မြရီ၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၂ဝဝ၈ အောက်တိုဘာ ၅ နေ့က မိုးမခ ကွန်ရက် စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ကြည်ကိုလွင် (ကျောက်ဆည်) ရဲ့ "အသက် ၉ဝ ပြည့် အမျိုးသမီး အာဇာနည် ကျောက်ဆည် ဒေါ်မြရီ" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ပုံလွှာ အဖွဲ့အနွဲ့ရဲ့ မူလပထမ ပါရှိတဲ့ မဂ္ဂဇင်းကတော့ ကလျာ၊ ဧပြီ ၂ဝဝ၈ ထုတ်ဖြစ်တယ်လို့ မိုးမခ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီး အာဇာနည် ကျောက်ဆည် ဒေါ်မြရီ။[ပြင်ဆင်ရန်]

အမျိုးသမီး အာဇာနည် ကျောက်ဆည် ဒေါ်မြရီ အသက် ၉ဝ ပြည့်ပြီ။

၂ဝဝ၈ ဧပြီလ ၁၁ ရက်၊ သောကြာနေ့ ဒေါ်မြရီ (ကျောက်ဆည်) အသက် ၉ဝ နှစ် တင်းတင်းပြည့်လေပြီ။

ပေါင်ကျိုးထားလို့ လမ်းတော့ မလျှောက်နိုင်ပါ။ ကျန်းမာရေးကတော့ ကောင်းတုန်း၊ စားနိုင်၊ သောက်နိုင်ပြီး မှတ်ဉာဏ်လည်း သိပ်ကောင်းပါတယ်။ အိပ်ချိန်ကလွဲရင် ကြိမ်ကုလားထိုင်မှာ ထိုင်ပြီး စာဖတ်၊ တရားမှတ်၊ ပုတီးစိပ်နဲ့ အချိန်ကို ကုန်လွန်စေပါတယ်။

နိုင်ငံရေး စိတ်ဝင်စားသူများ အတွက်တော့ သက်ရှိ ရာဇဝင် အဘိဓာန်လို့ ပြောလို့ ရပါတယ်။ ဘယ်အချိန်မှာ မေးမေး မေ့နေပြီလို့ ဘယ်တော့မှ မပြော၊ ဒိုးခနဲ ဒေါက်ခနဲ ချက်ချင်း ပြောနိုင်ပါတယ်။

အခုအချိန်မှာ 'အမေရီ' လို့ အားလုံးက ခေါ်ကြတဲ့ မမြရီကို ၁၁-၄-၁၉၁၈ နေ့က ကျောက်ဆည်မြို့ ဈေးတန်းရပ် နေအိမ်မှာ အဘ ဦးစံသိန်း၊ အမိ ဒေါ်ဇုံတို့က မွေးဖွားပါတယ်။ မွေးချင်း သုံးယောက်မှာ အကြီးဆုံး ဖြစ်ပြီး ညီမတယောက်၊ မောင်တယောက် ရှိပြီး ယခု အမေရီ တယောက်သာ သက်ရှိထင်ရှား ရှိပါတော့တယ်။ သား ၂ ယောက်၊ သမီး ၂ယောက်ရှိပြီး၊ သား ဦးကိုစိုးသိန်း ကွယ်လွန်သွားပါပြီ။

စာရေးဆရာမ၊ ကျောင်းဆရာမ[ပြင်ဆင်ရန်]

