မြမျိုးလွင်

ဝီကီပီးဒီးယား မှ

မြမျိုးလွင် (၁၉၀၂ နိုဝင်ဘာ ၃၀ - ၁၉၇၀ စက်တင်ဘာ ၁၁) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်သည်။ ၄ ပဲတန်ဝတ္ထုခေါ် မျက်နှာဖုံးပျော့ ဝတ္ထုလတ်များ လူဖတ်များသောကာလတွင် အလွန်နာမည်ကြီးသူ ဖြစ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆရာမြမျိုးလွင်ကို မန္တလေးမြို့ ပုလိုင်းရပ်တွင် သက္ကရာဇ် ၁၂၆၄ ခု၊ နတ်တော် ၃ ရက် အင်္ဂါနေ့ နံနက် ၉ နာရီတွင် အဖ ဦးမွှန်း၊ အမိ ဒေါ်ဆိုင် တို့မှ ဖွားမြင်သည်။ သားသမီး ၅ ယောက်အနက် တတိယသားဖြစ်သည့်အပြင် တစ်ဦးတည်းသော သားဖြစ်သည်။

မြမျိုးလွင်၏ အမည်မှာ မောင်လွင် ဖြစ်၏။ ငယ်ရွယ်စဉ်ကပင် အိမ်သို့ ဆွမ်းခံကြွသော ရဟန်းတစ်ပါးထံတွင် စာအနည်းငယ် သင်ယူခဲ့သည်။ ၈ နှစ်သား အရွယ်တွင် ရှင်ပြု၍ သာမဏေ ဘောင်သို့ဝင်ခဲ့၏။ ဘွဲ့မှာ ရှင်ဇဋိလ ဖြစ်သည်။ မဲထီးကျောင်းတိုက်တွင်နေ၍ မဲထီးဆရာတော် ထံတွင်ပင် ပညာဆည်းပူးသည်။ ၁၂ နှစ်သား အရွယ်တွင် ရှင်ဘဝမှ ထွက်ပြီး စိန့်ပီတာကျောင်း (အထက-၉) တွင် အတန်းပညာ သင်လေသည်။ ထိုစဉ်က ပညာရေးစနစ်မှာ လေးလ၌ တစ်တန်း တက်ရသည်။ မောင်လွင် ကျောင်းနေ၍ တစ်နှစ်ပြည့်သောအခါ တတိယတန်းသို့ တက်ရသည်။

စိန့်ပီတာကျောင်းတွင် တစ်နှစ်ခန့် ကောင်းစွာနေပြီး နောက်နှစ်သို့ ရောက်သောအခါ ကျောင်းပြေး၍ အရပ်ထဲလှည့်ကာ ပေသီးပစ်နေ၏။ သို့သော် စာမေးပွဲကို တစ်နှစ် တစ်တန်း အောင်မြင်လေ၏။ မောင်လွင် ၁၇ နှစ်သား အရွယ် ကယ်လီကျောင်းသို့ ပြောင်းရွှေ့တက်ရလေ၏။ သို့သော် စာရင်းသာပေးပြီး ကျောင်းမတက်သောအခါ ကျောင်းအုပ်ကြီး ဦးထွန်းရှိန်က မောင်လွင်၏ မိဘများကို ကျောင်းထွက်ရန် ဆိုသည်။

နီးစပ်သူများက မောင်လွင်ကို မောင်ဘလွင်ဟု ခေါ်ကြ၍ မောင်ဘလွင် အမည်တွင်လာသည်။ ကျောင်းမှ ထွက်လိုက်ရသောအခါ သူငယ်ချင်းများနှင့် လည်ပတ်ပြီး ကာကာလက်ဖက်ရည်ဆိုင်တွင် တနေကုန် ထိုင်တတ်လာလေသည်။ လက်ဖက်ရည်ဖိုးကိုမူ အစ်မဖြစ်သူထံမှ တိတ်တဆိတ် တောင်းယူ သုံးစွဲခဲ့၏။ ယခင်က မောင်ဘလွင် ဖခင်မှာ စက်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း မောင်ဘလွင် ကျောင်းမှ ထွက်သော အခါ သစ်ကုန်သည် လုပ်ကိုင်၏။ ၆ လခန့်ကြာသော အခါ ဖခင်ကွယ်လွန်၏။ ထို့ကြောင့် စီးပွားရေးကျပ်တည်းလာခဲ့၏။ မောင်ဘလွင်လည်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ အနီးမှ ဦးလေးတော်သူ ဦးနိုင် - ဒေါ်ပုတို့ အိမ်တွင် ပြောင်းရွှေ့နေထိုင်လေတော့၏။

