မြန်မာ ရက်ကန်းပညာ

ဝီကီပီးဒီးယား မှ
မြန်မာ ရက်ကန်း

လွန်ခဲ့ပြီးသော နှစ်ပေါင်း ၁ဝဝဝ ကျော်ခေတ်က ရှေးမြန်မာများ ရက်လုပ်သော အထည် အဝတ်များ၏ အကြောင်းကို ဂျီ၊ အီ၊ ဟာဗေး၏ မြန်မာနိုင်ငံသမိုင်းတွင် အောက်ပါအတိုင်း ရေးသား ဖော်ပြထားပေသည်။

မြန်မာဘုရင်၏တိုင်းပြည်တွင် တွေ့ရှိရသော အထည်အဝတ်မျိုး ကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ် ချောမွှတ်သောကြောင်း ယင်းဖြင့် ချုပ်လုပ် ထားသော အင်္ကျီကို လက်စွပ် ကွင်းထဲသို့ပင် ထည့်သွင်း နိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွနိုပ်တို့ကိုယ်တိုင် ထိုအထည်မျိုး တွေ့ရဘူးလေသည်။ ရှေးအခါကပင် မြန်မာလူမျိုးများသည် နူးညံ့သိမ်မွေ့ ချောမွတ်လှပတင့်တယ်သော အထည်အဝတ်များကို ခေတ် အားလျော်စွာ ဝတ်ဆင်သုံးစွဲလေ့ ရှိကြကြောင်းကို သမိုင်းက ထောက်ခံထား၏။

အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း များစွာက ထိုကဲ့သို့ ထွက်ရှိသော ခြည်ထည်ချောများကို အနောက်နိုင်ငံများရှိ ပြတိုက်ကြီးများ၌ ယခုတိုင် တွေ့ရှိနိုင်သောကြောင့် ဟာဗေး၏ မြန်မာနိုင်ငံသမိုင်း တွင် ဖော်ပြသော ရှေး မြန်မာလုပ် ခြည်ထည်ချော၏ အကြောင်းသည် မှန်ကန်သောအကြောင်းဖြစ်သည်ဟု ယူဆရပေ မည်။ ထို့ပြင် သီရိဓမ္မာသောကမင်းကြီး၏ လက်ထက်၌ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ရှင်တော်မြတ်ဘုရား၏ တရားကို ပျံ့နှံ့စေရန် ရဟန်းတော်များသည် သာသနာပြုကြစဉ် အခါက နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း ဖြစ်စေသော လောကုတ္တရာတရားများနှင့် တွဲဖက်လျက် လူတို့ သုံးဆောင် သည့် ဝတ္ထုပစ္စည်း အမျိုးမျိုးလုပ်ကိုင်သော နည်းနားနိသျ များကိုပါ လူအများအား သင်ကြားကြသည်ဟု အိန္ဒိယနိုင်ငံ သမိုင်းများတွင် ဖော်ပြထားလေသည်။

ထိုအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် ဝါဂွမ်းစိုက်ပျိုး သော လုပ်ငန်းနှင့်တကွ အထည်ချော ရက်လုပ်သောအတတ်ကို ဗုဒ္ဓသာသနာတော်နှင့်အတူ အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံသို့ ရောက် ရှိလာသည်ဟု ယူဆရ ပေမည်။ ထိုကဲ့သို့ ယဉ်ကျေးမှုများ ဖြစ်ပေါ်လာသည့်အချိန်မှ စ၍ မြန်မာအိမ်တိုင်းလိုပင် ဝါ(ဂွမ်း) ပင်နှင့် အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုး ကြပြီးလျှင်၊ မြန်မာအိမ်ရှင်မများသည် ဝါကြိတ်ခြင်း၊ ဝါဖန် ခြင်း၊ ဗိုင်းလိပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ဆေးရောင်စုံဆိုးခြင်း၊ ရက်ကန်းရက်ခြင်းစသော အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင် လေ့ ရှိကြပေသည်။ ထို့ကြောင့် မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောက်ျားများသည် စာ မတတ်လျှင် အကန်းနှင့်တူသည်ဟူသော ရှေးစကားဟောင်း တစ်ခုကိုပင် ကြည့်ခြင်း အားဖြင့် ရှေးမြန်မာဘုရင်များသည် လက်မှုလုပ်ငန်းများနှင့်တကွ ယဉ်ကျေးသိမ်မွေ့မှု ဖြစ်စေသော ပညာသင်ကြားရေးကို ခေတ်အားလျော်စွာ အားပေးချီးမြှင့်ခဲ့ ကြောင်း ထင်ရှားစွာ သိနိုင်ပေသည်။

