မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် နိုင်ငံတော်-တော်လှန်ရေးကောင်စီ၏ဝါဒသဘောထားကြေညာချက်

ဝီကီပီးဒီးယား မှ

ကျွန်ုပ်တို့၏ ယုံကြည်ချက်[ပြင်ဆင်ရန်]

၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ဤလောက၌ လူလူချင်းခေါင်းပုံဖြတ်၍ မတရားအမြတ်ရှာစားသော စီးပွားရေးစနစ်ဆိုးများတည်ရှိနေသရွေ့ ကာလပတ်လုံး လူအပေါင်းကို လူမှုဒုက္ခ များမှ လွတ်မြောက်စေလိမ့်မည်ဟု မယုံကြည်။

ဤပြည်ထောင်စုမြန်မာနိုင်ငံတွင် လူလူချင်းခေါင်းပုံဖြတ်ခြင်းကင်း၍ တရားမျှတမှုရှိသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလျှင် လူမျိုးမရွေး၊ ဘာသာမရွေး ပြည်သူလူထုအပေါင်း သည် အစားဆင်းရဲခြင်းဒုက္ခ၊ အဝတ်ဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခ၊ အူမမတောင့်သဖြင့် သီလ မစောင့်နိုင်သောဒုက္ခ အစရှိသည့် လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြမည့် သာယာဝပြောသော လောကသစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်သည်။

ဤသို့ ယုံကြည်သည့်အတိုင်း ဆိုရှယ်လစ်လောကသို့ မရောက် ရောက်အောင် ပြည်သူတို့နှင့်အတူ လက်တွဲချီတက်ကြမည်ဟု အလေးအနက်အဓိဋ္ဌာန်ပြုသည်။

ကျွန်ုပ်တို့၏ အခြေခံသဘောထား[ပြင်ဆင်ရန်]

၂။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် မိမိ၏လုပ်ငန်းရပ်များကို ချမှတ်ရာ၌လည်းကောင်း၊ အကောင်အထည်ဖော်ရာ၌လည်းကောင်း မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် တကယ်ပကတိတည်ရှိနေသော အဖြစ်မှန်အခြေအနေများကို ယထာဘူတကျအောင် လေ့လာသုံးသပ်ပြီးယင်းသို့ လေ့လာသုံးသပ်ခြင်းမှ ရရှိလာ အပ်သောအချက်များကို မူတည်၍တိုးတက်မှုဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်မည်။

၃။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် မိမိ၏လုပ်ဆောင်ချက်များကို မိမိကိုယ်မိမိ ဝေဖန်စစ်ဆေး သောနည်းအားဖြင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်။

ကမ္ဘာဖြစ်ရပ်များအထဲတွင် လက်ဝဲ၊ လက်ယာ သွေဖည်မှုများကို မြင်တွေ့ဖူးခဲ့ပြီးဖြစ်၍ ယင်းလက်ဝဲ၊ လက်ယာ သွေဖည်မှုများမှ လွတ်ကင်းအောင် သတိတရား လက်ကိုင်ထားပြီး ရှောင်ရှားသွားမည်။

၄။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် မည်သည့်အခြေအနေနှင့် မည်သည့်အခက်အခဲများကို တွေ့ တွေ့ တိုင်းရင်းသားပြည်သူအပေါင်း၏ အခြေခံအကျိုးစီးပွားများကို မျက်ခြည်ပြတ်မခံဘဲ ကာလဒေသနှင့် ပြောင်းလဲနေသော အခြေအနေများအလျောက် တိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။

၅။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ပြည်သူလူထုအပေါင်း၏ ကောင်းကျိုးချမ်းသာကို လက်တွေ့အားဖြင့် ပေးဆောင်စေနိုင်သောလုပ်ငန်းစဉ်နှင့် နည်းနာနိဿယများကို ရှာဖွေဆောင်ရွက်မည်၊ သို့ရှာဖွေဆောင်ရွက်ရာတွင် တိုင်းပြည်နိုင်ငံမရွေး၊ မည်သည့်နိုင်ငံမှပင်မဆို ရယူအပ်သည့် တိုးတက်သော အယူအဆများ၊ တိုးတက်သော ကျမ်းစာအုပ်များနှင့် တိုးတက်သောဘဝအတွေ့အကြုံများ စသည်တို့ကို စိစစ်ဝေဖန်သော စိတ်ဓာတ်ဖြင့် လေ့လာသုံးသပ်ကာ မြန်မာနိုင်ငံနှင့် သင့်လျော်အောင် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။

