မြန်မာ ဟာသစာပေ

ဝီကီပီးဒီးယား မှ

လူတွင် အကြောပေါင်းတစ်ထောင် ရှိသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် ဂွမ်းဆီထိ ပီတိသောမနဿ ဖြစ်သည်ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်း တစ်ထောင်လုံး စိမ့်သွားသည့် ခံစားမှုမျိုး ဖြစ်ပါမည်။ ပုဂံရာဇဝင်တွင် အနော်ရထာမင်းစောသည် ရှင်အရဟံ၏ တရားထူး တရားမြတ်ကို ကြားနာရ၍ အကြိမ်တရာ စစ်သောဆီတွင် အဖန်တရာဖတ်သော ဝါဂွမ်းကို ချဘိသကဲ့သို့ ဩက္ကမ သဒ္ဓါဖြင့် မတုန်မလှုပ်သော ပီတိ၌တည်၏ ဟု ဆိုသည်။

အနောက်တိုင်းအယူ[ပြင်ဆင်ရန်]

လူတဦးတယောက် ပြုံးရယ်သည့်အခါ မျက်နှာတွင်ရှိသော အကြောပေါင်း ၁၅ခုမှာ ကျုံ့သွားပြီး အသက်ရှူဟန်လည်း အနည်းငယ်ပြောင်းလဲသွားသည်ဟု ယခုခေတ် အနောက်တိုင်းသိပ္ပံဆရာများက ဆိုသည်။ လူတဦး ပြုံးရယ်ဟန်ကို အသေးစိတ် လေ့လာကြည့်လျှင် -

  1. ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း
  2. အထက်နှုတ်ခမ်း မြင့်တက်သွား၍ သွားများပေါ်ခြင်း
  3. နှာခေါင်းနှင့် နှုတ်ခမ်းကြားရှိ အသားများ ကွေးကောက်တွန့်လိန်ခြင်း
  4. မျက်စိများ အရောင်တောက်ပလာခြင်း
  5. အောက်မျက်ခမ်း အသားကလေးများ တွန့်လိန်ခြင်း များကို မြင်တွေ့ရမည်ဟု ဆိုသည်။

ယင်းငါးမျိုးသော မျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣန္ဒြေမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်သည်။ ထို့ထက်ပိုမို ပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်း ဖြစ်ပွားလာပြီဆိုလျှင်မူ မျက်ရည်များ ထွက်လာတတ်၍ မျက်စိအရောင် တောက်ပမှု လျော့ပါးသွားတတ်ပေသည်။ အသံလည်း ထွက်လာသည်။ 'ဝါး'ကနဲ ပွဲကျသွားသည့် ရယ်မောနည်းမျိုးကိုမူ ပေါက်ကွဲမှုဟုဆိုရမည်။ သို့သော် ဟာသဆိုသည်မှာ မိန်းကလေးတဦး၏ ဣန္ဒြေမပျက် ပြုံးတုံ့မပြုံးတုံ့အဆင့်မှစပြီး 'ဝါး' ကနဲ ပွဲကျပြီး ခွက်ထိုးခွက်လန် ရယ်မောသည်အထိ အဆင့်အတန်း အမျိုးမျိုး ပြောင်းလဲသွားတတ်သည့် လက္ခဏာများ ရှိကြောင်း ကမ္ဘာကျော် လောကဓာတ်ဆရာကြီး ဒါဝင် (Charles Darwin) က ရေးသား ဖော်ပြခဲ့ဖူးသည်။

အရှေ့တိုင်းအဆို[ပြင်ဆင်ရန်]

အရှေ့တိုင်းသားများကိုယ်တိုင် ဟာသရသကို အသေးစိတ် လေ့လာချက်များလည်း ရှိသည်။ ဟာသစာပေများ စုဆောင်းလေ့လာခဲ့သူ မြောင်းမြသခင်တင်၏ ကိုးကားဖော်ပြချက်တွင် အောက်ပါအတိုင်း ပါရှိသည်။

ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်းပင် ဖြစ်၏။ (ဝါ) ကြည်နူးစရာ၊ ပီတိဖြစ်စရာတည်းဟူသော ပျော်မွေ့နှစ်သက်သည့် စေတသိက် အဆင့်သို့ ပို့ဆောင်ခြင်းဖြင့် တမုဟုတ်အတွင်း ဆိုက်ရောက်စေ၏။

ရယ်မောခြင်းခြောက်မျိုးရှိရာ -

  1. မျက်စိပွင့်ရုံ ပြုံးရယ်ခြင်း
  2. သွား စဉ်းငယ် ပေါ်ရုံမျှ ရယ်ခြင်း
  3. ညှင်းညှင်းချိုချို အသံထွက်ရုံရယ်ခြင်း
  4. ပခုံးနှင့်ဦးခေါင်း လှုပ်ကြွ၍ ရယ်ခြင်း
  5. မျက်ရည်ထွက်အောင် ရယ်ခြင်း
  6. ကိုယ်ကိုလှုပ်ကာ ခုန်ပေါက်ရယ်မောခြင်း

ယင်းရယ်မောခြင်း ခြောက်ပါးကို မြောင်းမြသခင်တင်က ဘယ်ကျမ်းက ကောက်နုတ်ထားကြောင်း မဖော်ပြပါ။ သို့သော် အာရှပညာရှိကြီးများ၏ သုံးသပ်ချက်မှာ အနောက်သိပ္ပံရှင်ကြီးများထက်ပင် အသေးစိတ်ကျနေသည်။

ထို့ပြင် အလင်္ကာကျမ်းများတွင် ရသကိုးမျိုးဆိုသည် ရှိသည်။ စာပေရေးသားသီကုံးဖွဲ့နွဲ့ရာတွင် သဒ္ဒါလင်္ကာရပိုင်း ဆိုသည့် အသံဖြင့် တန်ဆာဆင်ခြင်းနှင့် အတ္ထာလင်္ကာရပိုင်း ဆိုသည့် အနက်အဓိပ္ပာယ်နှင့် တန်ဆာဆင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ အတ္ထာလင်္ကာရပိုင်းတွင် အကျုံးဝင်သည့် ရသကိုးမျိုးတွင် ဟာသရသလည်း ပါဝင်နေသည်။

အရှေ့တိုင်းသားများ ပြုစုသော အလင်္ကာကျမ်းတွင် ယင်းသို့ တွေ့ရပြီးသည့်နောက် အနောက်တိုင်းသား ကောစလား (Frank Coslar) ၏ လေ့လာချက်အရ ဆိုလျှင် သူတို့ဆီတွင် ဟာသရသကိုးမျိုး ခွဲခြားထားပုံ တွေ့ရသည်။

အနောက်တိုင်းဟာသ ကိုးမျိုး[ပြင်ဆင်ရန်]

  1. မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း (Bathos)
  2. သရုပ်ပျက် (Caricature)
  3. ဥပမာမြောက် (Comic Simile)
  4. ပကာသနကို ဖောက်ထွင်းပစ်ခြင်း (Debunking)
  5. သဏ္ဌာန်လုပ် သရုပ်ဖော် (Impersonation)
  6. အသံထွက် ဆင်တူ (Pun)
  7. ဇဝနဉာဏ် (Witticism)
  8. ခေတ်ပြောင် (Satire)
  9. စကားထာ စကားဝှက် (Riddle)

နောက်ဆက်တွဲ ခြောက်မျိုး[ပြင်ဆင်ရန်]

နာမည်ကျော် ဥရောပ စာရေးဆရာ ကောစလားက ယင်းသို့ ဟာသကိုးမျိုး ဖော်ပြထားသော်လည်း အမှန်မှာ အခြားအမျိုးအစား အများအပြား ကျန်ရှိနေပါသည်။ လက်လှမ်းမှီသလောက် ဖော်ပြရလျှင် -

  1. အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy)
  2. ကျောင်းသားအလွဲဖြေ (Howlers or Boners)
  3. ခနိုးခနဲ့ (Irony)
  4. နှာခေါင်းသွေးထွက် (Practical Joke)
  5. ကလေးချော့ (Nonsense and Nursery Tales)
  6. စာဖျက် (Parody)