လက်မှုလုပ်ငန်းများ တိုးတက်မှုနှင့် စိတ်ယဉ်ကျေးမှု ဖြစ်စေ သော စာပေပညာ တတ်ကျွမ်းခြင်းတို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုလေ့ရှိပေသည်။ ထိုအကြောင်းရင်းခံကြီး နှစ်ခု ကိုပင် ရှေးဘုရင်များ၏ အားပေးမှုကြောင့် ဝါ(ဂွမ်း) စိုက်ပျိုးခြင်း၊ ဗိုင်းငင်ခြင်းနှင့်အထည်ရက်လုပ်ခြင်း စသော လက်မှုလုပ်ငန်းများသည် အထက်တန်း ကျရောက်ကြ သည့်အလျောက် တိုင်းသူပြည်သား လူအများ၏ စိတ်နေ စိတ်ထားများသည်လည်း အလွန် နူးညံ့သိမ်မွေ့ ယဉ်ကျေးကြ သော အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။ ထိုအချိန် ထိုအခါက မြန်မာ တိုင်းလိုပင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ နိပါတ်၊ ပျို့ ကဗျာ၊ လင်္ကာ၊ ဗေဒင်စသော စာပေများကို ဆည်းပူးလေ့ရှိကြ ပေသည်။

နှစ်ပေါင်း ၇ဝဝ ကျော်က စိုးမိုးအုပ်ချုပ်ခဲ့သော ကျစွာမင်း ကြီးသည် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်လျက် သာသနာ ရေးဆိုင်ရာ ကျမ်းဂန်များကို ရေးသားခဲ့သည့်အပြင် ထိုမင်း၏ သမီးတော် သံပျင်မင်းသမီးသည်လည်း ပိဋကတ်သုံးပုံကို ကောင်းစွာတတ်ကျွမ်းကာ ရဟန်းတော်များကိုပင်လျှင် စာပေ ပို့ချခဲ့သည်ဟု နိုင်ငံသမိုင်းများတွင် တွေ့ရသည်။ ထိုအကြောင်း များကို ကြည့်ခြင်းအားဖြင့် ရှေးဘုရင်များသည် ပညာသင်ကြား ရေးကို အထူးအားပေးသည်ဟု သိနိုင်သည်။ ထိုကဲ့သို့ စိတ်နေ စိတ်ထား ယဉ်ကျေးမှု ဖြစ်စေသော အထက်တန်းပညာများက လယ်ယာကိုင်းကျွန်းမှစ၍ လူသုံးပစ္စည်း အမျိုးမျိုး ရရှိစေရန်နှင့် အိမ်ရှင်မများက ဝါကြိတ်ခြင်း၊ ဝါဖန့်ခြင်း၊ ဗိုင်းလိပ်ခြင်း၊ ရက်ကန်းရက်ခြင်း၊ ဆေးရောင်စုံ ဆိုးခြင်း၊ ဆန်ဖွပ်ခြင်း၊ အိမ်ထောင်ထိန်းသိမ်းခြင်း စသော အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ကြလေသည်။ ထိုသို့ လုပ်ငန်းအဝဝကို ဆောင်ရွက်နေ ခိုက်တွင်ပင်လျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ တည်းဟူသော ဝိပဿနာ တရားများကို ပွားများလျက် အလုပ် လုပ်လေ့လုပ်ထ ရှိကြပေသည်။ အထည် ရက်လုပ်သော လုပ်ငန်းသည် အာရုံ စူးစိုက်၍ မျက်ခြည် မပြတ်လုပ်ရသော လက်မှုလုပ်ငန်း ဖြစ် သဖြင့် သမာဓိတရားကို ရစေရန် အားပေးသော လုပ်ငန်းတစ်ခု ဟု ဆိုရပေမည်။ တဖန် အလွန်နူးညံ့ ချောမွေ့ သေးငယ် လှသော ခြည်မျှင်အပင်ပေါင်း များစွာတို့ကို တစ်ခုပြီးတစ်ခု ကျနစွာ စီစဉ်စုပေါင်း၍၊ တဖြည်းဖြည်း အထည်အဖြစ်သို့ ရောက်အောင် လုပ်ရသောကြောင့် လက်ပစ် တစ်တွက်တွင် ကုဋေတသိန်းမျှ တဖွားဖွား ဖြစ်ပျက်လျက်နေသော ရုပ်နာမ် တို့၏ ခယ ဝယ သဘောတရား များကိုပင်လျှင် ထင်မြင်စေ နိုင်ရန် အကြောင်းတစ်ခု ဖြစ်ပေသည်။

ထိုအချိန် ထိုအခါက ရဟန်း သင်္ဃာတော်များသည် ၂၂၇ ပါးသော သိက္ခာပုဒ်များကို ထိန်းသိမ်းလျက် ဆင်းရဲ ချမ်းသာ မင်းမျိုးမင်းနွယ် မရွေး လူအများအား ပညာအမျိုးမျိုး သင်ပေး ကြ၏။ တိုင်းပြည်ကို စိုးမိုး အုပ်ချုပ်သော မင်းစိုးရာဇာ အမှုထမ်းများကလည်း အဂတိလေးပါး လိုက်စားခြင်း မရှိဘဲ မင်းကျင့်တရား ဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးတို့ကို ထိပ်ဝယ်ထား၍ တိုင်းပြည်ကို စီမံအုပ်ချုပ်ကြ၏။ တိုင်းသူ ပြည်သားများကလည်း သမ္ပဒါတရား၊ ဗြဟ္မစိုရ်တရား၊ ဝိပဿနာတရားများနှင့် မြဲမြံကြလျက်၊ မိမိတို့ ဆိုင်ရာ လူသုံး ပစ္စည်းများရရှိရေးအတွက် လုပ်ငန်းဆောင်တာများကို တစ်ဦးနှင့် တစ်ဦး ည|င်းပန်းနှိပ်စက်ကလူ မပြုကြဘဲ ညီညာဖြဖြ မိသားစု ကြီးသဖွယ် ဂရုတစိုက် အားကြိုးမာန်တက် လုပ်ကိုင်ကြ၏။ ထိုသို့ ကိုယ့်တာဝန် ကိုယ်ထမ်းခြင်းအားဖြင့် ယဉ်ကျေးမှုတွင် အထက်တန်းကျခဲ့သော ရှေးမြန်မာနိုင်ငံကြီးကို တည်ထောင်ခဲ့ ကြပေသည်။