ဆိုရှယ်လစ်စီးပွားရေးစနစ်[ပြင်ဆင်ရန်]

၆။ ဆိုရှယ်လစ်စီးပွားရေးစနစ်၏ တရားကိုယ်သဘောမှာ အများကောင်းကျိုးအတွက် လူတိုင်း ပါဝင်သော အများပိုင်လုပ်ငန်းများကို အများကဝိုင်းလုပ်ပြီး ပေါ်ထွက်လာသည့် အကျိုးစီးပွားများကို အများ အားလုံးပင် လုံလုံလောက်လောက်နှင့် ကျေကျေနပ်နပ်ရရှိခံစားနိုင်အပ်သော စီမံမှုသဘောတရားဖြစ်ပေသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်၏ ရည်ရွယ်ချက်မှာ လူတိုင်းအားစီးပွားရေးဖူလုံစေပြီး ကိုယ်ကျင့်တရား ကောင်းလာစေခြင်း ဖြင့်ပြည်သူအပေါင်း၏ ငြိမ်းချမ်းသာယာသော လောကသစ်ကြီးကို တည်ဆောက်ရန် ဖြစ်ပေသည်။

၇။ ထို့ကြောင့် ဆိုရှယ်လစ်စီးပွားရေးစနစ်သည် လူလူချင်းခေါင်းပုံဖြတ်၍ ကိုယ်ကျိုးရှာစားသော မည် သည့်စီးပွားရေးစနစ်ဆိုးများကိုမဆို ဆန့်ကျင်သည်။

၈။ ဆိုရှယ်လစ် စီးပွားရေးစနစ်သည် လူတစ်စု၊ လူတစ်ဖွဲ့၊ လူတန်းစားတစ်ရပ်နှင့် ပါတီဝင် လူတန်းစား တစ်သိုက်၏ ကျဉ်းမြောင်းသောကိုယ်ကျိုးများအတွက် မလုပ်ဆောင်ဘဲ တိုင်းသူပြည်သား လူအများ၏ လူ့ဘဝ လိုအင်ဆန္ဒများကို ဖြည့်စွမ်းပေးရန်အတွက်သာလျှင် ရည်ရွယ်ချက်ထားပြီး စီမံဆောင်ရွက်သည်။

၉။ ဆိုရှယ်လစ် စီးပွားရေးလုပ်ငန်းသည် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုကို စနစ်တကျ စီမံကိန်းချ၍ အချိုးကျတိုးတက်အောင် ဆောင်ရွက်ပေသည်။

ကုန်ထုတ်စွမ်းအားစုဆိုသည်မှာ တိုင်းပြည်တစ်ပြည်ရှိ မြေတွင်း၊ မြေပေါ်ထွက် ဓာတ်သဘာဝပစ္စည်း အရင်းအနှီးများ၊ ကုန်ကြမ်းကုန်ရိုင်းများ၊ ကုန်လုပ်ကိရိယာအရင်းအနှီးများ၊ စုဆောင်မိပြီးသောအရင်းအနှီးများ၊ တောင်သူလယ်သမားများနှင့် ကုန်ထုတ်အလုပ်သမားများ၊ ပညာသည်များ၊ ကုန်လုပ်ဗဟုသုတ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများ အစရှိသည်တို့ကို စုရုံးသိမ်းကျုံး၍ ခေါ်ဆိုခြင်းဖြစ်သည်။

ဆိုရှယ်လစ် စီးပွားရေးလုပ်ငန်းသည် တိုင်းပြည်၏ လူဦးရေနှင့် ကုန်ထုတ်စွမ်းအားစုကို အချိုးကျ စီမံကိန်းချ၍ ပြည်သူလူထုများအတွက် လူသုံးကုန်ပစ္စည်းများကို လုံလောက်၍ပေါများအောင် ထုတ်လုပ်ပေး သည်။ ပြည်သူလူထု၏ နေထိုင်မှုအဆင့်အတန်းနှင့် ဝယ်နိုင်အားများ တိုးပွားလာအောင်ဆောင်ရွက်ရင်း ကုန်ထုတ်လုပ်ငန်းကို တိုးချဲ့လာစေသည်။ ဤနည်းအားဖြင့် အလုပ်လက်မဲ့မရှိတော့ဘဲ လူတိုင်း၏အသက်မွေး ဝမ်းကျောင်းမှုကို လုံခြုံလာစေသည်။