ဦးလေးမှာ ကျောက်ကုန်သည် ဖြစ်၏။ ထိုစဉ် မိခင်မှာ စီးပွားရေးကျပ်တည်းလာ၍ မောင်ဘလွင်မှာ ဦးလေးထံတွင်ပင် ကျောက်ကုန်သည် ဝင်လုပ်ရင်း တယောထိုးကောင်းလှသော မောင်ညှာ (ယခု အေဝမ်း ဆရာညှာ) နှင့် အတူ ကျောက်သွေးရလေသည်။ ဦးလေးဖြစ်သူမှာ ပြင်သစ်ပြည်သို့ ကျောက် အရောင်းအဝယ်လုပ်သဖြင့် ပြင်သစ်မှလာသော ကြေးနန်းများကို ဘာသာပြန်ပေးခြင်း၊ စာပြန်ခြင်းဖြင့် မောင်ဘလွင်အဖို့ ဝင်ငွေကောင်းနေတော့၏။

စာပေနယ်သို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

အစောပိုင်းကာလ[ပြင်ဆင်ရန်]

မောင်ဘလွင်နှင့် အိမ်နီးချင်းဖြစ်သော ဟိုက်ကုတ်ဘီးလစ် စာရေးကြီး ဦးဘညွှန့်မှာ မော်လမြိုင်ထုတ် တနင်္သာရီတိုင်းသတင်းစာနှင့် ရန်ကုန်ထုတ် သတင်းစာများကို အမြဲ ယူသည်။ ခင်မင်ရင်းနှီးသောကြောင့် မောင်ဘလွင်ကို ပေးဖတ်ရာ မလွတ်တမ်း ဖတ်ရှု လေ၏။ ထိုအချိန်က မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲအတွက် လမ်းစဖော်နေချိန် ဖြစ်၏။ သတင်းစာဖတ်ရှုခြင်း များလာသောအခါ မောင်ဘလွင်သည် သံတော်ဆင့် သတင်းစာတွင် ဆောင်းပါးများ စမ်း၍ ရေးသားသောအခါ အောင်မြင်လေ၏။ သို့သော် ကလောင် အမည်ကို မယူသေးပေ။ မိမိဆောင်းပါးများ မပြတ်ပါလာသော အခါ ကလောင်အမည်ကို ယူတော့၏။ သို့သော် အတည်မဟုတ်သေး။ ရွှေစွန်ညို၊ မန်းသား၊ ဝိဇယ၊ မင်းတုန်းမင်း စန္ဒာ၊ ပခန်းသား ဟူသော အမည် အမျိုးမျိုးဖြင့် ရေးလာခဲ့၏။ စာမူခ မရသေးပေ။

၁၉၂၈ ခု ပတ်ဝန်းကျင်တွင် သတင်းစာ ဂျာနယ် များသာမက ၄ ပဲတန် ဝတ္ထု စာစဉ်များ၊ မဂ္ဂဇင်းများပေါ်ထွက် လာခဲ့၏။ ဒဂုန် မဂ္ဂဇင်း၊ ဝတ္ထု မဂ္ဂဇင်းများဖြစ်၏။ ထိုစဉ် ဦးအုန်းမောင် ထုတ်ဝေသော ‘ရန်ကြီးအောင်’ ဂျာနယ်တွင် ဝိဇယအမည်ဖြင့် အရေးများလာသော အခါ ဝိဇယ ခန်းဟု သတ်သတ် ဖော်ပြပေး၏။ ဝိဇယနှင့် ပခန်းသားမှာ အတူတူဖြစ်ကြောင်း သိသောအခါ ဦးအုန်းမောင်သည် မောင်ဘလွင်ကို ရန်ကုန်သို့ခေါ်၏။ မိခင် မျက်ရည် စက်လက်ဖြင့် အခက်အခဲပေါင်းများစွာကြားမှ ရန်ကုန်သို့ ထွက်လာ၏။ ထိုစဉ်က မောင်ဘလွင်မှာ ၁၉ နှစ်သား ရှိသေး၏။

မောင်ဘလွင် ရန်ကုန် ရောက်သော အခါ ဦးအုန်းမောင်နှင့် အတူ ၁ဝ ရက် ခန့်မျှသာ နေပြီး ဂျာနယ် အတွက် ဆောင်းပါး ၃ ပုဒ်သာ ရေးပေးကာ မန္တလေးသို့ ဇွတ်ပြန်သွားသည်။

အယ်ဒီတာဘဝ[ပြင်ဆင်ရန်]

မန္တလေး ပြန်ရောက်သော အခါ ‘မန္တလေး နေ့စဉ် သတင်းစာ’ အတွက် ဆောင်းပါး တပုဒ် ရေးပေးရာမှ တိုက်ရှင်က သဘောကျ နှစ်ခြိုက်၍ အယ်ဒီတာ အဖြစ် ခန့်အပ်ရာ မောင်ဘလွင်မှာ ‘မန္တလေး နေ့စဉ် သတင်းစာ အယ်ဒီတာ ဖြစ်လာ ရပေသည်။’