ဒေါ်မြရီ အသက် ၂ဝ နှစ်မှာ မူလတန်း ကျောင်းဆရာမ လုပ်ပါတယ်။ ဈေးတန်းရပ်ကွက်မှာ ဒို့ဗမာ အစည်းအရုံး စထောင်တော့ သခင် ဗရွှေကြီး၊ သခင် ဗရွှေလေး၊ သခင် ရွှေအုပ်၊ သခင် တင်ရွှေ၊ သခင် သန်းမြိုင်၊ သခင် ချစ်သိန်း၊ သခင်ချိန်၊ သခင် ထွန်းတင်၊ သခင် ဗအုံး၊ သခင်သောင်း၊ သခင် စံရွှေ၊ သခင်မ မသန်းမှီတို့ ဖြစ်ပါတယ်။ ဒေါ်မြရီက ဝန်ထမ်း ကျောင်းဆရာမ ဆိုတော့ သခင်အမည် မခံပါဘူး။ သခင်တွေ အစည်းအဝေး လုပ်တဲ့အခါ တိတ်တဆိတ် နားထောင်ပြီး စာစောင်တွေ ကူးပေး၊ ဆောင်းပါးတွေရေး လုပ်ပါတယ်။ ကလောင်အမည်က 'မြဝတ်ရည်'နဂါးနီ အသင်းဝင် တယောက်လည်း ဖြစ်ပါတယ်။ ဒေါ်မြရီရဲ့ နိုင်ငံရေး အစပေါ့။ သည်လိုနဲ့ 'သခင် တင်ရွှေ' ကို စတွေ့ပြီး ရည်းစား ဖြစ်ကြတာပါပဲ။

ဂျပန်ခေတ် မမြရီ[ပြင်ဆင်ရန်]

မမြရီ ပင်တလည် ကျေးရွာမှာ နေထိုင်တုန်း ၁၉၄၂ မေလ ၁၁၊ ၁၂ ရက်မှာ ဂျပန်တွေ ရွာထဲဝင်လာပြီး အမျိုးသမီးတွေကို စော်ကား၊ ပစ္စည်းယူ၊ လူသတ် လုပ်နေတာတွေကို ကိုယ်တွေ့ မြင်ရတဲ့အခါ နယ်ချဲ့ ဖက်ဆစ် အပြုအမူကို ရွံရှာ မုန်းတီးခဲ့ပါတယ်။ ဘီအိုင်အေ (B.I.A.) တပ်မတော်က ဂျပန်ကို တော်လှန်ဖို့ လှုံ့ဆော် စည်းရုံးနေချိန်မှာ ဒေါ်မြရီကိုယ်တိုင် ဂျပန် တော်လှန်ရေး လုပ်ငန်းတွေကို လျှိုဝှက်စွာ လက်လှမ်းမီသလောက် လုပ်ကိုင် ပေးခဲ့ပါတယ်။

ဘီအိုင်အေကနေ ဘီဒီအေ (B.D.A.) ပြောင်းချိန်မှာ ကျောက်ဆည်ခရိုင်မှာ ယာယီ လာရောက် စုရုံးကြတော့ ခရိုင် ရိက္ခာ တာဝန်ခံ အဖြစ်ရော တပ်သား စုဆောင်းရေး တာဝန်တွေကို ယူခဲ့ပါတယ်။

ခရိုင်ဝန် (ဦးဘုံဂွမ်) လက်ထက်မှာ ဒေါ်မြရီက အာရှလူငယ် ခရိုင် အမျိုးသမီး ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်က ရိပ်မိသွားတော့ ဒေါ်မြရီ ကျောက်ဆည်မှာ လှုပ်ရှားလို့ မရတော့ပါဘူး။ မန္ဈလေးက ရဲဘော် ထွန်းစိန် (သခင်အေးမောင်) က လာခေါ်လို့ သခင် တင်မြနဲ့ စတွေ့ကြပါတယ်။ သခင် တင်မြနဲ့ ဒေါ်မြရီ မန္ဈလေး၊ အမရပူရ၊ စစ်ကိုင်းနယ်များကို သွားပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေး သင်တန်းတွေကို လျှို့ဝှက်ပြီး ပို့ချကြပါတယ်။

သည်လို သွားလာ လှုပ်ရှားနေချိန်မှာ ဒေါ်မြရီ ကိုယ်နဲ့မကွာ ဆောင်ထားတာကတော့ အဆိပ် တပုလင်းနဲ့ ဓားမြှောင် တလက်ပါပဲ။ မတော်တဆ ဂျပန် ဖမ်းမိသွားရင် စော်ကားရင် ဓားမြှောင်နဲ့ ထိုးမယ်၊ ပြီးရင် အဆိပ်သောက် သေလိုက်မယ် ဆိုတဲ့ စိတ်နဲ့ပါ။