၁၀။ ဆိုရှယ်လစ်စီမံကိန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်၏ အသက်သွေးကြောဖြစ်သော ကုန်ထုတ်အရင်းအနှီးများ (ကုန်ထုတ်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပကုန်သွယ်ရေးလုပ်ငန်း အစရှိသည်များ) ကိုနိုင်ငံပိုင်လုပ်ရမည်သာ ဖြစ်သည်။ တိုင်း ပြည်၏ကုန်ထုတ်အရင်းအနှီးများကို နိုင်ငံတော်ကသော်လည်းကောင်း၊ သမဝါယမနှင့် စုပေါင်းအဖွဲ့များက သော်လည်းကောင်း ပိုင်ဆိုင်ရမည်။

ယင်းပိုင်ဆိုင်မှုများတွင် နိုင်ငံတော်ပိုင်ဆိုင်မှုသည် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ အဓိက အခြေခံ ဖြစ်ပေသည်။ နိုင်ငံတော်ပိုင်ဆိုင်မှုသည် ပြည်သူတစ်ရပ်လုံး၏ ပိုင်ဆိုင်မှုဖြစ်သည်။ သမဝါယမနှင့် စုပေါင်းအဖွဲ့များ၏ပိုင်ဆိုင်မှုသည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ ပိုင်ဆိုင်မှုမျှသာဖြစ်သည်။ သို့သော် အားလုံးသည် ဆိုရှယ်လစ်အမျိုးသားစီးပွားရေးစီမံကိန်း၏ ဘောင်အတွင်း၌သာလျှင် ဆောင်ရွက်ကြရသော ကြောင့် အချင်းချင်းကျေးဇူးပြုကြမည်သာ ဖြစ်သည်။

၁၁။ ဆိုရှယ်လစ်စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသောအခါ အလုပ်လုပ်နိုင်သောလူ တိုင်း မိမိလုပ်နိုင်သောအလုပ်များကို လုပ်ကြရမည်။ ဖြစ်ထွန်းလာသော အကျိုးစီးပွားများကို အလုပ်လုပ် သော လူတိုင်းသည်မိမိ ကာယ၊ ဉာဏ၊ ဝီရိယ စွမ်းအားအလိုက်ရရှိ၍ ခံစားစေရမည်။

၁၂။ မြန်မာ့ဆိုရှယ်လစ်လောကတွင် လူအားလုံးသည် ညီတူညီမျှမဖြစ်နိုင်။ လူတစ်ဦးနှင့်တစ်ဦးသည် ကာယ၊ ဉာဏ၊ ဝီရိယချင်းမတူညီနိုင်။ ထို့ကြောင့်မတူသော အရည်အချင်းအလိုက် ခြားနားခြင်းများရှိပေလိမ့်မည်။ သို့သော်လည်း မြင့်လွန်းသူက မြင့်လွန်းပြီး နိမ့်လွန်းသူက နိမ့်လွန်းခြင်းမျိုး မရှိစေရဘဲ ဆူကြုံနိမ့်မြင့် နည်းနိုင်သမျှ နည်းစေအောင် နည်းလမ်းမှန်စွာဖြင့် စီမံဆောင်ရွက်ရမည်သာ ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းရေး[ပြင်ဆင်ရန်]

၁၃။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရန်အတွက် ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံ တော်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံတော်ဆိုသည်မှာ ဆိုရှယ်လစ်စီးပွားရေး စနစ်ကို အခြေခံသော၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုလည်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော ဒီမိုကရေစီ နိုင်ငံတော်မျိုးဖြစ်သည်။

ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်ကို ထိန်းသိမ်းရှေ့ဆောင်သွားရမည့်သူများမှာ အဓိကအားဖြင့် တောင်သူလယ်သမားများနှင့် အလုပ်သမားများဖြစ်ကြ၍ လူလတ်တန်းစားများနှင့် အများကောင်းရေးကို တည်တည်ကြည်ကြည်သစ္စာရှိရှိ လုပ်ဆောင်ကြရမည့်သူများလည်း ပါဝင်လက်တွဲလျက် ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