မြတ်စွာဘုရားက ဘယ်သူပြောတာကိုမှ မယုံကြည်ဘဲ ကိုယ့်အသိဉာဏ်နှင့် အခါခပ်သိမ်း ယှဉ်ကြည့်ရန် ကာလာမသုတ်တွင် ဟောတော်မူခဲ့၍ ကျွန်တော်လည်း ကောစလား ပြောသည့်အတိုင်း အတည်မပြုသေးဘဲ ကိုယ့်ဟာကိုယ် လိုက်ရှာခဲ့ရာ ယင်းစာပိုခြောက်မျိုး တွေ့ရသည်။ ထို့ကြောင့် ဟာသာရသမှာ သူပြောသလို ကိုးမျိုး မကတော့။ ၁၅မျိုး ရှိသွားလေပြီ။ က၊ွန်တော်တို့ မြန်မာပြည်တွင် ၁၅ မျိုးစလုံးရှိသည်။ ရှေးကတည်းကစပြီး ရှိခဲ့သည်။

ဟာသနှင့်ပတ်သက်၍ ဟံသာဝတီဦးဘရင်က သတ္တဝါမှန်သမျှတို့သည် ပျော်ရွှင်မှုတည်းဟူသော ဟာသရသကို ခံစားမှုရှိကြမှ စိတ်ဓာတ်ပွင့်လင်းခြင်း၊ပျော်ရွှင်ခြင်းသဘောသို့ ဆိုက်ရောက်နိုင်၏။ သို့မှသာ မိမိတို့၏ စီးပွားရေး ကြီးပွားရေးတို့ကို တက်လှမ်းကြစဉ် လုပ်နိုင်ကိုင်နိုင်ရှိကြ၏ဟု ရေးသားခဲ့ဘူးသည်။

မြန်မာလောကတွင် ကြားသိရသည့်ဟာသ ၁၅ မျိုး၏ နမူနာများကို ကောက်နုတ် ဖော်ပြလိုသည်။ ယင်းသို့ ဖော်ပြရာတွင် ခေတ်အမျိုးမျိုးပါဝင်နေ၍ သမိုင်းအနေနှင့်လည်း အတော်ရုပ်လုံး ပေါ်လာပါလိမ့်မယ်။

၁။ မြတ်ရာမှ နိမ့်ရာသို့ လျှောကျခြင်း[ပြင်ဆင်ရန်]

ပလ္လင်ပေါ်က မျောက်ကလေး ခုန်ဆင်းပြေးသလို ကျဆင်းသွားသည့် ဟာသရသကို ပထမဆုံး ဖော်ပြလိုသည်။ အင်္ဂလိပ်အားဖြင့် From the Sublime to Ridiculous ဟူ၍ ဖြစ်သည်။

ဥပမာအားဖြင့် ဦးပုညက စိပ်ပုတီးနှင့် ရိပ်ကြီးခိုချင်ဟန် အောက်ပါ ဒွေးချိုးကို ရေးခဲ့သည်။

တောခိုချင် စိတ်ကယ်နှင့်

သပိတ်ကိုလွယ်

သားရေနွယ်ကွဲ့ရှာတုန်း။

ချောင်အနီးမှာလ

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

မင်းလိုက်ခဲ့အုံး။

တောထွက်မည့် ဆရာကြီးက ဟန်တွေ ပန်တွေသားရေနွယ်တွေ ဘာတွေ ရှာခိုင်းပြီးမှ တောထဲတွင် တစ္ဆေကြောက်၍ သူ့မိန်းမလည်း လိုက်ခဲ့ပါအုံးဟု ဆို၏။

ဗာရာဏသီပြည်၏ ဗကမင်းသည် ပဉ္စပါပီနှင့် အဆက်ဖြစ်နေသည်။ သူ့မြာဆီသို့ သွားလိုသောစိတ် ပြင်းထန်စဉ် နေကဝင်ခဲ၍ သူရိယနေမင်းကို ကျိတ်ပြီး စိတ်ဆိုးကျိန်ဆဲ နေပုံကိုလည်း စာရေးဆရာကြီး ဦးရွှေနီက အောက်ပါအတိုင်း ဖွဲ့နွဲ့ထားသည်။

သူလည်းနေ ငါလည်းနေ

နေမင်းဆွေပါဘဲ၊ နေနတ်မျိုးချင်း

နေရင်းဇာတိ၊ သာကီယဘုန်း

နေကြတုန်း၊ နေတလုံးစီရသူပါ

နေမိနေရာ၊ နေစကြာဟု

နေအာဒိစ္စ၊ သူ့ပါဋ္ဌ်ကမှာ

ဘာတာတာနှင့်၊ အာဒိစ္စငဲ့

အာခေါင်ကိုဖဲ့ချင်လှ၊

နငယ်အနေ၊ သဝေကလေး

ခွေခွေလေးနှင့်၊ နေရေးမမြင်

နှေးမလျှင်သည်၊ နေဝင်ခဲသောကြောင့်

နေနဲအောင်နေ၊ နေတဲ့

နေကိုသာစိတ်ဆိုး၍၊

တတိုးတိုးမြည်မိရှာခဲ့။


ယင်းကဗျာတွင် သူရိယ နေနတ်မင်းနှင့် ဗာရာဏသီက နေမျိုးနွယ် လူမင်းတို့မှာ အာဒိစ္စဝံသ အချင်းချင်း ဖြစ်စေကာမူ သိက္ခာ မထိန်းနိုင်ဘဲ တဦး၏ အာခေါင်ကို တဦးက ဖဲ့ပစ်ချင်အောင် စိတ်ဆိုးပုံများ ပေါ်လွင်ပါသည်။

၂။ သရုပ်ပျက်[ပြင်ဆင်ရန်]

ကာတွန်းဆရာများက သူတို့မုန်းသည့်လူများကို သရုပ်ဖော်ရာတွင် အရုပ်ဆိုး အကျည်းတန်အောင် လုပ်ပစ်တတ်ကြ သကဲ့သို့ စာရေးဆရာများကလည်း အလားတူ စာလုံးဖြင့် ရုပ်ပျက်ဆင်းပျက် လုပ်တတ်ကြသည်။ ဇူစကာပုဏ္ဏား ဝင်္ကပါတောင်ကို အလှူခံထွက်စဉ် ဦးပုညက သူ့ကို အောက်ပါအတိုင်း မြင်ခဲ့သည်။

သီကရီ၊ ရွှေပိုးတီ အသာတွန့်သည့်နှယ်၊

မောင်လွန့်ကာလူး။

ခါးငယ်ကိုလိမ်၊ ဖင်ပိန်ကို အကုန်နှဲ့ပါလို့

အိပ်ပဲ့ အနိုင်ချီရတော့ဗွတ်ဖင်နီ ပျံသင်စလို၊

လမ်းတွင်လှဘူး။

လမ်းမတွင်

မြိုင်ခွင်မှာ ခန္ဓာရွေ့ချည်ငဲ့၊

တာတော့မောင်ထွေး။

ရိက္ခာငယ်ကုန်၊ မသာပုံအတန်ပေါက်ချင်ပေါ့၊

သက်ပျောက်ရင် မောင်တကိုယ်မို့၊

လင်းတအို ဖင်ကိုနှိုက်မှာ စိုးလိုက်လှလေး။

၃။ ဥပမာမြောက်[ပြင်ဆင်ရန်]

ဟာသမြောက်သည့် ဥပမာနှိုင်းယှဉ်ချက်များကို အောက်ပါအတိုင်း စာဆိုတော် ဦးမင်း၏ သစ္စာတိုင်တေးထပ် တွင်ပါရှိသည်။

လယ်ပုဇွန် ခေါင်းထွက်တော့

ပြောင်းကွက်လို့ မသွေ

ငေါင်းငှက်က ခြေနှစ်ထွေ

ဒီရေက ချိုအုံး။

ပင်လက်ပံ ကသစ်ကျူမှာ

အနှစ်ယူထားတော့ တနှုန်း။

ရုံးနက်တော့ မုန်းကွက်ဉာဏ်ကို

ဘုန်းသက်ရန်မသုံး။

ရေမြွေမှာ ခြေတွေ့အုံးစေတော့

သွေမုန်းဘို့မယူ

ရွှေပေပင် နှစ်ခါသီးခါမှ

အခွါကြီး ခွါလိုက်တော်မူ။

ရေခဲတော့ ပွေနဲကူပေါင်

သွေလွှဲသူ ဝင်္ဂမို့

တင်သမျှ မောင်သစ္စာ

မြဲငဲ့သေချာ။

ဘဒ္ဒဤကမ္ဘာမှာ

သံပရာ ချိုအုံးတော့လေး။

၄။ ပကာသနကို ဖောက်ထွင်းပစ်ခြင်း[ပြင်ဆင်ရန်]

