မြန်မာ ကာတွန်းရုပ်ရှင်

ဝီကီပီးဒီးယား မှ

မြန်မာ့ရုပ်ရှင်လောက၌ ကာတွန်းဇာတ်လမ်း ရုပ်ရှင်ကားများ ပေါ်ပေါက်ခဲ့ဖူးသည်။ မြန်မာ့ကာတွန်းရုပ်ရှင်၏ လမ်းကြောင်းကို သုံးသပ်ကြည့်လျှင် ကြော်ငြာဖြင့် စတင်တာထွက် ခဲ့ကြောင်း တွေ့ရှိရပေသည်။

အကြောင်းမှာ ဦးရွှေရိုးအမည်ခံ ကာတွန်းဆရာကြီး ဦးဘကလေးက " အိမ်းအမ်းတောင် ဗလရှင်ဆေးပြား" ကြော်ငြာကို ကာတွန်းရုပ်ရှင်ဖြစ် ရိုက်ကူးပြသခဲ့သောကြောင့် ဖြစ်သည်။သို့ရာတွင် ပထမဆုံး ကာတွန်းဇာတ်လမ်း ရုပ်ရှင်ကားမှာ ၁၉၂၉ခုနှစ်တွင် ကာတွန်းဆရာကြီး ဦးဟိန်စွန်းနှင့် စာရေးဆရာ ဇဝန (စူပါမင်း)တို့ ရေးဆွဲသော "ဦးကလိန်" တေးသရုပ်ဖော်ကာတွန်းကားဖြစ်သည်။ ဗန္ဓုလရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ပြီး ဇာတ်လမ်းသဘော မသက်ဝင်ပဲ ရည်းစားမျှော်သီချင်းအား လိုက်ဆိုတေး "ယခုခေတ် ကာရာအိုကေ ကဲ့သို့" အဖြစ်ရေးဆွဲရိုက်ကူးထားသည့် ကာတွန်းကား တိုလေးမျှသာဖြစ်ပေ၏။

မြန်မာ့ ပထမဆုံးကာတွန်းရုပ်ရှင်ဇာတ်လမ်းဟု ခေါ်ဆိုနိုင်သည့် "ခင်ခင်တွန့်" ခေါ် "မိုက်ခဲဟေ့" အမည်ရှိ ဇာတ်ကားကို ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ၁၉၃၄ခုနှစ် နောက်ပိုင်းတွင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားပါ ကာတွန်းပုံများကို ဆရာကြီး ဦးလှက ရေးဆွဲသည်။ ကာတွန်းဇာတ်ကားမှ မင်းသား၏ အမည်မှာ မိုက်ခဲဖြစ်ပြီး မင်းသမီး၏ အမည်မှာ ခင်ခင်တွန့်ဖြစ်သည်။ ထိုနှစ် အောက်တိုဘာလ အတွင်း ရုံတင်ပြသသည့် "ဣတ္ထိယ" အသံထွက် ဇာတ်ကားနှင့် "နောက်ပိုးရူး" ဇာတ်လမ်းနှစ်ခု ပေါင်းပြသည့် စတားရုံ၌ ပူးတွဲပြသခဲ့သည့် ကာတွန်းကားဖြစ်သည်။

၁၉၃၄ခုနှစ်အတွင်းမှာပင် ပဲရော့ရုပ်ရှင်မှ "ကြက်တောင်ကွ" ကာတွန်းဇာတ်လမ်းကား တစ်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုကားအတွက် ကာတွန်းရုပ်ရေးဆွဲသူတို့မှာ ယခင် ဦးကလိန်ကာတွန်းကား ရေးဆွဲသူ ဦးဟိန်စွန်းနှင့် နာမည်ကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းတို့ဖြစ်သည်။ ယခုခေတ် စူပါမင်းဇာတ်ကားမျိုးဖြစ်၍ ရုပ်ရှင်ဝါသနာအိုးများ အကြိုက်တွေ့သည့် ကားတစ်ကားဖြစ်သည်။ ထိုကားကို ၁၉၃၄ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့တွင် ပလာဇာရုံ(နောင်-ရာဇ်ရုံ၊ ရဲရင့်ရုံ၊ ဆာကုရ)တွင် "သတင်းထောက်"ဇာတ်ကားနှင့်အတူ ပြသခဲ့သည်။

နောက်ကာတွန်းကား တစ်ကားမှာ ပဲရော့ရုပ်ရှင်မှရိုက်ကူးသည့် "အသူရာ" အမည်ရှိကားဖြစ်သည်။ ကာတွန်းဦးဟိန်စွန်းနှင့် ဦးဘဂျမ်းတို့ကပင် ရေးဆွဲ၍ ၁၉၃၅ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ပြသသည့် ကားဖြစ်သည်။ "ကြက်တောင်ကွ" နှင့် "အသူရာ" ဇာတ်ကား ၂ကားလုံးမှာ ဖလင်ပေ ၂၀၀ဝခန့်ရှိ၍ ၁၅မိနစ်ကျော် မိနစ်၂ဝခန့်သာ ပြသသည့် ကာတွန်းရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။[၁]


အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာ့ဗဟုသုတ ၁၀၀၊ နန္ဒမိုးကြယ်။