၁၄။ ကမ္ဘာ့သမိုင်းတွင် ပဒေသရာဇ်စနစ်များကို တော်လှန်ခဲ့ကြသော အင်္ဂလိပ်အရေးတော်ပုံ၊ အမေရိကန် အရေးတော်ပုံ၊ ပြင်သစ်အရေးတော်ပုံ စသည်တို့နှင့်အတူ "ပြည်သူ့အုပ်စိုးရေး" အမည်ခံပါလီမန် ဒီမိုကရေစီစနစ်သည် ဖြစ်ပေါ်လာခဲ့ပေသည်။ ယင်းပါလီမန်ဒီမိုကရေစီစနစ်သည် ယင်းခေတ်မတိုင်းမီများက စိုးမိုးခဲ့ကြသော နိုင်ငံရေးစနစ်များနှင့်စာလျှင် အကောင်းဆုံးဖြစ်ခဲ့ပေသည်။

သို့သော်လည်း အချို့ချို့သော နိုင်ငံများတွင် ပါလီမန်လုပ်ငန်းသည် ကြေးရည်တတ်နှင့် လူလည်များ က မသိနားမလည်သော လူထုအများကို လိမ်လည်လှည့်စားနေသည့် လုပ်ငန်းသာလျှင် ဖြစ်လာခဲ့ပေသည်။

ဤပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီလမ်းစဉ်ဖြင့် ဆိုရှယ်လစ်စနစ်ကို ထူထောင်ရန် စမ်းသပ်၍ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ "ပါလီမန်ဒီမိုကရေစီ" သည် ဆိုရှယ်လစ် လုပ်ငန်းစဉ်ကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အပြင် မြန်မာ "ပါလီမန်ဒီမိုကရေစီ" ၏ပျော့ကွက်များ၊ အလွဲသုံးစားမှုများနှင့် ပြည်သူ့ထင်မြင်ချက်၏ မရင့်ကျက်မှုများကြောင့် ဆိုရှယ်လစ်ပန်းတိုင်ကို မျက်ခြည် ပြတ်၍ ဆိုရှယ်လစ်လမ်းစဉ်မှ သွေဖည်ခြင်းများရှိလာခဲ့သည်။ နောက်ဆုံးတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ ဆန့်ကျင်ဘက်ဆီ သို့ပင် ရောက်မှန်းမသိရောက်လာခဲ့သည်။ ခြေလှမ်းများကို မြင်တွေ့ခဲ့ကြသည်။

ထို့ကြောင့် ဤမြန်မာနိုင်ငံတွင် ယနေ့အထိတွေ့ကြုံခဲ့ရသော "ပါလီမန်ဒီမိုကရေစီ" မျိုးဖြင့်ဆိုလျှင် ပြည်သူတို့မျှော်မှန်းအပ်သော ဆိုရှယ်လစ်လောကသို့ စိတ်ချလက်ချရောက်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ထူထောင်ရေးကို အထောက်အကူပြုသော ဒီမိုကရေစီမျိုး၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်သော ဒီမိုကရေစီမျိုးကိုသာလျှင် မြန်မာနိုင်ငံ၏ကာလ ဒေသနှင့်ပြောင်းလဲနေသော အခြေအနေများအလျောက် ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်၊ တော်လှန်ရေး ကောင်စီက လေးနက်စွာယုံကြည်ပေသည်။

ဤသည်တို့ကား ဆိုရှယ်လစ်စီးပွားရေးစနစ်၏အခြေခံအချက်ကြီးများ ဖြစ်ကြသည်။

အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်[ပြင်ဆင်ရန်]

၁၅။ (က) အတွေးအခေါ်ပြောင်းလဲရေး

ကျွန်ုပ်တို့သည် ဆိုရှယ်လစ်စီးပွားရေးစနစ်သို့ ရှေးရှုရာ၌ လူတွေ၏ မှားယွင်းသော အတွေးအခေါ် များကို ဦးစွာပထမ ပြောင်းလဲပစ်ဖို့အရေးကြီးသည်။ လိမ်စားချင်သောစိတ်၊ ခေါင်းပုံဖြတ်စားချင်သောစိတ် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေချင်သောစိတ်၊ သူတစ်ပါး၏လုပ်စာကို အချောင်စားချင်သော စိတ်၊ ရေသာခိုချင်သောစိတ်နှင့် တစ်ကိုယ်ကောင်း ကြံချင်သော အတွေးအခေါ်များကို ပပျောက်စေရမည်။