ဖိုးရုံနဲ့ ခင်စီ[ပြင်ဆင်ရန်]

မမြရီနဲ့ ရည်းစား သခင် တင်ရွှေက သခင် သိန်းဖေ (သိန်းဖေမြင့်) နှင့် အတူ နှစ်ယောက်သား အိန္ဒိယကို ဖက်ဆစ် တော်လှန်ရေးအတွက် မဟာမိတ်နဲ့ ဆက်သွယ်ပြီး လေထီး သင်တန်းပေးဖို့ မဟာမိတ်က မြန်မာပြည်က ရဲဘော်တွေကို လွှတ်ပေးဖို့ သခင် သိန်းဖေကို အပေါင်အဖြစ် ထားခဲ့ပြီး သခင် တင်ရွှေ တယောက်တည်း မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ၁၉၄၃ ခု၊ အမျိုးသား အောင်ပွဲနေ့မှာပါ။

သခင် တင်ရွှေက အင်္ဂလိပ် စစ်ယူနီဖောင်း ဝတ်ပြီး ဒေလီကနေ ကာလကတ္တား၊ နောက် စစ်တကောင်း အထိ မီးရထားစီးပြီး စစ်တကောင်းကနေ ဒက်စတွိုင်းယား စစ်သင်္ဘောနဲ့ ရခိုင်ပြည်နယ် သံတွဲနဲ့ ဘောမိစပ်ကြား ဂွမြို့အနီး ပင်လယ်ကမ်းခြေ အထိ အရောက် ပို့ပေးခဲ့ပါတယ်။ သင်္ဘောကနေ လှေငယ်တဆင့် စီးရပါသေးတယ်။ အင်္ဂလိပ် ရေတပ်သား နှစ်ယောက်က လှော်ခတ်ပြီး ပြန်လာမဲ့ အချိန် နေ့ရက်ကို ပြောကြပြီး သခင် တင်ရွှေ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။

ဂွမြို့အနီး တောလမ်းကနေ ကုန်သည်တွေနဲ့ ရောလိုက်လာပြီး ငါးသိုင်းချောင်းကို ရောက်လာပါတယ်။ မီးရထား အဆင့်ဆင့် စီးပြီး ရန်ကုန်ကို ရောက်၊ သခင် သန်းထွန်းနဲ့တွေ့၊ နောက် သခင်စိုး ရှိရာ ကျိုက်လပ်မြို့နယ် ညောင်ချောင်းရွာကို ရောက်သွားပါတယ်။ အပြန်ခရီးမှာ ဝါဒဖြန့်ချိရေး အတွက် အမျိုးသမီး တဦးလည်း လိုနေတယ် ဆိုတော့ ကျောက်ဆည် မမြရီကို လှမ်းခေါ် လိုက်ပါတယ်။ သည်အစီအစဉ်ကို ဒေါ်မြရီ မသိပါဘူး။ အိန္ဒိယကို သွားဖို့ စီစဉ်ထားတာက သခင် ဗဟိန်းနှင့် သူ့ဇနီး ဒေါ်ခင်ကြီး ဖြစ်ပေမဲ့ သခင် ဗဟိန်း ကျန်းမာရေး မကောင်းလို့ မလိုက်ဖြစ်တော့ဘဲ ဒေါ်မြရီကို လှမ်းမှာ လိုက်ရတာပါ။

ကျောက်ဆည်ကနေ ဒေါ်မြရီကို သခင် တင်မြက ခေါ်လာခဲ့ပြီး ရန်ကုန်က အိမ်တအိမ်မှာ ထားရစ်ခဲ့ပြီး သခင် သန်းထွန်းနဲ့ သွားတွေ့ပါတယ်။ ပြန်လာမှ သခင် တင်ရွှေ မြန်မာပြည် ရောက်နေကြောင်း ပြောပြရပါတယ်။ ရန်ကုန်မှာ သခင်နု ဇနီး ဒေါ်မြရီထံမှာ ကျောက်ဆည် မမြရီက လက်ကောက် ရောင်းပါတယ်။ ဂျပန်ငွေ ၄ဝဝ နဲ့ပါ။ နောက်တော့ လိုအပ်တဲ့ အဝတ်အစားတွေ ဝယ်ပေါ့။ သည်အချိန် ကာလက အထည်ကောင်းကောင်း ဝတ်နိုင်သူက ဂျပန်ကတော်တွေလောက်သာ ရှိတာ ဆိုတော့ ဒေါ်မြရီကို မေးငေါ့ကြတာပေါ့။ ဒေါ်မြရီ ဒေါသ ဖြစ်ရတာပေါ့။ ရှင်းပြလို့လည်း ရတဲ့ကိစ္စ မဟုတ်တော့ ခံလိုက်ရပါတယ်။