လူ့လောကတွင် ဟန်ဆောင်မှု ပကာသနများ ရှိသည်။ ယင်းတို့မှာ အနှစ်မရှိသည့် အကာအဖြုန်းများသာ ဖြစ်သည်။ ယင်းတို့ကို မလိုလားအပ်မှန်း သိလျက်နှင့် မြှောက်ပင့်ပေးသူ (ဝါ) ဖော်လံဖားတတ်သူများ ရှိတတ်သည်။ ယင်းတို့ကို မြင်ပြင်းကတ်၍ အမှန်အတိုင်း ဖွင့်ချရေးသားချက်များလည်း ရှိတတ်သည်။

အောက်ပါ ထုတ်နုတ်ချက်မှာ ဘုရားလောင်း လုပ်ချင်သည့် ရှင်ဘုရင်ဘိုးတော်ဘုရားကို အမတ်ကြီး ဦးပေါ်ဦးက ပုံတိုပတ်စနှင့် စိတ်ပျက်အောင် မြှူဆွယ်ခန်းပင်။

တကြိမ်က ဘုရင်ဘိုးတော်ဘုရားသည် အမတ်ကြီး ဦးပေါ်ဦးသို့ မိန့်တော်မူသည်မှာ

ဘုရင်။ ။ ပေါ်ဦးရေ၊ ငါက ဘိုးလောင်းတော် ဘေးလောင်းတော်များထက် ပိုမိုထူးကဲတယ်ကွ။ ဘာကြောင့်လဲ ဆိုတော့ ငါက ဘုရားဆု ပန်တာကိုး။ ဒါကြောင့် ငါဟာ ဘုရားလောင်းနှင့် တူရဲ့လား။ မင်းကတော့ ပညာရှိမို့ ငါဘုရားဆုပန်သူ ပြီသစွာ ပါရမီ တော်တော်ရင့်သန်နေပလားဆိုတာ အကဲခတ်စမ်းပါကွယ်။

ဦးပေါ်ဦး။ ။ မှန်ပါ၊ ပုဂ္ဂိုလ် တဦးတယောက်ဟာ ဘုရားဆုပန်ဝံ့ သည်ဆိုကာမျှနှင့် အင်မတန် ချီးကျူး ဂုဏ်ပြုထိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါးကို အားထုတ် ဖြည့်ဆည်းရမည့် သူမို့ပါ။ ဒါကြောင့် ဘုရားဆုပန်သူများဟာ တောင်တွင်းကြီးက ခင်ကြီးပေါက်လို ဖြစ်မသွားရန် လိုအပ်ပါတယ်။

ဘုရင်။ ။ ခင်ကြီးပေါက်ကလဲ ငါလို ဘုရားဆုပန်သလားကွ။ ဘယ်လိုလဲ။

ဦးပေါ်ဦး။ ။ တောင်တွင်းကြီးမြို့မှာ ခင်ကြီးပေါက်ဆိုတဲ့ တောထွက်ရဟန်းကြီး ရှိခဲ့ပါတယ်။ သူ့ကို ဆွမ်းပင့်ကျွေးရင် သက်သတ်လွတ်မှ ဘုန်းပေးတယ်။ ဒါကြောင့် လူအများ အလွန်သဒ္ဓါ ကြည်ညိုပြီး ဘယ်တရား အားထုတ်ပြီး ဘယ်ဆုမျိုး ပန်သလဲလို့ မေးတတ်ကြတယ်။ နောက်ဆုံးမှာတော့ တောထွက်ရဟန်းကြီးက တကာတို့ ဘုန်းကြီးဟာ သဗ္ဗညုတဘုရား ဆုပန်တယ် လို့ မိန့်ကြားသတဲ့။ အဲဒီသတင်းပေါက်ကြားတော့ ခင်ကြီးပေါက်ကို လာရောက်ဖူးမြှော်လှူဒါန်းတဲ့ ပရိသတ်ဟာ စဲတယ်လို့ မရှိဘူး။ ပညာရှိကြီးတဦးက ခင်ကြီးပေါက်ဟာ ဘုရားလောင်း ဟုတ်မဟုတ် စမ်းသပ်ချင်စိတ် ပေါ်လာသတဲ့။

ဘုရင်။ ။ ဩော် ဘယ်လိုများ စမ်းသပ်သလဲ။

ဦးပေါ်ဦး ။ ။ စမ်းသပ်ပုံကတော့ အဲဒီပညာရှိကြီးက သူ့တပည့် နှစ်ယောက်ကို အရက်မူးအောင်တိုက်ပြီး ခင်ကြီးပေါက် ကျောင်းအနီးမှာ သံချပ်ထိုးခိုင်းတယ်။

ပထမလူ ။ ။ ရင့်မာတကျိပ် အနုငါးရာဗျ။

ဒုတိယလူ ။ ။ နောင်လာရှစ်သောင်း ဘုရားလောင်းဟေ့။

ပထမလူ ။ ။ ဘုရားလောင်းနောက် ဒို့နှစ်ယောက် လကွယ်။

ဒုတိယလူ ။ ။ ဒို့နှစ်ယောက်နောက်မှ ခင်ကြီးပေါက်ဟေ့။

သံပြိုင် ။ ။ ဟေး လား မောင်ရို့ ဝါး။ အဲဒီလို အကြိမ်ကြိမ် ကျောင်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် သံချပ်ထိုးတော့ တောထွက်ရဟန်းကြီးက ထွက်လာပြီး သေသေချာချာကြည့်သတဲ့။ သံချပ်ကို နားထောင်ပြီး ခင်ကြီးပေါက် ဆုံးဖြတ်ပုံကတော့…

ဘုရင်။ ။ အေး အလောင်းတော်ကြီးက ဘယ်လို ဆုံးဖြတ်သလဲ။

ဦးပေါ်ဦး။ ။ အော် ငါ့အရင် ပွင့်မည့် နောင်တော်ကြီးများတောင် မူးကြရူးကြတုံး ရှိပါသေးကလား။ ငါက အခုလို ဆင်းရဲဒုက္ခခံပြီးကျင့်ဘို့ မလိုသေးပါဘူး ဆိုပြီး မကြာခင်မှာ ခင်ကြီးပေါက် လူထွက်သွားတယ်။

ဘရင်။ ။ ဟဲ ဟဲ ပေါ်ဦးက ငါ့ကို လှောင်နေပြန်ပါပြီ။

၅။ သဏ္ဍန်လုပ် သရုပ်ဖော်[ပြင်ဆင်ရန်]

မြန်မာဇာတ်သဘင်များတွင် သိကြားထွက်ခန်း၊ ရှင်ဘုရင် ထွက်ခန်း၊ ရသေ့ထွက်ခန်း၊ ဘီလူးထွက်ခန်းများကို အများမြင်ဘူး ကြပေမည်။ သဏ္ဌာန်လုပ်ရင် သရုပ်ပေါ်ရမယ် ဆိုသည့်စကားအတိုင်း စာဆိုနှင့် ဇာတ်ဆောင်သူနှစ်ဦးလုံး ကြိုးပမ်းကြရသည်။ သူတဦး၏ သဏ္ဌာန်ကို သရုပ်ဖော်ရာတွင် ဝန်ကြီး ပဒေသရာဇာ ရေးသည့် သိကြားမင်း ထွက်ခန်းမှာ ရိုးရိုးနှင့် ပြောင်မြောက်မြိုင်ဆိုင်သည့် စာပေတရပ်ပင် ဖြစ်သည်။

မေရုရာဇာ

မေရုရယ်မှ ရာဇာလေ။ မှိုင်းညို့ညို့နှင့် ဒို့နေရာမှာ သီတာငယ်မှ တရစ်၊ လေးက၊ွန်း လယ်ခေါင် မြတန်ဆောင်မှာ တောင်တဆစ်နှင့် ကသစ်ကယ်မှ နီလွင်၊ ပင်လယ်ပန်းနှင့် နန်းကြီးရှင်ကို နှင်နှင်မမှတ်ကြပါနှင့်။

ပါဏာတိပါတ် မသတ်သူ့သက် ခိုးဝှက်မယူ တရားစောင့်လို့ ဖြောင့်သသူကို ငါမူဆုတောင်း မေတ္တာလောင်းလို့ တောင်းခဲ့မယ်။