ထိုစဉ်က သတင်းထောက်ဟူ၍ သီးသန့်မရှိဘဲ အယ်ဒီတာကိုယ်တိုင် သတင်းရှာ ထွက်ရသောခေတ်ဖြစ်ရာ ကျိုက်ထီးရိုးမှ ပြန်လာသော ဘုန်းကြီးတစ်ပါးက ‘ကျိုက်ထီးရိုး ဘုရား ပျောက်သွားပြီ’ ဟု ပြောသော သတင်းတစ်ပုဒ်ကို ထည့်လိုက်ရာ သတင်းစာမှာ ရောင်းမလောက်အောင် နာမည် ကြီးသွားသည်။ ထို့နောက် မြန်မာ့အလင်း သတင်းစာပါ ချီပါသားနှင့် ပခန်းသား အခန်းမှ နေ၍ မန္တလေး သတင်းစာအဖွဲ့သားတို့ အကုသိုလ်များ၍ ဘုရားကွယ်ဟန်တူကြောင်း သရော်လိုက်ရာ အရှက်ကြီး ရှက်၍ ထိုသတင်းစာကိုပိတ်လိုက် ကြသည်အထိ ဖြစ်သွားသည်။

ဝတ္ထုရေးသားခြင်း[ပြင်ဆင်ရန်]

အချိန်ပိုများ ရလာသောအခါ ဆောင်းပါးများမှ တဆင့် ဝတ္ထုများ ရေးသားလာသည်။ ပျော်တော်ဆက်၊ ကြည်တော်မူ၊ ရန်ကြီးအောင်၊ အောင်တော်မူ စာစောင်များသို့ စာမူပို့၏။ ပီမိုးနင်းက ၁၅ ကျပ်ရ၍ မောင်ဘလွင်မှာ ၁ဝ ကျပ်သာ ရ၏။ မန္တလေး နေ့စဉ်သတင်းစာတိုက်မှ ပုံနှိပ်စက်ကို အန်ထော်နီ ဆိုသူ ကုလားက ၈ဝ ကျပ်နှင့် ငှားသောအခါ မောင်ဘလွင်သည် အခကြေးငွေ မယူဘဲ ပရု အလကား ဖတ်ပေး၏။ ရင်းနှီးလာသော အခါ သူ့ဝတ္ထု ထုတ်ရန် ပြောပြီး ‘သော်ကမယ်’ ဝတ္ထုကို ပေးလိုက်၏။ ထိုဝတ္ထု ထုတ်သော အခါ ‘မြမျိုးလွင်’ ဟူသော ကလောင် အမည်ကို ယူလိုက်ရ၏။

ထိုဝတ္ထုမှာ ရောင်းမလောင်အောင် စွံသွား၏။ ၄ ပဲတန် ဝတ္ထုလောကတွင် မြမျိုးလွင်သည် ထိပ်ဆုံးကပြေးပြီး ဝတ္ထုအတော်များများလည်း ထုတ်ဝေခဲ့၏။ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ရန်ကုန်သို့ ရောက်နေသော စာရေး ဆရာကြီး အိပ်ချ်ဂျီဝဲလ်က တက္ကသိုလ် ဧည့်ခံပွဲ၌ ‘မြမျိုးလွင် ဝတ္ထု မည်မျှ ရေးပြီးပြီလဲ’ ဟု မေးသော် ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်း ၇ဝဝ ကျော် ဖြေလိုက်၍ အိပ်ချ်ဂျီဝဲလ် မျက်လုံး ပြူးရလေသည်။

နောက်ပိုင်းတွင် မြမျိုးလွင်သည် ၆ ပဲ၊ ၈ ပဲ၊ ၁၂ ပဲတန် ဝတ္ထုများကို ဆက်တိုက် ရေးလာ၏။ သူ၏ ဝတ္ထုအဖုံးများကို ဦးအုန်းလွင်က အဆွဲများ၏။ ပိုမို၍လည်း ရင်းနှီး လာကြ၏။

လီဘားဘရားသာ အတ္ထုပ္ပတ္တိကို ဘာသာပြန်၍ ‘ဒို့ခေတ်’ မဂ္ဂဇင်းတွင် ထည့်ခဲ့၏။ ဒို့ခေတ် မဂ္ဂဇင်းမှာ မြမျိုးလွင် တစ်ဦးတည်း ကလောင် အမျိုးမျိုးဖြင့် ရေးသား ထုတ်ဝေသော စာစောင် ဖြစ်၍ သုံးစောင်မျှ ထွက်ပြီး ပိတ်ခဲ့ရသည်။