ရန်ကုန်ကနေ ကျိုက်လပ်မြို့နယ် သခင်စိုး ရှိရာကို လူမသိအောင် သမ္ဗာန်တစင်းကို ဂျပန်ငွေ ၄ဝ နဲ့ ငှားပြီး သွားကြပါတယ်။ သခင် တင်မြကို သမ္ဗာန်ထဲ ထားခဲ့ပြီး 'မုန့်ဟင်းခါး စားမယ်' ဆိုပြီး ကမ်းပေါ်အတက် မမျှော်လင့်ဘဲ သခင် သန်းမြိုင် (ကျောက်ဆည်) နဲ့ သွားတွေ့ပါလေရော။ သခင် သန်းမြိုင်က ဇွတ်ခေါ်နေလို့ 'အဖေ နေမကောင်းလို့ ဖျာပုံ သွားမလို့' ဆိုပြီး ဇွတ်ငြင်းပြီး ရှောင်ခဲ့ရတယ်။

ကျိုက်လပ်မြို့နယ် ညောင်ချောင်းရွာ တောတဲလေး တခုကို ရောက်ကြတော့မှပဲ သခင် တင်ရွှေနဲ့ တွေ့ကြပါတော့တယ်။ သမီးရည်းစား နှစ်ယောက် ကွဲကွာနေကြတာ ၂ နှစ်ခန့် ရှိသွားပါပြီ။ သခင်စိုးကပဲ လူကြီးလုပ်ပြီး ဘဲ ၅ ကောင် ချက်ပြီး မင်္ဂလာဆောင် ပေးလိုက်ပါတယ်။ သခင် တင်ရွှေ၊ မမြရီကနေ 'ရဲဘော် ဖိုးရုံ' နဲ့ 'ရဲဘော် မခင်စီ' တို့ ဖြစ်သွားကြပါတယ်။

ပျားရည်ဆမ်း ခရီးကြမ်း[ပြင်ဆင်ရန်]

ဖိုးရုံ၊ ခင်စီ လင်မယား နှစ်ယောက် ကျိုက်လပ်ကနေ ရန်ကုန်ကိုသွား၊ ရန်ကုန်မှာ ဦးကျော်ငြိမ်း (အာအီးတီ) နဲ့ ဗိုလ်ဗတင်တို့ အိမ်မှာ တလှည့်စီ ပုန်းပြီး နေကြပါတယ်။

အပြင်ထွက်ရင် မခင်စီကပဲ ထွက်ပြီး ဖိုးရုံကတော့ အိမ်တွင်းအောင်း နေရပါတယ်။ နောက် သခင်စိုးသခင် သန်းထွန်းတို့ အစီအစဉ်နဲ့ အိန္ဒိယကို ပြန်ဖို့ စီစဉ်ရပါတယ်။ ချိန်းထားတဲ့ ရက်ကလည်း နီးပြီ၊ ရခိုင်ကိုဖြတ်ဖို့ ကိုညိုထွန်းကို ရခိုင်တိုင်း မဟာဗမာ အဖွဲ့ မင်းကြီး၊ ဖိုးရုံနဲ့ ခင်စီက စာရေးလင်မယား လမ်းပြ အဖြစ်၊ ကိုကျော်ရင်က မင်းကြီးရဲ့ ရုံးအုပ် အဖြစ် ဟန်ဆောင်ပြီး သွားကြပါတယ်။ လမ်းခရီးမှာ အသုံးဝင်မဲ့ ဂျပန် ဝါဒ ဖြန့်ချိရေး စာရွက်စာတမ်းတွေနဲ့ ဂျပန်စစ်ဖက်က ထောက်ခံစာ တခုလည်း ပါတော့ အဆင်ပြေပါတယ်။