မတော်မတရား လျှပ်စာစားလို့ စော်ကားတမူ ကျင့်သသူကို ပူအောင်ချောင်းသို့ ငါစောင်းမည်။

ရှစ်သောင်း လေးထောင် နှစ်ပြန်ဆင့်သည် မြင့်သည့်တောင်က နတ်ခေါင်ဒေဝါ ခရုသင်းနှင့် ငါဆင်းလာသည် သူဇာသက်နှင်း ကိုယ်ရောင်လင်းသည့် တောင်ကြီးမင်းကို မတင်းနှင့်နော် မြေးတဖော်တို့။

သင်္ကြန်ကျချိန်တွင် သိကြားမင်းသည် နွားများ၊ ကျွဲများ၊ ဝက်များကို အလှည့်ကျစီးပြီး လူ့ပြည်ကိုဆင်းရာတွင် ကတောကမျောဖြင့် ဟိုဟာမေ့ကျန်ရစ် ဒီဟာမေ့ရစ်မို့ သုဇိတာတို့ သုမာလာတို့က အဆူ ခံရပုံများမှာလည်း မြန်မာကာတွန်းဆရာများအတွက် အကွက်ကောင်းများပင် ဖြစ်သည်။ ယင်းသို့ အကွက်ကောင်း၊ ချက်ကောင်းများကို ဦးပုညတို့ခေတ်ကလည်း လက်မလွှတ်ခဲ့ကြပေ။

သိကြားပြောင်တေးထပ်

နန်းမေရုပြာသာဒ်

လမ်းဖြတ်တဲ့ ဣန္ဒာ

ကမ်းသတ်လို့ နှိမ်ရှာတယ်

အလိမ္မာ လွန်သား။

ထောက်လှမ်းချက် သုဓမ္မာဝယ်

ခုအခါ လစ်ကြသလား။

ဘုရားက သိကြားကိုမှာတယ်

ဋ္ဌကထာရှိသား

သာသနာ ငါထားငဲ့

မမှားအောင် စေ့ဆော်

မကောင်းသူ ကောင်းသူတို့ကို

ကြောင်းယူလို့ ဆန်းစစ်ကာမျှော်

ဝိမလ နန်းသစ်ပေါ်မှာ

သန်းရှစ်ဖော် ရွေများနှင့်

ဘုရားကို နှစ်ရစ်လိန်

ညစ်တဲ့မာဃိန်

ပစ်ရှာမည့် ဝရဇိန်ငယ်

ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။

၆။ အသံထွက် ဆင်တူ[ပြင်ဆင်ရန်]

အသံထွက်ချင်းဆင်တူသည့် စကားလုံးများကို အမှီပြုပြီး ကလိခြင်းမှာလည်း ပေါများလှပါသည်။ တကြိမ်ကလည်း နာမည်ကျော် ဗန်းမော် ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကြီး၏ သီလတရားကို မယ်သီလနှင့် ထင်မှားစရာ ဖြစ်အောင် ရေးခဲ့ဘူးသည်။

စိပ်ပုတီးနှင့်

ရိပ်မှီးတဲ့ ထွဋ်ခေါင်။

ဦးရွှေညိုသီလချောရယ်နှင့်

တောခိုသည့်ချောင်။

ခန္ဓာတောင်

ရုပ်ဆောင်တဲ့ ရှင်ထွဋ်။

သီလဆို ဖြူဖြူဆွကို

အားရအောင်ချွတ်။

ထွဋ်ခေါင်။ ။ ဘယ့်နှယ်လဲ ကိုဗန်းမော်၊ ကျုပ်ကို သီလရင်တွေ ဘာတွေနှင့် လှောင်သပေါ့လေ။

ဗန်းမော်။ ။ အရှင်ဘုရား၏ သီလတော် သမာဓိတော် စင်ကြယ်ချောမွေ့တဲ့သဘောကို ဂုဏ်တင်ပြီး ချီးမြှင့်တဲ့ ကဗျာသာ ဖြစ်ပါကြောင်း ဘုရား။

ထွဋ်ခေါင်။ ။ တော်ပါ ဗန်းမော်ရယ်။ ငါ့ကို နှစ်စွယ်သော အဓိပ္ပာယ်နှင့် နှိမ်တာမဟုတ်လား။

စာဆိုတဦးရေးသည့် ထန်းခေါက်ဖာဘွဲ့နှင့် ဤကဏ္ဍကို ဖုံးအုပ်ချင်ပါသည်။

ထန်းခေါက်ဖာဘွဲ့

ပြုံးစိစိအသွင် အပြောက်ဟန်လှလိုက်တာက

သုံးမိလျှင် နောက်တဖန်တရပါလိမ့်

မှောက်လှန်၍ ပြဝံ့ပါရဲ့ ရှုစမ်းပါ။

အောက်ခံအမရယ်က နုဆန်းစွာ။

ဆရာသုံးစေဘို့

ဖာဖုံးမှာ အနက်ကြောင်းတွေနဲ့

အရက်ကောင်းသနော် ရွှေမိန်ရွာက

ရေစိမ်ကာ ကောင်းစွာထိုးလိုက်တာမို့

ငွေချိန်တာတောင် ၎င်းဖာမကျိုးပါဘု

အဖိုးတန် ငွေနှစ်ကျပ်ကယ်နှင့်

ကျေနပ်အောင် ပြုပြင်လို့ ရောင်းလိုက်ပါရဲ့

သောင်းထိုက်တဲ့ နဂရာမှာ

ပေါင်းကြိုက်တဲ့ဖာ။

ထေရ်အရှင် ရဟန်းတော်မက်စေဘို့

အညီပင် ဆန်းသနော် အကွက်တွေနှင့်

ထန်းလျှော်အရွက်ကိုတော့ သပ်နှီးဖြာ

အရပ်ကြီးဖာနှင့် မတူပါတကား

အကြောင်းရဲ့သာ

၎င်းဖာ အထင်မြင်တွေးတာက

ဆောင်းအခါဝင်လျှင် နွေးမှာမို့

ကောင်းလောက်အောင်

တဖုန်းသာမဏေကို ကပ်လိုက်ချင်လှ

အသုံးမှာ နတ်အတွေ့ကဲ့သို့

ဖာအကျော်ဇမ္ဗူမှာ ရှားလောက်အောင်

တလုံးတခါထပ်၍ မှာတော်မူပါဘုရား။

၇။ ဇဝနဉာဏ်[ပြင်ဆင်ရန်]

တယောက်ကပြောသည်ကို မိမိက ချက်ချင်းလက်ငင်း ပြန်ဖြေ ပြန်အုပ်ပြီး ပွဲကျအောင်ပြောနိုင်မှလည်း ဇဝနဉာဏ်ဟု ခေါ်ထိုက်ပါသည်။ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသကဲ့သို့ သူများပြောသည်ကို အိမ်ပြန်ရောက်ပြီး တရေးနိုးမှ အကြံပေါ်သည့် အစွမ်းမျိုးကို မဆိုလိုပါ။

အောက်ပါ ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ အချီအချ ပြောကြပုံများမှာ မှတ်သားလောက်ပါသည်။

ညောင်ကန်ဆရာတော်နှင့်ရွှေတောင်ဆရာတော်

ရွှေတောင်။ ။ ရတနာရွှေတောင်၊ ထွန်းလင်း ပြောင်၊ ရောင်ဝါ ဘာ့ကြောင့် ညှိုးအံ့နည်း။ ညောင်ကန်။ ။ ရွှေတောင်ထိပ်တက်၊ ညောင်မြစ်ရှက်၊ ကိုင်းခက် လွှမ်းအုပ်တော့မည်တည်း။

ရွှေတောင်။ ။ ရွှေတောင်ခေါ်လှစ်၊ ဇမ္ဗူရစ်၊ ညွံနစ်ရောင်ဝါ မညှိုးတည်း။ ညောင်ကန်။ ။ ညောင်ကန်ဟုခေါ်၊ ဉာဏ်ခေါင်ဇော်၊ ရွှေလှော် ပြာချတော့မည်တည်း။

ဦးမင်းနှင့် ဖိုးသူတော်

နန်းမတော် မယ်နု ရှေ့တော်၌ လူဦးမင်းနှင့် ဖိုးသူတော်တို့ ဆုံကြရာဝယ်

လူဦးမင်း။ ။ ပဲဖြူက ဆိမ့်လိုက်တာ၊ ရသာက လွန်ထူး။ ဖိုးသူတော်။ ။ ညအခါ၊ လသာသာ ကိုယ်တော်သုံးတယ်၊ လေပုန်းကမြူး။