မြမျိုးလွင် ဝတ္ထုတပုဒ် ရေးတိုင်း ရေးတိုင်း စာဖတ်ပရိသတ် လောကထဲတွင် ဂယက်ရိုက်သွား၏။ ထိုစဉ်က ‘တလိမ် နှစ်လိမ်’ ဝတ္ထုကို မြန်မာ့ အလင်းတွင် အခန်းဆက် ရေးလာခဲ့ရာ ပရိသတ် အတော်များများ ကြိုက်နှစ်သက်ပြီး ယင်းဝတ္ထုမှ မင်းသား နှစ်လက်နှင့် မင်းသမီး ဘယ်သူနှင့် ညားကြ မည်နည်းဟု လောင်းကြေး ပြုကြသည် အထိ ဖြစ်လာကာ အယ်ဒီတာ လုပ်သူက မြန်မြန် ဇာတ်သိမ်း ခိုင်းရဖူး၏။ ထို ‘တလိမ် နှစ်လိမ်’ ဝတ္ထုမှာလည်း ရုပ်ရှင် ရိုက်ရသည် အထိ ဖြစ်သွား၏။

ထိုစဉ်က အင်္ဂလိပ်လူမျိုး အထက်တန်းကျောင်းအုပ်များကို မြန်မာစာလေ့လာလိုပါက မြမျိုးလွင်၏စာပေများကို ဖတ်ရှု လေ့လာသင့်သည်။ ဗြိတိသျှ ပြတိုက် ‘အရှေ့တိုင်း ဆိုင်ရာ ဘာသာရပ်များ ကဏ္ဍတွင် မြမျိုးလွင်၏ စာအုပ်များကို ထားသင့်သည်’ ဟု ရန်ကုန် ဂေဇက် သတင်းစာ အယ်ဒီတာချုပ် မစ္စတာ စမိုင်းက အကြံ ပေးခဲ့ဖူးသည်။

မြမျိုးလွင်အား အချစ်ဝတ္ထု သက်သက် စာရေးဆရာဟုသာ မသတ်မှတ်သင့်ပေ။ အကြောင်းမှာ မြမျိုးလွင်သည် ‘ကျော်ဝဘကွန်း’၊ ‘သောကြာသမီး’ ကဲ့သို့သော ဟာသ ဝတ္ထုများ ကိုလည်း ရေးခဲ့သည်။ ‘ဤလူ့ဘောင်’ ကဲ့သို့သော ကျေးလက်ပြုပြင်ရေး ဝတ္ထုများကိုလည်း ရေးခဲ့သည်။ ‘တလိမ် နှစ်လိမ်’ ၊ ‘ဝေ့လယ်လယ်’၊ ‘မိုးကြယ်မို့လား’၊ ‘ကြော့မှူးကေသီ’ စသော ဝတ္ထုသုံးဆယ်ကျော်မျှ ရုပ်ရှင် ရိုက်ခဲ့ရသည်။ မြမျိုးလွင်၏ ‘ကျမျက်ရည်’ ဟူသော ဝတ္ထုကို ရှုမဝ ရုပ်ရှင်က ‘အပယ်ရတနာ’ ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ခဲ့သည်။

မြမျိုးလွင် ရေးခဲ့ သမျှသော ဝတ္ထု တိုရှည် ပေါင်းမှာ ၇ဝဝ ကျော်ဟု ဆိုသော်လည်း ၂ဝဝ လောက်သာ တွေ့ရှိရသေးသည်ဟု အဆို ရှိသည်။

ဆရာကြီး မြမျိုးလွင်မှာ ရှည်ရှည် ပိန်ပိန် ညိုညို ဖြစ်သည်။ နှာတံပေါ် မျက်လုံးပြူးပြီး မျက်နှာတွင် ဝက်ခြံများထူပျစ်နေသည်။ သူ့ခေါင်းမှာ နောက်စေ့ ထွက်လွန်းသည်။ လူနေဟန် မလှပသော်လည်း အဝတ်အစားကိုမူ သေသပ်ကျနစွာဝတ်တတ်ပြီး သန့်ရှင်းမှုကို ကြိုက်နှစ်သက်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

နားမငြီးအောင် စကား ပြောနိုင်စွမ်း ရှိသူ ဟုလည်း ထင်ရှား လေသည်။ ဆရာကြီး မြမျိုးလွင်သည် ၁၉၇ဝ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ ၃၄ လမ်း နေအိမ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်သွား ခဲ့လေသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

မြဝတီမဂ္ဂဇင်း အတွဲ ၁၈၊ အမှတ် ၁၂ လာ တင်သိန်း (မန်းတက္ကသိုလ်) ၏ ‘ဆရာကြီး မြမျိုးလွင်’ ဆောင်းပါး။