုမပါသော မိရိုးဖလာဆန်သော ကိုးကွယ်ဆည်းကပ်မှုကြောင့် အချို့အချို့သော မြိုလူမျိုးများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားကြသည်ကို တွေ့လာရပေသည်။ ဤသည်မှာ သူတို့၏ သန္တာန်၌ မြတ်ဗုဒ္ဓ၏ဓမ္မအပေါ် အသိဉာဏ်နှင့်ယှဉ်သော ယုံကြည်မှုထက် မိရိုးဖလာဆန်သော ယုံကြည်မှု၏ အကျိုးဆက်ကြောင့် ပြောနိုင်သလို ဘာသာရေးခေါင်းဆောင် အချို့တို့၏ သာသနာပြုပုံ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ [၂]

ယခုအခါ မြိုလူမျိုးကိုးကွယ်ကြသော အဓိကဘာသာများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများ ဖြစ်ကြပေသည်။ ရိုးရာနတ်ကို ပူဇော်ပသသော အချို့သော မြိုလူမျိုးများလည်း ရှိကြပေသေးသည်။

ကိုလိုနီ[ပြင်ဆင်ရန်]

ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့် နယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ်ခြင်းကို ရခိုင်နှင့်အတူ မြို ခေါ် ခမိ တိုင်းရင်းသားများလည်း ခံခဲ့ကြရသည်။

လွတ်လပ်ရေးရပြီး[ပြင်ဆင်ရန်]

ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကို တည်ထောင် ခွင့်ရရှိခဲ့သည်။ ယင်း ခေတ်အချိန်က မြို ခေါ် ခမိ အမျိုးသားများသည် အသိပညာ ဗဟုသုတ နည်းပါးကြသေးသည့်အတွက် ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်သည် သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည့် ခမီ မှန်သည်ဟု အငြင်းပွားပြဿနာဖြစ်ခဲ့ဖူးသည်။

ယင်းကြောင့် ၁၉၇၁-၇၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နေထိုင်သည့် ဒေသတစ်ခုစီရဲ့ အစွဲ၊ ဝိဝါဒများကြောင့် မြို နှင့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ)
  2. ၁။ရခိုင်ရာဝင်သစ်ကျမ်း၊ ၂။ဓညဝတီသစ်ကျမ်း၊ ၃။ရွှေပန်းခိုင်စေတီတော်သမိုင်း၊ ၄။မြို့တို့အကြောင်း ရှေးဖြစ်ဟောင်းဆောင်းပါးစု၊ ၅။မှတ်တမ်းဝင်ဗမာ့အရေးခင်းများ။ ၆။ခူမီးမျိုးနွယ်စုဝင်သမိုင်း၊ ၇။မြိုဘာသာစကား၏စကားသံကို အသုံးချသဒ္ဒဗေဒအမြင်နှင့်လေ့လာချက်၊ ၈။ရခိုင်မဟာမုနိဘုရားသမိုင်း၊ ၉။မဟာမုနိဘုရားကြီးသမိုင်းတော်သစ်၊ ၁၀။မြတ်စွာဘုရားရှင်တို့၏ ခရီးဒေသစာ ၁၁။ မြန်မာအဘိဓာန် ၁၂။ရခိုင်းမင်းသမီးဧချင်း ၁၃။ ဓမ္မပဒအဋ္ဌကထာပအုပ်
  3. ၁၃ ရက် ၁ဝ လ ၂၀၁၀ ပြည့်နှစ်၊ ကြေးမုံသတင်းစာ။