ကိုယ့်ခွန်အားဖြင့် ဝါယမစိုက်ပြီး လုပ်စားချင်သောစိတ်နှင့် အလုပ်လုပ်ခြင်းကို ဂုဏ်ယူချင်တတ်သော စိတ်ဓာတ်များထွန်းကားလာအောင် ပညာများပေးရမည်။ ကိုယ့်ခွန်အားဖြင့် အရင်းစိုက်ထုတ်လုပ်ရသော အလုပ်မျိုးကို ဂုဏ်ငယ်သည်ဟု ထင်နေကြသည့် ယုတ်ညံ့သောစိတ်ထားများ ပပျောက်အောင်လှုံ့ဆော်ရမည်။ လမ်းပြရမည်။ ပညာပေးရမည်။

ပကာသန ဖုံးလွှမ်းသည့်အယောင်ဆောင် လှူဒါန်းခြင်းများ၊ ပကာသနအဆောင်အယောင်များဖြင့် မွမ်းမံထားသော သီလကြောင်အကျင့်များ စသည်တို့ကိုပပျောက်စေ၍ အကျင့်သိက္ခာများကို တကယ်တမ်း စောင့်လာကြရအောင်၊ ဘာသာတိုင်းနှင့် ယဉ်ကျေးမှုအစဉ်အလာများက ဆုံးမခဲ့ကြသော ကိုယ်ကျင့်တရား များကို လူတွေကသက်ဝင်၍ လိုက်နာလာအောင် မှန်ကန်သောနည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရမည်။ အများအကျိုးကိုဆောင်မှ ကိုယ့်အကျိုးအောင်မည်ဟူသေ အတွေးအခေါ်များ ထွန်းကားလာအောင် ပညာရေး၊ စာပေရေး၊ အနုပညာရေးနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်အစရှိသည့် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရမည်။

(ခ) အုပ်ချုပ်ရေး

ဆိုရှယ်လစ်ပန်းတိုင်သို့ သွားရာလမ်းတွင် မြန်မာနိုင်ငံ၏ လက်ရှိဗျူရိုကရေစီ အုပ်ချုပ်ရေး အဆောက်အအုံသည် ဧရာမအနှောင့်အယှက်ကြီးဖြစ်နေပေသည်။ ဤယန္တရားဟောင်းဖြင့်ဆိုလျှင် ဆိုရှယ်လစ် ပန်းတိုင်သို့ဘယ်နည်းနှင့်မျှ မရောက်နိုင်။ ထို့ကြောင့်ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပြီး ဆိုရှယ်လစ် ဒီမိုက ရေစီအုပ်ချုပ်ရေး ယန္တရားတပ်ဆင်ရေးအတွက် ခိုင်မာသော အခြေခံများကို တည်ဆောက်ရမည်။

(ဂ) တပ်မတော်

နိုင်ငံတော်၏ လက်ရှိတပ်မတော်ကိုလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်မည့် အမျိုးသား တပ်မတော်အဖြစ်သို့ ချီတက်စေရမည်။

(ဃ) စီးပွားရေး

ပြည်ထောင်စု မြန်မာနိုင်ငံသည် စီးပွားရေးအရ ခေတ်နောက်ကျနေသေးသော လက်မှုလယ်ယာ ကိုင်းကျွန်းနိုင်ငံ ဖြစ်ပေသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်ရန်အတွက် တိုင်းပြည်၏ ကုန်ထုတ်စွမ်း အားစုကို တိုးတက်ကြီးမားလာအောင် ဆောင်ရွက်ရမည်။ ထို့အတွက် ပြည်ထောင်စုနိုင်ငံ၏ ကာလဒေသ အခြေအနေများနှင့်ဟပ်မိသော ကုန်ထုတ်လုပ်ငန်း အမျိုးမျိုးကိုစီမံကိန်းချ၍ ထူထောင်သွားရ မည်။ ပြည်ထောင်စု နိုင်ငံ၏ပင်မစီးပွားရေး လုပ်ငန်းကြီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရပ်များကို ခေတ်မီတိုးတက်အောင် တစ်ဖက်မှဆောင်ရွက်ရင်း ကိုယ့်တိုင်းပြည်၏အင်အားနှင့် လျော်ညီသော စက်မှု လုပ်ငန်းကိုလည်း ထူထောင်သွားမည်။ ယင်းသို့ထူထောင်ရာတွင် နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားစုကို တိုးတက်စေမည့် တိုင်းရင်းသားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း နည်းလမ်းကျသော ကန့်သတ်ချက် ဖြင့် နိုင်ငံတော်အစိုးရက ခွင့် ပြုမည်ဖြစ်သည်။

