မြန်မာ့ ပုလင်းဘုရား

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် ဘုရားဆင်းတုတော် ပူဇော်မှုကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀-ခန့်ကပင် စတင်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဆင်းတုတော်ကို ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သား၊ အင်္ဂတေ၊ နှီး စသည့်ပစ္စည်းများဖြင့် ရပ်တော်မူပုံ၊ ထိုင်တော်မူပုံ၊ လျောင်းတော်မူပုံ တို့ကို ထုလုပ်ကိုးကွယ် ခဲ့ကြသည်။ ယင်းတို့တွင် `ပုလင်းဘုရား´သည် ထူးခြားလှသည်။

ပုလင်းဘုရား ဆိုသည်မှာ ဆင်းတုတော်၊ ပလ္လင်၊ တံကဲ၊ ပြာသာဒ် စသည့် အစိတ်အပိုင်းများကို သစ်သား(ကျွန်းသား)ဖြင့် အသေးစိတ် ထုလုပ်ပြီး၊ ကျောင်းဆောင်နှင့် တကွ လေးထောင့်ပုလင်း ထဲသို့ ထည့်သွင်း၍ ကိုးကွယ်သော ဘုရားပင်ဖြစ်သည်။

ပုလင်းဘုရား ထုလုပ်ငန်းမှာ အခြားပန်းပုရုပ်များ ထုလုပ်ခြင်းထက် ပို၍ ခက်ခဲသည်။ ထုလုပ်ရာတွင် လက်ဝင်သည်။ ဇွဲကောင်းကောင်းဖြင့် အချိန်ယူလုပ်ရသည်။ ပုလင်းထဲကြည့်လျှင် ဆင်းတုတော်နှင့် ကျောင်းဆောင်မှာ ပစ္စည်းများကို တစ်ခုနှင့်တစ်ခု အစီအစဉ်ကျအောင် ဆက်ထားခြင်း ဖြစ်သည်။

ပုလင်းမှာ အမြင့် ၁၀-လက်မ၊ အကျယ်(အနံ) ၃-လက်မခန့်နှင့် လုံးပတ် ၁၂-လက်မရှိ လေးထောင့် ပုလင်းဖြစ်သည်။ ကျောင်းဆောင်တွင် ဘုရားရှင်နှင့် ရဟန္တာရှစ်ပါး( မြန်မာအခေါ် ဘုရားကိုးဆူ) ပါရှိသည်။ ဘုရားဆင်းတုမှာ ဉာဏ်တော် ၂-လက်မခွဲမှ ၃-လက်မအထိ ရှိသည်။ အမြင့် ၁-လက်မ၊ အကျယ်၂-လက်မခွဲခန့်ရှိ၍ ပလ္လင်ပေါ်တွင် ဘုရားရှင်အား ရဟန္တာများ ခြံရံလျက် ရှိသည်။ ပုလင်း၏ ထောင့်လေးထောင့်တွင် ထီးလေးလက်လည်း စိုက်ထူထားသည်။ ထို့ပြင် ကျောင်းဆောင်ပေါ်တွင် စေတီတစ်ဆူလည်း ပူဇော်ထားသည်။ ဘုရားထီးတော်ကို ပုလင်းဗူးဆို့ဖြင့် ခိုင်မာစွာ ချိပ်ပိတ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ဘုရားကျောင်းဆောင် ယိုင်လဲခြင်း၊ လှုပ်ရှားခြင်း၊ ပျက်စီးခြင်း မရှိအောင် ဗူးဆို့က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ထုလုပ်နည်း[ပြင်ဆင်ရန်]

ပုလင်းဘုရား ထုလုပ်နည်းမှာ ရှေးဦးစွာ ပုလင်း၏ အတွင်းပိုင်းကို သေချာစွာ တိုင်းတာပြီး အပြင်မှာ ပုံစံထုတ်ကြည့်ရသည်။ ပုလင်းအဝမှာ ငါးမူးခန့်သာ ကျယ်သည်။ ကျောင်းဆောင်မှအပ ဆင်းတုတော်၊ ပလ္လင်၊ တံကဲ၊ ပြဿဒ် စသည့်ပစ္စည်းများမှာ အမြင့် ၂-လက်မခွဲနှင့် အကျယ်(အနံ) လက်မဝက်ခန့်သာ ရှိသည်။ ထိုအစိတ်အပိုင်းများကို ပုလင်းထဲ ဝင်သွားအောင် ထုလုပ်ရသည်။ ထုပြီးသော ပစ္စည်းများ ပုလင်းထဲ မထည့်မီ အပြင်မှာ လက်တွေ့တပ်ဆင် ကြည့်ရသည်။ ပုံစံပေါ်လာလျှင် ထိုပစ္စည်းများကို ဇာကနာအရှည်ဖြင့် တစ်ခုခြင်းယူကာ ပုလင်းထဲ ထည့်ပြီး သူ့နေရာနှင့်သူ၊ ဆက်၍ဆက်၍ ပေးပြီးသောအခါ လက်ရာမြောက်သော ပုလင်းဘုရားတစ်ဆူ ဖြစ်လာသည်။(ပစ္စည်းများကို ကော်ဖြင့် မဆက်ရပါ။)

ပုလင်းဘုရားသည် အမြင်ဆန်း၍ ကြည်ညိုဖွယ် ကောင်းသည်။ ရှေးခေတ် ပန်းပုဆရာတစ်ဦး၏ စိတ်ကူးနှင့် တီထွင်ဉာဏ်မှာ ချီးကျူးဖွယ်ကောင်းသည်။ ရွှေသင်္ကန်းကပ်လှူထားသော ပုလင်းဘုရားများမှာ ပို၍ ကြည်ညိုဖွယ် ကောင်းသည်။ ယခုအခါ ပုလင်းဘုရား ထုလုပ်သည့် ပညာရှင်များ မရှိတော့သဖြင့် ပုလင်းဘုရားများ ရှားပါးနေပြီ ဖြစ်သည်။

ဖူးတွေ့နိုင်သည့်နေရာ[ပြင်ဆင်ရန်]

ရှားပါးသော ပုလင်းဘုရားများကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားပြတိုက်၊ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားပြတိုက်၊ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားပြတိုက် တို့နှင့် အခြား အမြတ်တနိုးပူဇော်ထားသူအချို့တွင် သာဖူးတွေ့နိုင်သည်။ ထိုဘုရားများသည် ရှေးဆရာတော်ကြီးများနှင့် ဘိုးဘွားမိဘများမှ တဆင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်း ကိုးကွယ်ခဲ့ကြသည့် ဘုရားများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဘုရားများသက်တမ်းမှာ နှစ်ပေါင်း ၂၀၀-ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရာဇာဝင်း(ယင်းမာပင်) မြတ်မင်္ဂလာ စာစောင်၂၀၀၉-ခုနှစ်မေလ