ထိုယဉ်ကျေးမှု၏ ယခုတိုင် ထင်ရှားစွာ ရှိသော သက်သေ သာဓကများမှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးနှင့်အခြား စေတီတော်များ၊ လှည်းဝင်ရိုးသံ တညံညံ (၄,၄၄၆,၇၃၃)မျှ ရှိသော ပုဂံမြို့၏စေတီပုထိုးများ၊ အမြို့မြို့အရွာရွာတွင် အနှံ့အပြားရှိသော စေတီပုထိုးသိမ်ကျောင်း ဇရပ် ရေတွင်း ရေကန်များ ဖြစ်ပေသည်။

ထိုအခါက အိမ်သားတစုတို့သည် လူသုံးပစ္စည်းများ ရရှိရန် လုပ်ကိုင်အပ်သော လက်မှုလုပ်ငန်းများကို ယောက်ျားမိန်းမ မရွေး လုံ့လဥဿဟ စိုက်ထုတ်လျက် လုပ်လေ့လုပ်ထရှိခဲ့ကြ သောကြောင့် မိမိတို့၏ စားရေး ဝတ်ရေး နေထိုင်ရေးများ အတွက် လုံလောက်ရုံမျှမက လူသုံးပစ္စည်းများမှာ ပိုလျှံကြ သဖြင့် ရပ်ဆွေရပ်မျိုး ရဟန်းသင်္ဃာ ဆရာသမားများနှင့် လူကြီး မိဖတို့အား စေတနာသဒ္ဓါ ဖြူစင် ထက်သန်စွာနှင့် ထောက်ပံ့ သင်္ဂြိုဟ် ပူဇော်သက္ကာရ ပြုကြခြင်းတည်းဟူသော ကောင်းမှုကုသိုလ် ဒါနတို့ကို အစဉ်အပြတ် ပြုလုပ်နိုင်ခဲ့ကြ ပေသည်။ ဤနည်းအားဖြင့် ရှေးမြန်မာများသည် ကာယသုခ စိတ္တသုခ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် နေထိုင်လာခဲ့ကြ ရသော အချိန်သည် နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပေသည်။ သို့ဖြစ်ခြင်းကြောင့် ရှေးမြန်မာများ၏ စိတ်နေစိတ်ထား ယဉ်ကျေးမှုများသည် အထက်တန်းကျသည်နှင့်အညီ ဝါ(ဂွမ်း) စိုက်ပျိုးခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသည့်လုပ်ငန်း များသည်လည်း ရှေးအခါက မြန်မာနိုင်ငံတွင် အထက်တန်း ကျခဲ့ဘူးပေသည်ဟု ဆိုရပေမည်။

အထည်အဝတ်သည် လူတိုင်းလူတိုင်းတွင် မရှိလျှင် မဖြစ် သော အခြေခံ လူသုံးဝတ္ထုပစ္စည်း သုံးမျိုးအနက် တစ်မျိုး အပါအဝင် ဖြစ်ပေသည်။ ထိုအခြေခံ ဝတ္ထုပစ္စည်း သုံးမျိုးမှာ (၁)အစာအာဟာရများ၊ (၂) အထည်အဝတ်များနှင့် (၃) နေထိုင်ရန် နေအိမ်များ ဖြစ်ပေသည်။ ထိုဝတ္ထုပစ္စည်း သုံးမျိုးကို ရရှိရန်အတွက် လူများသည် အမြဲထာဝစဉ် ရှာဖွေ စိုက်ပျိုး ပြုပြင် လုပ်ကိုင်ကြရပေသည်။

ရှေးအခါက အိမ်သားတစုတို့ နေထိုင်လျက်ရှိသော နေအိမ် များ၏ အနီးပတ်ဝန်းကျင်တွင် အိမ်သားတစုတို့ ကိုယ်တိုင် လုံ့လထုတ်၍ စိုက်ပျိုးပြုပြင် လုပ်ကိုင်ကြသောကြောင့် မိမိတို့ လိုအပ်သော ဝတ္ထုပစ္စည်း မျိုးစုံတို့ကို ပြည့်စုံ လုံလောက်စွာ ရရှိလေသည်။ အစာ အာဟာရများ ရရှိရန်အတွက် မိမိတို့၏ အိမ်နီးပတ်ဝန်းကျင်တွင် စိုက်ပျိုး၍ ထားသော ဝါပင်၊ မဲပင်၊ သီတင်းပင်၊ နီပါးဆေးပင်စသည့် အပင်များမှ အသီးအပွင့် တို့ကို အသုံးပြုလျက် ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်းအားဖြင့် အိမ်တွင်းတွင် ပြုလုပ်လုပ်ကိုင်ကြ၏။ နေထိုင်ရန် နေအိမ်များ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ခြင်းအားဖြင့် ကာယသုခ စိတ္တသုခ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်လေ့ ရှိခဲ့ကြ ပေသည်။