၈။ ခေတ်ပြောင် (Satire)[ပြင်ဆင်ရန်]

ပတ်ဝန်းကျင် အခြေအနေ သို့မဟုတ် ခေတ်ကာလကို ပြောင်လှောင်သည့် စာပေမျိုးကို အချုပ်တန်းဆရာဖေ၏ ဆုတ်ခေတ်ကဗျာ၌ တွေ့ရသည်။ ပါတော်မူပြီးမကြာခင် မန္တလေးမြို့အခြေအနေကို စိတ်နာနာဖြင့် ဖော်ပြခဲ့ဟန်တူသည်။

မျက်နှာပေး မမာကြပါနှင့်

ထာဝရပြုံးပါ

ကာလကို နှလုံးနာသည်

မုန်းစရာ ကရို့။

လေးပြင်က အုတ်ဆက်ကွာအောင်

ဒုတ်စကြာ လွှတ်သည့်ခါမို့။

ဇာတ်တူချင်း ယခုအခါမှာ

ကရုဏာ ကွာလို့

အမှုသာ ရှာဖို့ပ

မြန်မာတို့စိတ်မှာ။

ဥပုသ်သည် ဓားပြရိုးပါလို့

တရာ့ကိုး ဖမ်းတဲ့အခါ။

ဂွတမျိုး မချမ်းသာတယ်

လမ်းတကာ ဉာဏ်ကုတ်လို့

သံဒုတ်နှင့် ဇီဝိန်ချွေ

တိုင်းပြည်သိပေ။

လိမ္မာမှ အသက်ရှည်မည်

အခက်တွေ ပွေလွန်းလို့လေး။

ထိုအချိန်လောက်ကပင် မောင်းထောင်ဦးကျော်လှ ရေးသော သံချို၌ “ခေတ်မကောင်းဘူးဆိုပြီး ဟိုမျှော် ဒီမျှော် မလုပ်ကြနှင့်။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ဖြစ်နေမည်။ ဘုန်းကြီးကျောင်းမှာ ထိပ်ခေါက်ခံရသည့် မျောက်လို မဖြစ်ပါစေနှင့်ဟု အဓိပ္ပာယ်ပါသည့် သံချိုကို စပ်ခဲ့သည်။

ကပ်မသမာ ဓာတ်ပါပဟာမို့

ကာလတကြိမ်ပျက်စဉ်က

တိမ်တက်ခါ နီညိုညိုမို့

အရင်လို ပျက်လိမ့်ဦးမယ်ထင့်

ပြည်လုံးကို ပြောရှာကြ

ကောလာဟလ ဝစနံ။

ယိုးဒယားငယ်နှင့်

မျိုးခြားလူ ဘုရင်ဖြစ်လိမ့်မတဲ့

ပြင်သစ်မျှော်ကာ တမ်းသူနှင့်

ဟော်နန်းစံ ဦးဒည်ဘွားငဲ့ပြင်

ရုရှားတွေ လာပြီငယ်လို့

လူ့လောကာ ဝေါဟာရ

ပြောရှာကြပြန်။

နွယ်မတူ ဘယ်လူမျိုးသော်မှ

အုပ်စိုးကာ နိုင်ငံချဲ့စေတော့

ကံမဲ့သူ ပျက်ပြိုယွင်းလို့

ကံရှိသူ ဂုဏ်ထင်လင်းလိမ့်

အရင်းဖြင့် ကံသာကံ

ဓမ္မခန် သီကုံး။

ခေါင်းကျဉ်အောင် ကျောင်းတွင် မျောင်ကိုလ

တချက်ပင် ရက်စဉ်ခေါက်သတဲ့

ထိုမျောက်ငယ် စိတ်နာသီးလို့

ခင်ကြီးကို သေဆုတောင်းခဲ့ပြန်

နောက်ကျောင်းထိုင် ဦးပဉ္စင်းငယ်က

မြင်ပြင်းကာ နားထင် အက်လုအောင်

နှစ်ချက်ပင် ရက်စဉ် ခေါက်ပြန်သတဲ့

ထို့နောက် မောင်ရှင်လာခဲ့ရင်

မြင်မသာ ခန္ဓာကြွေမည်ကြောင့်

မာပါစေ မေတ္တာပို့သည့်နှယ်

ဟိုမြို့နယ် ဂန္ဓာချုပ်ပါတဲ့

တရုတ်တွေ ခွေဆံကျစ်ငယ်နှင့်၏

ပြင်သစ်လူ ဘယ်ရုရှားသော်မှ

သနားမည် တယ်မထင်နှင့်

ဘိလပ်စံ ရှင်သခင်ငဲ့ပြင်

မျောက်နာသွင် နောက်လာကို တယ်မတကြနှင့်

နှစ်ချက်ခေါက်ဆရာ သက်သာလှပြီဟု

အောက်မေ့ကြဦး။

၉။ စကားထာ စကားဝှက် (Riddle)[ပြင်ဆင်ရန်]

ပြောလိုသည့် အဓိပ္ပာယ်ကို ဝှက်၍ ရုတ်တရက်နားမလည်စေဘဲ တလွဲ အဓိပ္ပာယ်ကောက်စေရန် စပ်ဆိုထားသည့် စာသည် စကားထာ စကားဝှက် ဟာသ အမျိုးအစား၌ ပါဝင်သည်။ ဥပမာအားဖြင့် ကုန်းဘောင်မင်းတရားသည် ဘုရားပူဇော်ရန် ကြာဖူးကိုကိုင်လျက် ဖိုးသူတော်ဦးမင်းအား “မောင်မင်း ငါ ဘုရားကြည်ညိုတော်မူတဲ့ သဏ္ဍန်ကို မယဉ်မရိုင်းဘဲ တမုဟုတ်ချင်း စာဆိုရမည်”ဟု အမိန့်တော်မှတ်ရာ ဖိုးသူတော်ဦးမင်းက -

ခါးတောင်မြီးဖြုတ်ပါလို့

ရုတ်ကနဲ အသာထိုင်

သူ့ဥစ္စာ ကြာငုံကြီးကို

ဦးမကာကိုင်

ကိုင်သာကိုင်

ဆိုင်လေလေကိုဖို့

သာလျောင်းသျှင် ရောင်တော်ဦးမှာ

ဖူးရပြန်လို့ - ဟု စပ်ဆိုခဲ့လေသည်။

၁၀။ အနန္တောအနန္တငါးပါးကို ပြက်ရယ်ပြုခြင်း (Blasphemy)[ပြင်ဆင်ရန်]

ဘုရားအစရှိသည့် အနန္တော အနန္တငါးပါးကို ပျက်ရယ်ပြုရန် ကိစ္စမှာ မျက်လုံးပြုစရာ ငရဲကြီးစရာဟု အောက်မေ့ကြပေလိမ့်မည်။ သို့သော် မြန်မာပြည်တွင် ဘုန်းကြီးရူးနှင့် လှေလူး၊ ဘနဖူး သိုက်တူးဆိုသည့် စကားပုံမှာ ရိုးနေပြီမဟုတ်ပါလား။ အနောက်နိုင်ငံ ခရစ်ယန်လောကတွင်လည်း ဤသို့ပင် ဖြစ်၏။

တချိန်က သီဟိုဠ်ပြန် ဦးဉာဏဝံသက ဓနုဖြူမြို့ ကျိုက်ကလွန်ပွန်ဘုရားတွင်း၌ ရုပ်ပွားတော်ကို နှုတ်ခမ်းမွှေးတပ်ဆင်ပေးခဲ့သည်။ သူ့သဘောမှ ဘုရားဆိုလျှင် ပုရိသလက္ခဏာ ၃၂ ပါးနှင့် ညီညွတ်ရမည်မို့ နှုတ်ခမ်းမွှေးပါမှ တကယ်ကြည်ညိုဖွယ်ဖြစ်မည် ယူဆ၍ဖြစ်၏။ ယင်းသို့သော သာသနာရေးသတင်းကို မန်လည်ဆရာတော်ကြီးကြားသိ၍ အောက်ပါဒွေးချိုးကို ရေးစပ် ဝေဘန်တော်မူခဲ့သည်။