ဆိုရှယ်လစ်စီးပွားရေးစနစ်သို့ ပြည့်ပြည့်ဝဝ ရောက်ရှိလာသောအခါတွင်လည်း အများ၏ကောင်းကျိုး ကို မဖောက်မပြန် ဆောင်ရွက်သွားနိုင်မည့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဆိုရှယ်လစ်အစိုးရက ပစ်ပယ်မည် မဟုတ်သည့်ပြင် ထိုက်တန်သောနေရာများကိုပင်ပေးအပ်ကာ လက်တွဲ၍ခေါ်ဆောင်သွားမည်သာ ဖြစ်သည်။

လူမျိုးစုအရေး[ပြင်ဆင်ရန်]

၁၆။ ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု မြောက်မြားစွာရှိသော နိုင်ငံတစ်ခုဖြစ်ပေ သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးအများစုအားလုံး၏ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှ သာလျှင် လူမျိုးစုတိုင်း၏ကောင်းစားရေးအတွက် အာမခံနိုင်သော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင် နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုအမျိုးသားများအားလုံး၏ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးကို ဆောင်ရွက်ရာ တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော အောက်ပါစကားရပ်ကို လေးနက်စွာ ခံယူရပေမည်။ ဗိုလ်ချုပ်အောင်ဆန်းက-

"လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိေစ္ဆဒရှည်လျား စွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်ကိုးကွယ်ထားသည့် ဘာသာတရား၊ ပြောဆိုသည့်ဘာသာစကားတို့ကို အရေးထားရမည်ဖြစ် သော်လည်း စင်စစ်မှာ အေးအတူပူအမျှကောင်းတူဆိုးဖက် ပူးပေါင်လျက်နေလိုသော အစဉ်အလာဆန္ဒပေါ် တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏" ဟု ၁၉၄၆ ခုဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံ စေတီအလယ်ပစ္စယာ ဖဆပလညီလာခံ သဘင်ကြီးတွင် မိန့်ကြားခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားအပေါင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ စကားရပ်တွင် ပါဝင်သောအဓိပ္ပာယ်များအတိုင်း ဝံသာနု စိတ်ဓာတ်သစ် များကို မွေးမြူကျင့်သုံးကြရမည်။

လူမှုရေး[ပြင်ဆင်ရန်]

၁၇။ (က) ပညာရေး

အသက်မွေးဝမ်းကျောင်းမှုတွင် အထောက်အကူမဖြစ်သော လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ သွားရမည်ဟု နိုင်ငံတော်၊ တော်လှန်ရေးကောင်စီက ယုံကြည်သည်။ သို့ဖြစ်၍ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြု၍ စာရိတ္တမြင့်မားမှုကို အခြေခံသောပညာရေးစနစ်သစ်ကို ထူထောင်သွားမည်။ အထူးသဖြင့် သိပ္ပံပညာကို ဦးစားပေးမည်။

ကျွန်ုပ်တို့၏ ပညာရေးရည်မှန်းချက်ပန်းတိုင်မှာ အခြေခံပညာကိုလူတိုင်း သင်ယူနိုင်ခွင့် ရှိစေရန်ပင်ဖြစ်သည်။ အထက်တန်းပညာကိုလည်း ဉာဏ်ပညာထက်မြက်ခြင်းရှိ၍ အထက်တန်းကို မီအောင်လိုက်နိုင်မည့် ကြိုးစားမှု ရှိသူများကိုသာ အထူးအားပေး၍ သင်ကြားခွင့်ပြုစေမည်။