ဤနည်းအားဖြင့် နေထိုင်ကြစဉ် အခါက လူသုံးဝတ္ထုပစ္စည်း အတွက် လူအများမှာ ကြောင့်ကြမှု တောင့်တမှု အလွန် နည်းပါးခဲ့ကြသည်။ စားရေးဝတ်ရေးနှင့် နေထိုင်ရေးများအတွက် လိုအပ်သော ဝတ္ထုပစ္စည်းများမှာ လူတိုင်း၌လိုပင် ပြည့်စုံကြခြင်း ကြောင့် ဝတ္ထုပစ္စည်းများကိ အကြောင်းပြ၍ လူတစ်စုက ဩဇာ အာဏာ လွှမ်းမိုးပြီးလျှင် လူအများအား စေခိုင်းလုပ်ကိုင်ခြင်း အားဖြင့် တစ်ဦးနှင့်တစ်ဦး နိုင်ထက်စီးနင်း ပြုကျင့်မှုများ မရှိခဲ့ ကြချေ။

မိမိတို့ဆိုင်ရာ နေ့စဉ် လုပ်သင့် လုပ်ထိုက်သည့် အလုပ် အကိုင်များကို ကိုယ်ထိလက်ရောက် မလုပ်မကိုင်ဘဲ လူအများ လုပ်ကိုင်၍ ဖြစ်ပေါ်လာသော လူသုံးဝတ္ထုပစ္စည်းများကို ခေါင်းပုံ ဖြတ် အညွှန့်ခူး၍စားသော လူဖျင်း သူခိုးသူဝှက်ဓားပြ လူဆိုး များလည်း အလွန်နည်းပါးလေသည်။ တစ်ဦးနှင့်တစ်ဦး ဂုဏ်တု ဂုဏ်ပြိုင် လုပ်ကြပြီးလျှင် မနာလိုဝန်တို မစ္ဆရိစိတ်များလည်း မရှိခဲ့ကြပေ။

သာရေးနာရေးရှိပါက ရပ်ရွာရှိ လူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်လေ့ ရှိကြပေသည်။ ဥပုသ်သီတင်းနေ့များ၌ ရွာဦးရှိ ဘုန်းကြီးကျောင်းများ ယောက်ျား မိန်းမ ကလေး လူကြီး ဆုံဆည်းကြပြီးလျှင် ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး အစရှိသော သီလတို့ကို ထိန်းသိမ်းလျက် ဓမ္မသဝန ဓမ္မဒေသနာ ဖြစ်ကြ စေရန် တရား စကားများကို ဆွေးနွေးလေ့ ရှိကြသည်။ ထို့ပြင် ထူးခြားသော ယဉ်ကျေးမှုတရပ်မှာ မိန်းမများသည် လွတ်လပ်စွာ နေထိုင်လုပ်ကိုင် စားသောက်ကြလျက် ယောက်ျား များနှင့်တန်းတူ လူမှုရေးရာ ကိစ္စအဝဝတို့ကို တစ်ညီတစ်ညွတ် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ရှေးအခါ လူသုံးပစ္စည်းရရှိရေးအတွက် ယခုခေတ်အခါကဲ့သို့ ဝေးလံသော အရပ်ဒေသများနှင့်သော်လည်းကောင်း၊ လူ အမြောက်အမြား နှင့်သော်လည်းကောင်း ဆက်သွယ်ရန် မလိုပေ။ ထို့ပြင် ယခုကဲ့သို့ လူသုံးပစ္စည်းများကို ငွေနှင့် ဝယ်ယူသုံးစွဲရန်လည်း မလိုပေ။ စုဆောင်းထားသော ငွေနှင့် လူသုံးဝတ္ထုပစ္စည်းများကို ဝယ်ခြမ်း သိုလှောင်ပြီးလျှင် ဈေးတင်၍ ရောင်းချသောအလုပ်မျိုးကိုလည်း လုပ်ရန် မလိုပေ။ ထိုကဲ့သို့ မိမိအိမ်သားတစုတို့ စားရေး ဝတ်ရေး နေထိုင်ရေးအတွက် မိမိအိမ်အတွင်းတွင် ပြည့်စုံစွာ ရရှိနိုင်ကြပေသောကြောင့် လူသုံးပစ္စည်းအတွက် လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ခြင်းများ နည်းပါးသည့်အလျောက် ယခု ခေတ်အခါကဲ့သို့ ဝတ္ထုပစ္စည်းများကို သိုလှောင်ထားပြီးလျှင် ဝတ္ထုပစ္စည်းလိုသူများအား မလုံမလောက် မပြည့်မစုံ ဖြစ်စေခြင်း အားဖြင့် ည|င်းပန်းနှိပ်စက်ဘိသကဲ့သို့ မမျှမတမှုများသည် ရှေးအခါက မရှိခဲ့ကြပေ။