လုပ်ငန်းရယ်ပို

နှုတ်ခမ်း သူကြည်ညိုတဲ့

သီဟိုဠ်ပြန်ဖုံး။

စဉ်ရှေးဟို

ဖင်မွှေးကို ဘယ်လိုဆိုပ

သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့

အပါဒါန် ရွှေစာတမ်းကို

ကျမ်းပြန်ပါဦး။

ကိုကံအေးဆိုသည့် တကာတစ်ယောက်မှာ ရုပ်ပွားတော် တဆူကို ရွှေမချနိုင်မီ သစ်စေးသုတ်အပြီးတွင် ဘိုင်ကျ၍ ယင်းဘုရားကို တွံတေးအပေါင်ဆိုင်၌ ငွေကိုးကျပ်နှင့် ပေါင်ခဲ့သည်။ အပေါင်ဆိုင်ထဲတွင် သီတင်းသုံးနေရသည့် ရုပ်ပွားတော်က ညဉ်းတွားမိပုံမှာ

ရှက်စဖွယ်၊ အနက်ထည် အညာမပြန်နိုင်လို့

ကြံကြပါဦး။

ကြံရေးရယ် မသာ၊ ကံအေးဒါယကာကြောင့်

တွံတေးမှာ ဝါတော်ကပ်ရတယ်

ကိုးကျပ်နှင့်ဆုံး။

ထို့အတူ ဦးပုည၏ ဒေါနဆီ မေတ္တာစာမှာပါသည့် ရုပ်ပွားတော်မှာလည်း မသက်သာရှာပါ။

ဒေါနဆီဘဝမှ၊ စုတိမနေ၊ သေလွန်းပြီးလျှင်၊ အထောက်မတန်၊ ရေနံဘဝတွင်၊ ပဋိသန္ဓေ စွဲနေဖွားမြင်လာသည်ကို ဆရာလည်း မသိ၊ သတိလည်းမထား၊ ဘုရားတဆူ၌၊ ကြည်ဖြူစေတနာ၊ သဒ္ဓါစိတ်ပြေး၍၊ ဆီမွှေးပူဇော်မည်အကြံနှင့်၊ ရောင်လျှံတော် မဏိဦးက၊ ဖန်ဘူးစောင်း၍ လောင်းလိုက်ရာ၊ ရုပ်ရှင်တော် မြတ်စွာသည်၊ နံရှာတော်မူလွန်း၍၊ ရွှေခွန်းတော် မတုံ့၊ အနိုင်သာငုံ့ပြီးလျှင်၊ ရှုံ့၍ ခံတော်မူရချေသည်။

၁၁။ ကျောင်းသားအလွဲဖြေ (Howlers or Boners)[ပြင်ဆင်ရန်]

စာသင်ကျောင်းများ၌ မေးခွန်းထုတ်ရာတွင် ကျောင်းသားသူငယ်များ အလွဲလွဲအမှားမှား ဖြေပုံမှာလည်း ဟာသကွက် ရာဇဝင်အူချာပေါက်များ ထွက်ပေါ်လာတတ်သည်။

သပွတ်အူရာဇဝင်

ရာဇဝင် တခဏ်းထုတ်ပေါ့

ရှမ်းတရုတ်မိုင်းသာ

မန်းစမုတ် ဝိုင်းလာသည်

ဆိုင်းမပါ ဘေထိ။

မင်းကျန်ရစ် ရေသောက်အလာတွင်

မြွေပေါက်တာ တိုင်းကအသိ။

ရှင်ဘို့မယ် ပြည်အာလန်မှာ

ရွှေစာရံတည်ဘိ။

နော်ရထာ လော်မာမိတာကြောင့်

ဒေါ်သာအိသေရှာ။

ကုလားတေံ အရှုပ်ထွေး

တရုတ်ပြေးတွင်တဲ့ ကျော်စွာ။

ရှင်စောဟု အာသင်္ခါတောင်

ကြာပင်မှာ သန္ဓေပြုတာကြောင့်

ဝေဠုလို့အမည်သော်

—–

ဦးဝိုင်းလို့ အညွှန်းခေါ်သည်

ကွမ်းဆော်ကို ကျွဲခတ်လို့လေး။

၁၂။ ခနိုးခနဲ့ (Irony)[ပြင်ဆင်ရန်]

လူအချင်းချင်း ခနိုးခနဲ့ ပြောင်လှောင်ပြောဆိုခြင်းကို အင်္ဂလိပ်ဘာသာဖြင့် (Irony) ဟု ခေါ်သည်။ ယင်းသို့ အဖွဲ့အနွဲ့မျိုးမှာလည်း မြန်မာစာပေတွင် မရှားပါပေ။ ဆယ်အိမ်ခေါင်းမင်း၏ စည်းစိမ်ကို ဦးကြီးက ဖွဲ့ဆိုပုံ၌ -

စည်းစိမ်ငယ်ကြီးပါဘိ

ရုတ်သီးတောင့်ကိုင်

နှစ်ယောက်ကယ်ထိုင်

ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်

ပွတ်သစ်မြေအင်ရံလို့

ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်

ကြွက်နဖား ပုန်းရည်ကျိုသည်

အလိုဗျာ စားပုံတင့်ပါဘိ

ခေါင်းမင့်ဆယ်အိမ်ပေမို့

အခြေကြီးလှတောင်းကိုလေး။

စားသောက်ဖွယ်ရာ

ပြီးသောခါဝယ်

ရသာချမ်းငြိမ် အခြင်မြေသက်

ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်

စည်းစိမ်ကြီးငင် ခြေလိမ်တင်လို့

ခုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ

မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း

မှိန်းတဲ့ချည်နှင့်

မကြည်သမ်းဝေ

ထယ်မင်းပုံနေလိုက်တယ်

နွားရေပြန့်အပေါ်မှာ

ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ

သူအိပ်တယ်လေး။

ကုန်းဘောင်ခေတ်တွင် သူ့အကြောင်း ကိုယ့်အကြောင်း စာဖွဲ့သည့်အလေ့ ထွန်းကားခဲ့သည်။ အညာသား မောင်ဖိုးတူဆိုသူက စာရေးဆရာကြီးကို ကပ်ယပ်ပြီး သူ့အတွက် ရေးပေးပါဦးဆို၍ အောက်ပါ ကဗျာတိုကလေး ပေါ်ထွက်လာခဲ့သည်။

လောင်းမင်းတရားရဲ့တူ

ဆင်ဖြူရှင့်ရင်သွေး

မောင်ဖိုးတူ လူယဉ်ကျေး

ဂေါတမမြေး။

၁၃။ နှာခေါင်းသွေးထွက် (Practical Joke)[ပြင်ဆင်ရန်]

ပြောင်ခြင်းနောင်ခြင်းဆိုသည်မှာ ဟာသဖြစ်၍ အများပျော်ရွှင်နှစ်သက်ကြသည်။ အင်္ဂလိပ်လို Joke ဟုခေါ်ပါသည်။ ပျော်စေပျက်စေ ကလက်စေဆိုသည့်အတိုင်းပင်။ သို့သော် “အပြက် အပြက်နှင့် နှာခေါင်းသွေးထွက်”ဆိုသည့် စကားပုံကိုကြည့်လျက် အပျက်တွင် လွန်ကျူးပြီး ကိုယ်ထိလက်ရောက် ဖြစ်သွားပုံများ ရှိတတ်သည်။ ယင်းကို အင်္ဂလိပ်လို Practical Joke ဟု ခေါ်ပါသည်။ ကျွန်တော်တို့ မြန်မာဟာသသမိုင်းတွင် ယင်းသို့ ကိုယ်ထိလက်ရောက် ပြတ်ရယ်ပြုတတ်ပုံ သာဓကများလည်း ပေါပါသည်။

အမတ်ကြီးဦးပေါ်ဦးမှာ တချိန်က ဂျောက်တွန်းခံရဘူးသည်။

ဘိုးတော်ဘုရင်သည် အမတ်ဦးပေါ်ဦးကို အခြားမှူးမတ်များထက် ခင်မင်သည်။ ဘိုး တော်က ဦးပေါ်ဦးကို အခွင့်အရေးပေးပုံ သူငယ်ချင်းတမျှဆက်ဆံပုံတို့ကို အချို့မှူးမတ်များ က မနာလိုသဖြင့် ဘုရင်နှင့် ဦးပေါ်ဦးတို့ အထင်အမြင်လွဲမှားအောင် တီးတိုးဖန်တီးကြ သည်။ ဦးပေါ်ဦးက ဘိုးတော်ကို “ပေါကြောင်ကြောင်နိုသည်ဟုဆိုကာ တခြားမင်းသားတ ပါးကို နန်းတင်ရန် ဘိုးတော်ကို ဖြစ်သည့်နည်းနှင့် ဖြုတ်ချရန် ကြံစည်နေသည်”ဆိုသော သတင်းများကို ရွှေနားတော်ပေါက်အောင် ဝါဒဖြန့်ကြ၏။ အစတွင် သတင်းများကို ယုံကြည် မှုမရှိသော်လည်း မိဖုရားများက စိုးရိမ်သည်အထိ ဖြစ်လာကြ၏။ ထို့ကြောင့် ဘုရင်က ဥပါယ်တံမျဉ်ဖြင့် စုံစမ်းလို၍ တနေ့သ၌ ဦးပေါ်ဦးအား အနီးသို့ခေါ်၍ တိုင်ပင်သည်မှာ