မခင်စီ တဖြစ်လဲ ဒေါ်မြရီဟာ ကျောက်ဆည်မှာတုန်းက ဂျပန်စာ၊ ဂျပန်စကား အနည်းငယ် တတ်ထားတော့ ပိုပြီး အဆင်သွားပါတယ်။

ညားကာစ လင်မယား ဖိုးရုံနဲ့ ခင်စီတို့ အတွက် ပျားရည်ဆမ်း ခရီးကတော့ ရခိုင်ရိုးမကို ခြေကျင်ဖြတ်ပြီး 'ဂွမြို့' နားက မန်ကျည်းစင်ကို အရောက် သွားကြခြင်းပဲ ဖြစ်ပါတယ်။ မဟာမိတ် စစ်သင်္ဘောနဲ့ ချိန်းထားတဲ့ ရက်ထက် ၄ ရက်လောက် စောရောက် နေကြတာပါ။ ကိုကျော်ရင်က သံတွဲသား ဆိုတော့ ဂွမြို့ တဝိုက် ကွ္ဆမ်းကျင်တဲ့ လမ်းပြအဖြစ် ကုန်သည် ကိုသန်းမောင်ကိုလည်း ခေါ်ခဲ့ရ ပါသေးတယ်။

ချိန်းထားတဲ့ရက် ရောက်တော့ ပင်လယ် ကမ်းခြေမှာ ဂျပန်က သုံးယောက်တတွဲ ကင်းလှည့် နေကြလို့ အမှောင်ထဲမှာ ခြောက်လုံးပြူး ကိုင်ပြီး ပုန်းနေကြရ ပါသေးတယ်။ 'ဘောမိချိုင်' ကမ်းခြေမှာပါ။ ည ၁ဝ နာရီခွဲ ကင်းတွေ ရုပ်သွားမှ သခင် တင်ရွှေက ပင်လယ်ပြင်မှာ ရှိတဲ့ စစ်သင်္ဘောကို လက်နှိပ်ဓာတ်မီးနဲ့ အချက်ပေး လိုက်ပါတယ်။ မကြာခင်မှာပဲ ရော်ဘာလှေလေး တစင်း ဆိုက်လာပါတယ်။ ကိုကျော်ရင်၊ ကိုသန်းမောင်တို့ကို နှုတ်ဆက်ပြီး ကိုညိုထွန်း၊ သခင် တင်ရွှေနဲ့ ဒေါ်မြရီတို့ လှေကလေးပေါ် တက်လိုက်ကြပြီး စစ်သင်္ဘောဆီကို ထွက်ခဲ့ကြပါတယ်။ သတို့သမီး ခမျာမှာလည်း စစ်သင်္ဘောကြီးပေါ် ရောက်မှပဲ အပန်းဖြေ နိုင်ပါတော့တယ်။ ရခိုင်ရိုးမကို ခြေကျင် ဖြတ်ခဲ့ရတုန်းက ဆိုရင် ဖိနပ်တောင် မစီးနိုင်တော့လို့ ခြေဖဝါးတွေလည်း ကွဲ၊ သွေးစိမ်းရှင်ရှင် ထွက်ပြီး အံကြိတ် လိုက်ခဲ့ရတာပါ။ တချို့နေရာတွေမှာ ဆိုရင် ကိုညိုထွန်းနဲ့ ကိုတင်ရွှေက ချိုင်းကနေ တဖက်တချက် ကိုင်ပြီး ဆွဲခေါ်ရတာပါ။ သည်လို အခါမျိုးမှာ လက်ကို ရုန်းပြီး ကိုယ့်ဘာသာ ကိုယ်သွားမယ် ဆိုပြီး ဇွတ်အတင်းပဲ တက်လိုက် ဆင်းလိုက်နဲ့ ရိုးမကို ကျော်ဖြတ်ခဲ့တာပါ။ လွန်ခဲ့သော နှစ် ၆ဝ ကျော်က ရခိုင်ရိုးမ ဆိုတာ ဆင်တော၊ ကျားတောပါ။ လမ်းမှာတွေ့တဲ့ သဇင်ပန်း၊ သစ်ခွပန်းတွေကို အရသာခံပြီး မကြည့်အားပါဘူး။ မိန်းကလေးပဲ အသက်မှ ၂၆ နှစ်ပဲ ရှိသေးတာ၊ လှချင် ပချင်တဲ့ အရွယ်၊ သတို့သမီးငယ်ဟာ 'ဖက်ဆစ် တော်လှန်ရေး အတွက်' ဆိုတဲ့ စိတ်နဲ့ အံခဲပြီး လိုက်လာတာပါ။