ထိုအကြောင်းများကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံကြ ရာ၌ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းကွာလျက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ တည်းဟူသော တရားများကိုသာ ရှေးရှူပြီးလျှင် တစ်ဦးနှင့်တစ်ဦး သင်္ဂြိုဟ် ထောက်ပံ့ကူညီ အားပေးနိုင်ကြပေသည်။ ထိုကဲ့သို့ စိတ်နေစိတ်ထား ယဉ်ကျေး သိမ်မွေ့စွာ လူတဦးနှင့် တဦး ပေါင်းသင်းဆက်ဆံနေထိုင်ကြ ခြင်းကြောင့် ရောဂန္တရကပ်၊ သတ္ထန္တရကပ်၊ ဒုက္ခန္တရကပ်တည်း ဟူသော ဒုက္ခဘေးဆိုး အမျိုးမျိုးနှင့် ကင်းလွတ်စွာ နေနိုင်ခဲ့ကြ ပေသည်။

သို့ရာတွင် ရှေးအထက်ကျော် ကာရီက ခြည်ချော ဗိုင်းငင် ရသော ဝါဂွမ်းအမျိုးအစားသည် မြန်မာနိုင်ငံ၌ ယခုအခါတွင် လုံးဝ တိမ်ကောပျောက်ကွယ်ခဲ့ပေသည်။ ယခု စိုက်ပျိုးရရှိသော ဝါဂွမ်းများမှာ ညံ့ဖျင်းသော အမျိုးအစားဖြစ်၍ ခြည်မျှင်ကြမ်း မျှသာ ဗိုင်းငင်၍ ရလေသည်။ ရှေးရှေးသော အခါက ထွက်ရှိ သော ဝါဂွမ်း အကောင်းစားများ တိမ်ကော ပျောက်ပျက်သည် နှင့်အညီ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသော လုပ်ငန်း များသည်လည်း တစ်စထက် တစ်စ ဆုတ်ယုတ်ခဲ့ရာ ယခု မြန်မာနိုင်ငံ၌ ထွက်ရှိသော မြန်မာ့ လက်ငင်ခြည်နှင့် ရက် လုပ်သည့် အထည်များမှာ အလွန် ထူထဲကြမ်းထမ်း၍ များစွာ အောက်တန်းကျသော အခြေအနေသို့ ရောက်ရှိနေပေသည်။ ထို့ပြင် ထူးခြားထင်ရှားသော အချက်တချက်မှာ ထိုဝါဂွမ်း စိုက်ပျိုးခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသော လက်မှု ပညာများ ဆုတ်ယုတ်သည်နှင့်အညီ ဗြဟ္မစိုရ်တရား၊ သမ္ပဒါ တရား၊ မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ် ခြောက်ပါး စသော တရားများကို အခြေခံထား၍ တည်ထောင်ခဲ့သော ရှေးမြန်မာများ၏ ယဉ်ကျေးမှုများသည်လည်း တစ်ထက်တစ်စ ဆုတ်ယုတ် လာခဲ့လေသည်။

ခေတ်သစ်ပြောင်းချိန်[ပြင်ဆင်ရန်]

၁၇၃၈ ခုနှစ် အင်္ဂလန်နိုင်ငံရှိ ဗာရီမြို့သား ဖြစ်သော ဂျွန်ကေးဆိုသူသည် အထည်ရက်လုပ်သော ရက်ကန်း အသစ် အဆန်းကို စထွင်လုပ်ကိုင်သဖြင့် ကမ္ဘာတွင် ခေတ်သစ်ပြောင်း ရန် အကြောင်းရင်းခံကြီး တစ်ခု ဖြစ်ပေါ်လာပေသည်။ ဂျွန်ကေးသည်ပင်လျှင် ခေတ်ဟောင်းကို ကျော်လွန်စေ၍ ခေတ်သစ်ကို စထွင် တည်ထောင်ခဲ့သော ပါရဂူပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်ဟု နိုင်ငံသမိုင်း ဆရာကြီးများက ချီးကျူးထောမနာ ပြုကြလေသည်။ ထိုအချိန်ထိုအခါက ဆိုလျှင် ညောင်ရမ်းခေတ် အကုန်နှင့် အလောင်းမင်းတရား ကုန်းဘောင်ခေတ် အဝင် စပ်ကူးမကူး အချိန် ဖြစ်လေသည်။

ဂျွန်ကေး တီထွင်၍ ဆောက်လုပ်သော ရက်ကန်စင် မပေါ်မီက ကမ္ဘာတဝန်းလုံးရှိ တိုင်းပြည် အသီး အသီးတို့တွင် အသုံးပြုနေကြသော ရက်ကန်းစင်တို့မှာ တစ်ခုနှင့်တစ်ခု မည်မည်ရရ ထူးခြားခြင်း မရှိကြပေ။ ရက်ကန်းစင် အဟောင်း များဖြင့် ရက်လုပ်ရာတွင် လွန်းကို လက်တစ်ဖက်က ကိုင်၍၊ ခြည်မျှင်ကြားတွင် ထိုးသွင်းသောအခါ အခြားလက်တစ်ဖက်ဖြင့် ထိုလွန်းကို ဖမ်းရသည်။ ထိုကဲ့သို့ လွန်းကို လက်ဖြင့် ထိုးခြင်း၊ လက်ဖြင့် ဖမ်းခြင်းပြုလုပ်ရသည့်အတွက် ရက်ကန်းရက်ရာ၌ အချိန်အလွန် နှောင့်နှေးလေသည်။ အခြား ချို့ငဲ့ သောအချက် တစ်ခုမှာ လက်လှမ်းတလှမ်းထက် ကျယ်သော အထည်အနံကြီး ကို မရက်လုပ်နိုင်ခြင်း ဖြစ်၏။