ဘုရင် ။ ။ ပေါ်ဦးရေ၊ ငါတော့ ရှင်ဘုရင်လုပ်ရတာ တော်တော်ကြီး ငြီးငွေ့နေပြီ။ ဒါကြောင့် တောထွက်ဘို့ စိတ်ကူးမိတယ်။ မင်း ဘယ်လိုသဘောရလဲ။

ဦးပေါ်ဦး ။ ။ (ရိုးရိုးထင်မှတ်ကာ) မှန်ပါ။ အလွန်တရာ သင့်မြတ်ကြောင်းပါ။

ဘိုးတော်ဘုရင် မျက်နှာပျက်ကာ အတွင်းဆောင်သို့ ဝင်သွားသည်။

ဦးပေါ်ဦးက မိမိ အမှတ်မဲ့ပြောလိုက်သောစကားများ မှားသွားကြောင်း စဉ်းစားမိ၏။ ရှင်ဘုရင် မျက်နှာတော်ညိုသည်အထိ အထင်လွဲခံရသူမှာ အသက်ပင် အန္တရာယ်ရှိစေနိုင် ကြောင်း သိပြီးဖြစ်၏။ အိမ်သို့ရောက်သောအခါ ဖိုးသူတော်ဝတ်သော အကျီနှင့် လုံချည် ပိတ်ဖြူကို အမြန်ချုပ်လုပ်စေသည်။ တပည့်ကိုလည်း သင်ဒုန်းဓားအယူခိုင်း၍ သူ့ခေါင်းကို ပြောင်နေအောင် အရိတ်ခိုင်းပြန်သည်။

ဦးပေါ်ဦးသည် ဖိုးသူတော်အသွင်ဝတ်ဆင်လျက် နန်းတော်သို့ အမြန်ပြန်သွားလေ သည်။ ဘိုးတော်ဘုရင်၏ အိပ်ဆောင်တော်တံခါးဝတွင် ရပ်တန့်စောင့်ဆိုင်းနေရာ မကြာမီ ပင် ဘိုးတော် ထွက်တော်မူလာသည်။ ဘိုးတော်က ဦးပေါ်ဦးကို မမှတ်မိ။

ဘုရင် ။ ။ ဟဲ့ ဘယ်သူလဲ။

ဦးပေါ်ဦး ။ ။ ပေါ်ဦးပါ ဘုရား။

ဘုရင် ။ ။ ပေါ်ဦးလား။ ဟင် မင်း ဘယ်လိုဖြစ်တာလဲ။

ပေါ်ဦး ။ ။ မှန်လှပါ။ အရှင်က တောထွက်မည်လို့ မိန့်ကြားလိုက်တဲ့အတွက် ရေပူရေချမ်း ကမ်းလှမ်းသူအဖြစ် နောက်တော်ပါးက လိုက်ပါရန် အခုလို ဖိုးသူတော်ဝတ်ပြီး လာခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရင် ။ ။ ဖြစ်မှ ဖြစ်ရပလေ ပေါ်ဦးရယ်။ ဒါလောက် မြန်မြန်ဆန်ဆန် ဘယ်မှာ တော ထွက်နိုင်အုံးမလဲကွ။ ကဲ ကဲ မင်း အပေါ် ငါ အထင်လွဲမိတာ မှားပါတယ်။ အဆောင်တော် တွင်းဝင်ပြီး မင်း ဖိုးသူတော်အဝတ်ကို ချွတ်ပြီး လဲပါအုံး။ တကတဲမှဘဲ။

မြန်မာနိုင်ငံတွင် ပထမသတင်းစာဆရာကြီးဖြစ်သည့် ဖိုးဝဇီရက ယဉ်ယဉ်ကျေး ကျေးနှင့် ရတနာပုံသတင်းစာ၌ “တောသားက တောသူကို မတရားလှည့်ဖြားသတင်း”ကို အိုင်ချင်းလိုလို ရေးစပ်ဖော်ပြခဲ့ဘူးပါသည်။

ငါ ငယ်ငယ်ခိုက်ကယ်က

မိုက်မိတယ် စောကြွယ်ရယ်

ဒွေးဗိန်ရဲ့တူ ငသာမြတ်ကယ်နဲ့

သနပ်ကန် တောင်ယာထဲမှာ

ကျွဲကျောင်းရတယ်၊ အိုလေး အဝေး

(တကြော့တမော့။ အကျွန် ကန်တော့ပါရဲ့

အပေါ့လေးများ သည်တွင်သွားရင်ဖြင့်

တောဖျားကနတ်၊ ဘမ်းစားတတ်သည်)ဟု

ငသာမြတ် သူကပြောသောအခါ

တောထဲမှာ စောကြွယ်ရယ်

တကယ် ငါယုံမိသေး။

(တကြော့တမော့၊ အကျွန် ကန်တော့ပါရဲ့

အပေါ့ပေါက်ရန်၊ အိမ်ကိုပြန်လျှင်

နင့်ထံတွင်တဲ့၊ ငါဟာကို ဆိတ်စာထည့်လိုက်ပါရစေ)တဲ့

တကယ်အေရယ်

ငသာမြတ် နှစ်ခါတွယ်လို့

သက်နှစ်ဆယ် အရွယ်ရှိခါမှ

ငါသိတယ်လေး။

၁၄။ ကလေးချော့ (Nonsense and Nursery Tales)[ပြင်ဆင်ရန်]

ကလေးချော့သီချင်းများတွင် အမြဲလိုလိုပင် ဟာသရသ ပါရှိတတ်၏။

ကြီးတော်ရဲ့နွား

ရီးလေးတဲ့ရို

ချိုပေါက်တဲ့နွား

ဒို့လယ် ဝင်လို့စား

ကြီးတော်ရဲ့ နွား။

ကြာအေးကြာအေး

မကြာအေးကို သူ့အမေရိုက်ပါလို့

မှောင်မိုက်မှာငို

ကိုလူပျို ထရံပေါက်က

ခြေထောက်ကိုဆွဲ တွဲလွဲ

တွဲလွဲ နေပါအုံး

မိုး တောင်ကချုန်း မုံ့လုံး

မုံ့လုံး စက္ကူကပ်ပါလို့

ကြာကလပ်မှာတဲ့ ဆွမ်းတော်တင်

ပလ္လင်ပေါ်က မျောက်ကလေး

ဆင်းတယ်လို့ပြေး ကြာအေး

၁၅။ စာဖျက် (Parody)[ပြင်ဆင်ရန်]

စာပေတွင်လည်း အဖျက်သမားများ ရှိ၏။ ဥပမာ ဦးလန်းဆိုသည့် ကလောင်ရှင်ကြီး မှာ “ရကန်ဖျက်ဦးလန်း”ဟု တွင်ခဲ့သည်။ သူသည် ရာမရကန်ရေးသည့် ဦးတိုးနှင့် သင့်မြတ်ခဲ့ဟန် မတူပါ။ ထို့ကြောင့် ရာမရကန်ကို ဦးလန်းက ကန့်လန့်ဆန့်ကျင် ချေဖျက် ရေးသားပုံမှာ

ကေသာသီရိအသေ

ဝေသန္တရာတောထက်

ငှက်ကြီးတော်ကနု

သုဓနု အရိန္ဒမကုမ္မာ

အမရမင်းနန္ဒာ

ငမိုးရိပ်ကျောင်းနှင့်

ဇောင်းကလောကန်ရိုးမှာ

ငါ ခိုးမဲ့အလာ

မယ်ဝဏ္ဏဟံသာမှာ

မြင်းဝေလာတကောင်နှင့်

မှော်ရုံတောအဝင်

သမင်ကိုဖမ်း။ ။

လက်ဝဲသုန္ဒရအမတ်ကြီးရေးသည့် မဲဇာတောင်ချေရတုအလိုက် ကျွဲနာပေါင်ရှည်ဟု စပ်ဆိုသည့် လူမျိုးကလည်း ရှိသေးသည်။ ဟာသစာပေသမိုင်းတွင် တဦးနှင့် တဦး အမြဲ သိက္ခာဖျက်နေတတ်ကြသူများမှာ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ပင်။