စစ်သင်္ဘောကြီး အလာတုန်းက သခင် တင်ရွှေကို ပို့ပေးတဲ့ သင်္ဘောကြီးပါ။ ဒက်စတွိုင်းယား စစ်သင်္ဘောကြီးဘေးကို ကြိုးလှေကားနဲ့ တက်ရပါတယ်။ သင်္ဘောပေါ် အရောက်မှာပဲ ကုလားကြီး တယောက်က 'နေကောင်းသလား' လို့ နှုတ်ဆက်ပါတယ်။

နှုတ်ဆက် အပြီးမှာပဲ ဂျပန် ဆားလှေကြီးက လှမ်းပစ်လိုက်တဲ့ သေနတ်ကျည်ဆံ ထိပြီး ကုလားကြီး နေရာတင်ပဲ သေသွားပါတယ်။ စစ်သင်္ဘောက ပြန်ပစ်လို့ ဂျပန် နှစ်ယောက် ကျသွားပါတယ်။ လှေပေါ်မှာ ပါတဲ့ ရခိုင်တွေက ဂျပန်တွေ မရှိတော့ပါဘူး ဆိုမှ အပစ်ရပ်ပြီး သင်္ဘောလည်း ထွက်လာခဲ့ပါတယ်။ လှေပေါ်ပါတဲ့ ရခိုင်တွေကိုလည်း တခါတည်း ခေါ်လာခဲ့ပြီး စစ်ကြီးပြီးမှ မြန်မာပြည်ကို ပြန်ပို့တယ်လို့ သိရပါတယ်။

ဒေါ်မြရီနဲ့အတူ လိုက်ခဲ့တဲ့ ကိုညိုထွန်းက နောင်ကျတော့ သံအမတ်ကြီးဖြစ်၊ လမ်းပြ အဖြစ် လိုက်တဲ့ ကိုကျော်ရင်က ပါမောက္ခ ဦးကျော်ရင် ဖြစ်လာခဲ့ကြပါတယ်။

အိန္ဒိယရောက် ဘုံရိပ်သာမှာ[ပြင်ဆင်ရန်]

သင်္ဘောသုံးကြိမ် ပြောင်းစီးပြီးမှ စစ်တကောင်း ရောက်သွားပါတယ်။ စစ်တကောင်း ကနေမှ အိန္ဒိယ အလယ်ပိုင်း 'မီရတ်မြို့' ကို လေယာဉ်နဲ့ ခေါ်သွားပါတယ်။ သတို့သမီး လမ်းမလျှောက်နိုင်တော့လို့ ဗြိတိသျှ စစ်သားတွေက ထမ်းတင် ပေးရပါသေးတယ်။ 'မီရတ်မြို့' ဟာ စစ်မြို့တော် ဖြစ်ပြီး သခင် သိန်းဖေ (သိန်းဖေမြင့်) နဲ့ အဲသည်မြို့မှာပဲ တွေ့ဆုံ ကြရပါတယ်။

ရဲဘော်တွေ ပြန်တွေ့ဆုံကြတော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လို့ပေါ့ … သခင် တင်ရွှေတို့ ကောင်းစွာ ရောက်ကြောင်း မြန်မာပြည်ကို ရေဒီယို ထဲကနေ စကားဝှက်နဲ့ ပြောလိုက်ပါတယ်။