ထိုကဲ့သို့ နှောင်နှေး၊ ကြန့်ကြာသော ရက်ကန်းစင်၏ သဘာဝကို ဂျွန်ကေးသည် နှစ်ပေါင်းများစွာ လက်တွေ့ စမ်းသပ်ရှာဖွေခြင်းကြောင့် လွန်းကို လက်ဖြင့် ပစ်ခြင်း၊ ဖမ်းခြင်း မပြုလုပ်ရတော့ဘဲ ခလုတ်ကို ကြိုးနှင့်ဆွဲခြင်းအား ဖြင့်သာ ရက်ကန်းကို ရက်၍ရနိုင်သော နည်းသစ်ကို ရရှိခြင်း ဖြစ်ပေသည်။ ထိုနည်းသစ် ၏ အကျိုးအာနိသင်မှာ အထည် ရက်လုပ်ရာ၌ ရက်ကန်းအဟောင်းထက် လျင်မြန်ခြင်းနှင့် အနံ ကြီး အထည်များ ရက်လုပ်နိုင်ခြင်း ဖြစ်ပေသည်။

သို့ရာတွင် ခေတ်ဟောင်း ပျောက်စေ၍ သတ္တဝါ အများ အကျိုးရှိရာရှိကြောင်း ဖြစ်စေတတ်သော နည်းသစ် ဉာဏ်သစ် ခေတ်သစ်များကို စတင် တည်ထောင်သော ထူးချွန်သည့် ပုဂ္ဂိုလ်ကြီးများသည် ထိုအချိန်ထိုအခါက လူသတ္တဝါများ၏ နည်းပါးသောအသိဉာဏ်နှင့်အောက်တန်းကျသော စိတ်အား ထက်သန်ခြင်းကြောင့် ခြီးမွမ်း ထောမနာ ဩဘာပေးခြင်းများကို မခံကြရဘဲ ည|ဉ်းပန်းနှိပ်စက် ဒုက္ခအမျိုးမျိုးပေးခြင်းများကိုသာ ခံစားကြ ရပေသည်။ ဂျွန်ကေးသည်လည်း ထိုဖြစ်တတ်သော လောကသဘာဝကို မလွန်နိုင်သဖြင့် မိမိရပ်ရွာရှိ ရက်ကန်းသည် များ၏ ည|င်းပန်းနှိပ်စက်ခြင်းများကို ခံရပြီးလျှင် ပြင်သစ်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင် နေထိုင်လျက်နှင့်ပင် သေဆုံး ရရှာသည်။

မောပန်းကြီးစွာ အားထုတ်လုပ်ရသော အလုပ်တစ်ခုကို သက်သက်သာသာနှင့်ဖြစ်စေနိုင်သော နည်းသစ် နည်းဆန်း လက်နက်ကရိယာ အသစ်အဆန်းတို့ကို ဘောဂဗေဒ ပညာ သဘောအားဖြင့် လူတို့သည် နှစ်ခြိုက်တတ်သော သဘာဝ တစ်ခု ဖြစ်သည့်အတိုင်း ထိုနည်းသစ်နည်းဆန်းများကို လူတို့သည် အသိဉာဏ် တိုးတက်ခြင်းအလျောက် အနှေးနှင့် အမြန် လိုသလို အသုံးပြုတတ်ကြပေသည်။ ထိုဘောဂဗေဒ သဘာဝအရ အင်္ဂလန် နိုင်ငံရှိ ရက်ကန်းသည်တို့သည် လက်တွေ့အားဖြင့် အကျိုးခံစားရကြောင်းကို သိကြရသောအခါ ဂျွန်ကေး တီထွင်ခဲ့သော ရက်ကန်းကရိယာ နည်းသစ်ကိုပင် လျှင် အသုံးပြုကြခြင်းအားဖြင့် ရက်ကန်းကရိယာနည်းဟောင်း များကို စွန့်ပစ်ကြလေသည်။ ထိုရက်ကန်းကို လွန်းပျံရက်ကန်း ဟု ခေါ်တွင်ကြသည်။ ထိုလွန်းပျံ ရက်ကန်းကို ယခုအခါ မြန်မာနိုင်ငံတွင် စက်ရက်ကန်းဟူ၍လည်း တစ်မျိုးအားဖြင့် ခေါ်ဝေါ်ကြသေးသည်။

၁၉၄၅-၄၆ ခုနှစ်များက မြန်မာနိုင်ငံရှိ ရက်ကန်းစင် စာရင်းများကို စုဆောင်း ရှာဖွေခြင်းအားဖြင့် သိရှိရသည်မှာ လွန်းပျံ၊ သို့မဟုတ် စက်ရက်ကန်းများ၏ အရေအတွက်သည် ၂ဝဝဝဝ ခန့်မျှ ဖြစ်၍၊ ဂျွန်ကေး တီထွင်သော စက်ရက်ကန်း မျိုး မပေါ်မီ အချိန်က အသုံးပြုခဲ့ကြသော လက်ထိုးလွန်းရက် ကန်းမျိုးမှာ ယခုထက်တိုင် အရေအတွက်အာဖြင့် ၁၇ဝဝဝဝ ကျော်ရှိကြောင်းကို သိရသည်။ မြန်မာရက်ကန်းခေတ်သည် ခုတိုင် အနှစ် ၂ဝဝ ကျော်ခန့် နောက်ကျနေသဖြင့် ထိုခေတ် ဟောင်းကို ယခုအချိန်မှစ၍ ပြောင်းရန် အချိန်တန်ပြီ ဟု ဆိုရပေမည်။