(ခ) ကျန်းမာရေးနှင့်ယဉ်ကျေးမှု

စသော အခြားလူမှုရေး ကိစ္စအရပ်ရပ်တို့သည်လည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကြီး အောင်မြင်လာသည်နှင့် အမျှရေမြင့်ကြာတင့် ဆိုသလိုတိုးတက်ထွန်းကားလာရမည်ဟု ယုံကြည်သည်။ တိုးတက်အောင်လည်း ဆောင်ရွက်မည်။

(ဂ) ဘာသာရေး

နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ဘာသာဝင်တိုင်း၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသိအမှတ်ပြုသည်။

စည်းရုံးချီတက်ရေး[ပြင်ဆင်ရန်]

၁၈။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ရာတွင် တိုင်းပြည်၏ လူများစုဖြစ်သော တောင်သူလယ်သမားနှင့် အခြားသောလုပ်သားထုများ၏ စည်းရုံးရေးအင်အားကို အဓိက အားဖြင့် အခြေပြုပေသည်။ ထို့အပြင် အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူအပေါင်း၏ ကောင်းစားရေးများကို မဖောက် မပြန်သစ္စာရှိရှိ လုပ်ဆောင်သွားကြမည့်သူများကိုလည်း အတူလက်တွဲ၍ ခေါ်ဆောင်သွားမည်သာ ဖြစ်သည်။

၁၉။ ထို့အတွက် နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် အသွင်ကူးပြောင်းရေးကာလနှင့် လျော်ညီသော လူထုလူတန်းစား သည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်။ သို့အတွက်သင့်လျော်သော နိုင်ငံရေး စည်းရုံးမှုကိုဖွဲ့စည်းတည်ဆောက်မည်။

၂၀။ နိုင်ငံရေးစည်းရုံးမှုကို ဆောင်ရွက်သည့်အခါ ပြည်သူတို့ကိုယ်တိုင် နိုးကြားစွာပါဝင်နိုင်ရေးအတွက် ဆိုရှယ်လစ်ဒီမိုကရေစီ ပညာရေးကိုပေး၍ ဒီမိုကရေစီလေ့ကျင့်ရေးများကို ဆောင်ရွက်သွားမည်။ (ဆိုရှယ်လစ် စီးပွားရေးစနစ်၏ ဘောင်အတွင်း၌ ဆိုရှယ်လစ်လောက၏ တိုးတက်မှုကို ဖြစ်ပေါ်စေအပ်သော ဒီမိုကရေစီယှဉ်ပြိုင်မှုများ ထွန်းကားလာမည်ဟု နိုင်ငံတော်-တော်လှန်ရေးကောင်စီက ယုံကြည်မျှော်လင့်ပေသည်။)

ဤသည်တို့ကား ပြည်ထောင်စုမြန်မာနိုင်ငံတော်-တော်လှန်ရေးကောင်စီ၏ ယုံကြည်ချက်နှင့် ဝါဒ သဘောထားများကို အကြမ်းဖျင်းတင်ပြခြင်းဖြစ်ပေသည်။

ပြည်သူတို့တာဝန်[ပြင်ဆင်ရန်]

၂၁။ နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ပြည်သူတို့ကို ယုံကြည်၏။ ပြည်သူတို့၏ ဖန်တီးနိုင်သော စွမ်းအားကိုလည်း ယုံကြည်၏။

ထို့အတူပြည်သူတို့ကလည်း နိုင်ငံတော်-တော်လှန်ရေးကောင်စီက ဦးဆောင်သွားအံ့သော အမျိုးသား ခေတ်ပြောင်းတိုးတက်ရေးလုပ်ငန်းစဉ်ကြီးတွင် တာဝန်သိသိဖြင့် ပါဝင်ကြမည်ဟု ယုံကြည်ပေသည်။

သို့ယုံကြည်သည့်အတိုင်း နိုင်ငံတော်-တော်လှန်ရေးကောင်စီသည် ပြည်သူတို့၏လက်တွဲကာ သာယာဝပြောသောဆိုရှယ်လစ်လောကသစ်ကြီးသို့ အရောက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကြေညာ အပ်သည်။

ဆိုရှယ်လစ်လောကသို့ မြန်မာ့လမ်းစဉ်ဖြင့် ချီတက်ကြစို့

၁၉၆၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

နိုင်ငံတော်-တော်လှန်ရေးကောင်စီ