"ဖိုးရုံတို့ မိဂဒါဝုန် ရောက်ပြီ"


လေထီးသင်တန်း[ပြင်ဆင်ရန်]

ဒေါ်မြရီတို့ အိန္ဒိယရောက်ပြီး မကြာခင်မှာပဲ မြန်မာပြည်ကနေ ရဲဘော်တွေ တသုတ်ပြီး တသုတ် ရောက်လာကြပါတယ်။ မဟာမိတ်က ပေးတဲ့ စစ်ပညာကို အိန္ဒိယနဲ့ သီဟိုဠ် (ယခု သီရိလင်္ကာ)နိုင်ငံတွေမှာ တက်ခဲ့ရပါတယ်။ စည်းရုံးရေး ပညာ၊ ဝါဒဖြန့်ဖြူးရေး၊ ရုပ်ဖျက်နည်း၊ စကားဝှက် ရေးနည်း၊ စာလုံး မပေါ်အောင် ရေးနည်း၊ ဖတ်နည်း၊ ပျောက်ကျားတပ် ဖွဲ့နည်း၊ အချက်ပြ ဆက်သွယ်ရေး မြေပုံ ဖတ်နည်း၊ တောထဲ နေထိုင် သွားလာနည်း၊ ဂျပန်လက်အောက် မြန်မာပြည် အကြောင်းနဲ့ ဂျပန်လက်နက်များ စွဲကိုင်နည်း၊ ဆေးပညာ၊ မြေပြင်မှ နေ၍ လေယာဉ်ပျံနှင့် ဆက်သွယ်နည်းတို့ ဖြစ်ပါတယ်။ လေထီး သင်တန်းကတော့ အဓိကပေါ့။


ဘုံရိပ်သာနှင့် ဒေါ်မြရီ တာဝန်[ပြင်ဆင်ရန်]

ဘုံရိပ်သာကို စည်းကမ်းရှိအောင် စံနစ်တကျ ဖွဲ့စည်း ထားပါတယ်။ သခင် သိန်းဖေ (သိန်းဖေမြင့်) ကို အများသဘောတူ 'ဘုံရိပ်သာမှူး' အဖြစ် ထားပြီး အုပ်ချုပ် စီမံရန် ဗဟို ကလပ်စည်း တခု ရွေးချယ် ဖွဲ့စည်း ထားပါတယ်။ ကလပ်စည်းမှာ ကိုသိန်းဖေ၊ သခင် မြသွင်၊ ကိုကျော်ရင်၊ ကိုအောင်မြင့်၊ ဂိုရှယ် နဲ့ ဒေါ်မြရီ (မခင်စီ) တို့ ဖြစ်ပါတယ်။

ဘုံရိပ်သာမှာ ရဲဘော်များဟာ နေ့စဉ် နံနက် ၇ နာရီ အိပ်ရာထ၊ ကျန်းမာရေးလုပ်၊ စာဖတ်၊ ညနေနဲ့ ညများမှာ သင်တန်းတက် ဆွေးနွေး၊ ည ၁ဝ နာရီ အိပ်၊ အရက်နဲ့ အပျော်အပါး လုံးဝ ခွင့်မပြု၊ အင်္ဂါ တရက်သာ အပြင်ထွက်ခွင့် ပေးပြီး လျှောက်လည်၊ ရုပ်ရှင်ကြည့်၊ ဈေးဝယ် ထွက်ရပါတယ်။

ဒေါ်မြရီဟာ ရဲဘော် အားလုံးကို ကြိုဆို နေရာ ချထားရပြီး ဈေးလည်း ဝယ်ပေးရပါတယ်။ တဦးတည်းသော အမျိုးသမီး ရဲဘော် ဖြစ်နေတာကိုး။

သင်တန်းဆင်းပြီး ရဲဘော်တွေကို ဗြိတိသျှ စစ်တပ်နဲ့ တွဲပြီး မြန်မာနိုင်ငံကို တသုတ်ပြီး တသုတ် လေထီး ဆင်းစေပါတယ်။