သိပ္ပံပညာထွန်းကားသော တိုင်းပြည်ကြီးတို့တွင် လျှပ်စစ် ဓာတ်အားဖြင့် မောင်းနှင်သော ခေတ်မီစက်ရက်ကန်းမျိုးကို ယခုအခါ၌ အများအပြား အသုံးပြုနေကြပေသည်။ ထိုခေတ်မီ စက်ရက်ကန်း၏ အကျိုးအာနိသင်မှာ ရက်ကန်းသည် တစ်ယောက်သည် စက်ရက်ကန်းစင်ပေါင်း ၄ဝ ကျော် ရက်လုပ်နိုင်ပေသည်။ ထိုစက်ရက်ကန်းနှင့်မြန်မာနိုင်ငံတွင် ယခုတိုင် အများအပြား အသုံးပြုလျက်နေသော လက်ထိုးလွန်း ရက်ကန်း တို့၏ ခြားနားခြင်းကို ယှဉ်ပြိုင်ကြည့်ပါက ခေတ်မီ စက်ရက်ကန်းတခုသည် လက်ထိုးလက်ရက်ကန်း ၁ဝ စင်ခန့် နှင့် အထည်အထွက်တွင် ညီမျှလေသည်။

ရက်ကန်းသည်များ၏ လုပ်ငန်းတွင်ကျယ်ပုံကို တွက်ကြည့် ပါက ခေတ်မှီ စက်ရက်ကန်းများဖြင့် ရက်လုပ်သော ရက်ကန်း သည်တယောက်၏ လုပ်ငန်းသည် လက်ထိုးလွန်း ရက်ကန်း စက်ဖြင့် ရက်လုပ်သော ရက်ကန်းသည် ၄ဝဝ တို့၏ လုပ်ငန်း နှင့် ညီမျှလေသည်။ တစ်နည်းအားဖြင့် ဝင်ငွေကို အကြမ်းတွက် ကြည့်လျှင် လက်ထိုးလွန်းရက်ကန်းဖြင့် ရက်လုပ်သော ရက်ကန်းသည်တယောက်သည် တစ်နေ့လျှင် ငွေတစ်ကျပ် ဝင်ငွေရှိခဲ့သော် ခေတ်မှီ စက်ရက်ကန်းဖြင့် ရက်လုပ်သော ရက်ကန်းသည် တစ်ယောက်၏ တစ်နေ့ဝင်ငွေသည် ငွေ လေးရာခန့်ဟု ဆိုရပေမည်။ ထိုကဲ့သို့ ရှေးခေတ်ဟောင်း ရက်ကန်းစင်များနှင့်ခေတ်မှီစက်ရက်ကန်းတို့၏ ကွာခြားမှု ကြောင့် ယခုအခါ မြန်မာများ အသုံးပြုရန် အထည်အဝတ် အမျိုးမျိုးတို့ကို ရရှိရန်အတွက် သိပ္ပံ ပညာထွန်းကားသော တိုင်းပြည်ကြီးများကို အားကိုး၍ နေရပေသည်။

သို့ဖြစ်၍ ရက်ကန်းခေတ်သစ်ကို မြန်မာနိုင်ငံတွင် ထူထောင် ရန်အတွက် ရန်ကုန်မြို့အနီး၌ ဆောက်လုပ်ထားသော မြန်မာ နိုင်ငံအစိုးရ ခြည်မျှင်နှင့်အထည်စက်ကြီးတွင် ခေတ်မီ စက် ရက်ကန်းစင် ၄ဝဝ နှင့် အထည် ကိုက်ပေါင်း ကိုးသန်းကျော် (၁၉၆၂-၆၃) ထုတ်လုပ်ခဲ့သည်။ တိုင်းရင်းဖြစ် အထည်အလိပ် လုပ်ငန်းတွင် ရှေးမှ မားမားမတ်မတ် ရပ်တည်နေ၍ ဇင်၊ တွီ၊ ဆယ်လျူလာ၊ ဗျူတီကော့၊ ပိတ်ညို၊ ပိတ်ချောများကို တစတစ အမျိုးအစား ကောင်းသည်ထက် ကောင်းအောင် ကြိုးပမ်း ထုတ်လုပ်နေသည်။