လူဦးမင်းထံ လုံမတဦးက ချဉ်းကပ်ပြီး အင်းဝမြို့ကို သွားသည့် သူ့ရည်းစားထံ စာ တပုဒ်ရေးပေးရန် ပန်ကြားသည်။ ထို့ကြောင့် ဦးမင်းက “ရွှေဝသွား”အမည်ရှိ ကဗျာညွန့်က လေး ရေးပေးသည်။

ရွှေဝသွား

ပါးလိုက်ဘို့လေ

လွမ်းသူ့စာခွေ။

အထွေထွေ

ဖြေတယ်လို့မအေး

ချစ်လို့သာ ကုံးရတော့

စာလုံး ဘယ်မလှပြီဘု

မိန်းမလက်ရေး။

ထိုစာညွန့်ကို ဖိုးသူတော်ဦးမင်းက မြင်တွေ့၍ ချက်ချင်းပင် အောက်ပါအတိုင်း အညွန့်ချိုးလိုက်ပါသည်။

ရွှေဝသွား

စားလိုက်ပါတဲ့ မုန့်တီတွေ

ဝမ်းကျလို့နေ။

တခွေခွေ

နေတယ်လို့မအေး

ညှစ်လို့သာကုန်းရတော့

အတုံး ဘယ်မလှပြီဘု

ဝမ်းကျလို့လေး။

ဟာသ သဘောတရား[ပြင်ဆင်ရန်]

ဟာသနှင့်ပတ်သက်၍ စဉ်းစားစရာအချက်အချို့ ရှိနေပါသည်။

လူ့လောကတွင် ရယ်ခြင်းနှင့် ငိုခြင်းဟူ၍ လူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှစ်မျိုးရှိရာတွင် ရယ်ခြင်းမှာ ကောငေ်းသာအမူအရာ၊ ငိုခြင်းမှာ မကောင်းသောအမူအရာဟု အကြမ်းအား ဖြင့် ခွဲခြားမှုများ ရှိနေပါသည်။

ဤတွင်ကောင်းသော အမူအရာကို ရှုတ်ချ၍ မကောင်းသောအမူအရာကို အလေးပြုသော အလေ့အထများလည်း ပေါ်ပေါက်နေပါသည်။

ဟာသဟူသော ရယ်ရွှင်ပျော်ရွှင်မှုကို ဖန်တီးသူကို လူပြက်ဟူ၍လည်းကောင်း၊ လူပေါဟူ၍လည်းကောင်း ယူဆတတ်ကြသည်။ ရယ်မောသူလည်း အပြစ်မလွတ်ပါ။ ဣန္ဒြေသိက္ခာရှိသူသည် ရယ် မောရာ၌ အတိုင်းအထွာရှိသည်။ သဘာဝကျကျ ဟက်ဟက်ပက်ပက် ရယ်မော်တတ်သူ များကိုကား သိက္ခာမဲ့သည်ဟု လူပြတ်များလိုပင် ရှုတ်ချပြစ်တင်ခြင်း ပြုလေ့ရှိသည်။

သူတဦး ငိုယိုနေသည်ကို တွေ့ရှိပါက သနားကြင်နာသော စိတ်ဓာတ်ပေါ်ပေါက် ကာ ချော့မော့တတ်ကြသည်။ သို့သော် သူတဦးရယ်မောနေသည်ကို တွေ့ “ထိုသူ ရူးနေ ပြီလော”ဟုပင် မှတ်ထင်တတ်ကြသည်။

ဤကား ဟာသနှင့်ပတ်သက်၍ နိုင်ငံတကာ၌ ကြုံတွေ့ရသော ဝိရောဓိတမျိုးပင် ဖြစ်နေပါသည်။

ကျွန်တော်တို့ အနေဖြင့်ကား ရယ်မောခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု သဘော မထားဘဲ ထိုအမူအရာနှစ်ခုစလုံးသည်ပင် လူ၏ သဘာဝကျမှု၊ လူ၏ ကျန်းမာမှုကို အ ထောက်အကူပြုသည်ဟု ယူဆချင်ပါသည်။

အင်္ဂလိပ်ကဗျာဆရာကြီး ရှယ်လီ၏ ကဗျာတခုတွင်

We look before and after

And pine for what is not;

Our sincerest laughter

With some pain is fraught;

Our sweetest songs are those

That tell of saddest thoughts.

သူ၏ဆိုလိုရင်းမှာ “ရယ်မောရာ၌လည်း “ငိုအားထက် ရယ်အားသန်”ဆိုသလို နာကျင်မှုများ ပါရှိတတ်သည်။ ထို့အတူ သာယာနာပျော်ဘွယ်အကောင်းဆုံး သီချင်းများ မှာလည်း အလွမ်းတေးများသာ ဖြစ်သည်”ဟူ၍ ဖြစ်၏။

ဆရာကြီး ဦးပုည၏ ကဗျာတခုတွင်လည်း

မချိုလို့ပေါ်တဲ့သွား

ရယ်သာလး မေးကြပြန်တယ်

ဟု ပါရှိရာ အထက်ပါ ရှယ်လီ၏ အတွေ့အကြုံကို ထောက်ခံသကဲ့သို့ ရှိနေပါ သည်။

ထို့ကြောင့် ရယ်ခြင်းနှင့် ငိုခြင်းကို ဆန့်ကျင်ဖက်ဟု မယူဆသင့်ဘဲ အချင်းချင်း ဆက်စပ်ရောနှောလျက် တခုကို တခု အကျိုးပြုတတ်သောသဘောရှိသည်ဟု မှတ်ယူသင့် ပါသည်။

အနောက်အယူအဆတွင် အဇ္ဈတ္တခေါ် ကိုင်တွယ်၍ မရသော မိမိ၏ အတွင်းသ ဘောစိတ်ဓာတ်များနှင့် ကိုင်တွယ်၍ရသော ဗဟိဒ္ဓရုပ်ပစ္စည်းများဟူ၍ ရှိသည်။ ထိုစိတ် ဓာတ်များနှင့် ထိုပစ္စည်းများသည် အဆက်အစပ်မရှိဟု ထင်မှတ်ရသော်လည်း စင်စစ် ဆက်စပ်လျက် ရှိသည်။

ငိုခြင်းနှင့် ရယ်ခြင်းသည်လည်း ဆန့်ကျင်ဖက်ဟု ထင်ရစေကာမူ ဆက်စပ်၍ နေပါ သည်။

ဥပမာအားဖြင့် ပဋာစာရီ အတ္ထုပ္ပတ္တိကို လေ့လာလျှင် ရယ်ခြင်းနှင့် ငိုခြင်းတို့ ပေါင်း စပ်ရာမှ ကောင်းမြတ်သော ထေရီမကြီးအဖြစ်သို့ ရောက်ရှိသွား၏။ ကိုဒါသနှင့် သမီးရည်း စားဘဝသည် ပျော်ပါးချိန်ဖြစ်၏။ လင်သေ၍ သားဆုံးပြီးနောက် ပဋာစာရီအဘို့ အပူခန်း ဖြစ်၏။ မြတ်စွာဘုရား၏ အဆုံးအမကို ခံယူပြီးနောက် တရားရသောအခါ ကောင်းရာ သုဂ တိသို့ ရောက်ရှိသွား၏။

ထို့ကြောင့် ရယ်ခြင်းသည် မကောင်း၊ ငိုခြင်းသည် ကောင်းသည် စသောခွဲခြားမှုများ တထစ်ချမှတ်ယူခြင်းမပြုဘဲ ၎င်းတို့၏ အညမညသဘောတရားကိုလည်း သတိပြုသင့်ကြ ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. * “၁၉၇၃ ခုနှစ်တွင် စာပေဗိမာန်မှ ထုတ်ဝေသော 'ဟာသစာပေ' စာအုပ်မှ ဦးညိုမြ (အိုးဝေ)၏ ခေတ်အမျိုးမျိုးမှ မြန်မာဟာသစာပေ စာတမ်းကို မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြပါသည်။”