ဒေါ်မြရီ သားဦး မောင်စိုးသိန်းကို မွေးပြီး တလလောက် ကြာတော့ ခင်ပွန်း ဖြစ်သူနဲ့အတူ ကျောက်ဆည်နယ်ကို လေထီးဆင်းဖို့ အစီအစဉ် လုပ်ပါတယ်။ နောက်မှ ဒေါ်မြရီ အစား ကျောင်းဆင်းပြီးစ ဗန်းမော် ကိုကိုကြီးကို သခင် တင်ရွှေနဲ့ အတူ ကျောက်ဆည်နယ်ကို လေထီး ဆင်းစေခဲ့ပါတယ်။


စစ်ကြီးပြီးပြီ[ပြင်ဆင်ရန်]

၁၉၄၅ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန် လက်နက်ချလို့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားပါတယ်။ ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ သခင်သိန်းဖေ၊ မန်းဝင်းမောင်၊ ကိုဘစော၊ မောင်ကြည်၊ သခင် တင်ရွှေ၊ ဒေါ်မြရီနဲ့ သားငယ် မောင်စိုးသိန်းတို့ အိန္ဒိယကနေ လေယာဉ်နဲ့ ရန်ကုန်ကို ပြန်ရောက်ကြပါတယ်။

စစ်ကြီးပြီးတော့ ကျောက်ဆည်မှာ ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်းတွေကို ဝင်လုပ်ပြီး အမျိုးသမီး ကွန်ဂရက် ဥက္ကဋ္ဌ တာဝန် ယူခဲ့ပါတယ်။

ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်ခြေ၊ စောင်းတန်း အတက်မှာ အမျိုးသမီး အဖွဲ့တွေ ပေါင်းပြီး ဖက်ဆစ် တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် အမျိုးသား တော်လှန်ရေး ကျောက်တိုင် စိုက်ထူခဲ့ပါတယ်။

၁၉၄၈ ခုမှာ သခင် တင်ရွှေနဲ့ အတူ တောခိုပြီး သခင် တင်ရွှေ ကျဆုံးသွားတဲ့ အခါ ဥပဒေဘောင် အတွင်း ပြန်ဝင်လာပြီး လူမှုရေး လုပ်ငန်းတွေပဲ လုပ်ကိုင် ပါတော့တယ်။ ကျောင်းဆရာမ အလုပ် ပြန်လုပ်ပြီး သား ၂ ယောက်၊ သမီး ၂ ယောက်နဲ့ အတူ ဈေးတန်း ရပ်ကွက်မှာပဲ နေထိုင်ပါတယ်။

ရပ်ကွက် စားသုံးသူ သမဝါယမ ကော်မတီ ၃ ခါ အရွေးခံရပြီး ၆ နှစ် အလုပ်ဝင်လုပ် ခဲ့ပါတယ်။ မြန်မာ့ ဆိုရှစ်လစ် လမ်းစဉ် ပါတီခေတ်မှာ မြို့နယ် တရားစီရင်ရေး နာယက၊ အသုံးလုံး လုပ်ငန်းမှာ ၁၄ တိုက်နယ် ဥက္ကဋ္ဌ၊ ပညာရေး အစည်းအရုံးမှာ ဥက္ကဋ္ဌ၊ နေ့ကလေးထိန်း ဖြစ်မြောက်ရေးမှာ ဒုဥက္ကဋ္ဌ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးမှာလည်း ပါဝင် ဆောင်ရွက်ခဲ့ပြီး အသက် ၆ဝ မှာ ပင်စင် ယူခဲ့ပါတယ်။ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ချီးမြှင့်ခံရပါတယ်။

ကြည်ကိုလွင် (ကျောက်ဆည်)


စာကိုး။[ပြင်ဆင်ရန်]

  1. ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဂျပန်ဖက်ဆစ် တော်လှန်ရေး လေထီးသမားများ
  2. ဗိုလ်မှူး ချစ်ကောင်းရေး အနှစ်နှစ်ဆယ်
  3. သခင်တင်မြ၏ ဘုံဘဝမှာဖြင့်
  4. သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်
  5. ဒေါ်မြရီကိုယ်တိုင် ပြောပြချက်များ