ကျယ်ဝန်းသော မြန်မာ့ရက်ကန်းပြဿနာ ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၄ဝ ပြည့်နှစ် ထွက်ကုန် ဝင်ကုန် စာရင်းအရ အိန္ဒိယ၊ ဂျပန်၊ အင်္ဂလန်နှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံအတွက် ဝယ်ယူအသုံးပြုကြရသော အထည်အဝတ် များမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။ အမျိုးအစား တန်ဖိုးငွေ-ကျပ် ၁။ အထည်ကြမ်း ၂၁၆၃၇၉၈၅ ကိုက် ၃၂၅၁၃၃၁ ၂။ ချွတ်ထည်ချော ၅၆ဝ၅၁၆၅၁ ကိုက် ၁၁၅၄၈၄ဝ၄ ၃။ ပွင့်ရိုက်အရောင်ဆိုးများ ၁၇၈၄၉၇၄၂၉ကိုက် ၃၇၉၃၁၈၇၁ ၄။ ဝါဂွမ်းခြည်မျှင်များ ၂၂၃၂၈၄၅၂ ပေါင် ၁၂၃၃၂၄၄၃ ပေါင်း ၆၅ဝ၆၄ဝ၄၉ ထိုမျှလောက် နှစ်စဉ်နှစ်စဉ် ငွေပေါင်း ခြောက်ကုဋေခွဲဖိုးခန့် ရှိသော အထည်အဝတ်များ ခြည်မျှင်များကို နိုင်ငံခြားမှ ဝယ်ယူ အသုံးပြုရသော အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အထည် အဝတ်များကို ခေတ်မှီစက် များဖြစ် ထမြောက်အောင်မြင်စွာ ကြိုးစားအားထုတ် လုပ်ကိုင်ခြင်း မပြုကြသေးသောကြောင့် ဖြစ်ပေသည်။

မြန်မာနိုင်ငံ လူဦးရေ ၂၄ သန်းခန့်ရှိသဖြင့် လူတိုင်းလူတိုင်း ခေတ်မှီလူတမ်းစေ့ နေနိုင်ရန်အတါက် လူ တစ်ယောက်လျှင် တစ်နှစ်အတွက် ပျမ်းမျှအထည်အဝတ်ကို ၃ဝခန့်၊ သို့မဟုတ် အတောင် ၆ဝ ခန့် ရရှိရပေမည်။ အိန္ဒိယနိုင်ငံတွင်လည်း လူ တစ်ယောက်လျှင် တနှစ်အတွက် အထည်အဝတ် ကိုက် ၃ဝ ရရှိစေရန် စီစဉ်လျက် ရှိသည်။ လူဦးရေ ၂၄ သန်းအတွက် တစ်ယောက်လျှင် ကိုက်၃ဝကျနှင့် တွက်ခဲ့သော် တစ်နှစ်လျှင် အထည်ကိုက်ပေါင်း ၇၂ဝဝဝဝဝဝဝ (ခုနစ်ဆဲ့နှစ်ကုဋေ) လို လေသည်။ ထိုမျှလောက် အထည်များ ထွက်ရှိရန်အတွက် ရစ်တိုင် ၂ဝဝဝဝ ပါရှိသော ခြည်မျှင်စက်ရုံကြီးပေါင်း ၁ဝဝ ကျော်ခန့်နှင့် ခေတ်မီစက် ရက်ကန်း ၂ဝဝ ပါရှိသော စက်ရုံ ပေါင်း ၃ဝဝ ကျော်ခန့် မြန်မာနိုင်ငံတွင်ရှိရပေမည်။ ဝါဂွမ်း ကိုလည်း လုံလောက်စွာ ရရှိရန် မြေဧကပေါင်းများစွာ တိုးချဲ့၍ စိုက်ပျိုးရပေမည်။ ခြည်မျှင်အချောနှင့် အထည်အချော ဖြစ်စေ ရန်အတွက် ဝါဂွမ်းမျှင်များ ပိုမိုရှည်လျားလာစေရန် စမ်းသပ် စီမံပြုပြင်၍ ပေးရပေမည်။

ထို့ပြင် အထည်အဝတ် စက်ရုံကြီးပေါင်း ၄ဝဝ ကျော် အတွက်၊ မြင်းအကောင် ၃ဝဝဝဝဝ (သုံးသိန်းခန့်) အား ရှိသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများ တည် ဆောက်ရပေမည်။ ထိုစက်ရုံကြီးများနှင့် တွဲဖက်၍ ခြည်မျှင် စက်နှင့်အထည်စက်အတွက် လိုအပ်သော စက်ကရိယာများ လုပ်သည့် စက်ရုံကြီးများကိုလည်း တည်ဆောက်ရပေမည်။ အထည်အဝတ်များကို အဖြူချွတ်ရန်နှင့် အရောင်အမျိုးမျိုး ဆိုးရန် လိုအပ်သော ဓာတ်ဆေးများ ပြုပြင်လုပ်ကိုင်သည့် ဓာတုဗေဒစက်ရုံကြီးများလည်း အမြောက်အမြား တည် ဆောက်ရပေမည်။ ထိုမြောက်မြားကျယ်ဝန်းလှသော မြန်မာ ရက်ကန်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာလူငယ် များသည် ခေတ်မီရက်ကန်းပညာနှင့်သက်ဆိုင်သော စက် ကရိယာနှင့် ဓာတုဗေဒပညာရပ်အမျိုးမျိုးတို့ကို သင်ကြား ဆည်းပူးကြရပေမည်။ ဤသို့ အဘက်ဘက်မှ ပြုပြင်ပေးလျှင် မြန်မာ့ရက်ကန်းပညာသည် မုချ တိုးတက်ထွန်းကားလာဖွယ်ရာ အကြောင်းရှိပေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)