မြန်မာမင်းလက်ထက် စစ်ဘက်ရာထူးများ
ရှေးမြန်မာမင်းတို့လက်ထက်၌ စစ်ဘက်ရာထူးများကို ခန့်ထားစီရင်စေသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
စစ်ဘက်ရာထူးများ
[ပြင်ဆင်ရန်]တပ်ဖွဲ့ပုံကို အမျိုးမျိုးတွေ့ရသည်။ ဆင်ဖြူများရှင်လက်ထက် ဇင်းမယ်သို့ချီရာတွင် -
- လူ ၁၀ လျှင် အကြပ် ၁
- အကြပ် ၁၀ လျှင် တပ်မှူး ၁
- တပ်မှူး ၁၀ လျှင် စစ်ကဲ ၁
- စစ်ကဲ ၁၀ လျှင် တပ်မင်း ၁
ခန့်သည်။ [၁] ထိုသင်းဖွဲ့ပုံအရ တပ် ၁ တပ်တွင် လူ ၁၁၀ ရှိကြောင်း သိရ၏။
အလောင်းမင်းတရားလက်ထက် စုဖွဲ့ပုံမှာ -
- လူ ၁၀ လျှင် အကြပ် ၁
- အကြပ် ၁၀ လျှင် အမတ် ၁
- အမတ် ၁၀ လျှင် တပ်မှူး ၁
- တပ်မှူး ၁၀ လျှင် ဗိုလ် ၁
- ဗိုလ် ၁၀ လျှင် နတ်ရှင် ၁
နတ်ရှင်မှာ အလောင်းမင်းတရားကို ရည်၏။ [၂] အထက်ဖွဲ့စည်းပုံအရ တပ် ၁ တပ်တွင် လူ ၁,၁၁၁ မျှ ဖြစ်နေ၏။
ဘကြီးတော်လက်ထက်တွင် -
- လူ ၁၀ လျှင် အကြပ် ၁
- အကြပ် ၁၀ လျှင် သွေးသောက် ၁
- သွေးသောက် ၁၀ လျှင် တပ်မှူး ၁
သတ်မှတ်ကာ တပ်မှူးများအနက်မှ တဦးကို တပ်ဗိုလ်ခန့်၍ စစ်ကဲ ၂၊ နားခံ ၂၊ တပ်ရေး ၂ တွဲဖက်စေကြောင်း မုံရွေးဆရာတော် ရေးသည်။ [၃] တပ် ၁ တပ်လျှင် အထက်နည်း ၁,၁၁၁ ဖြစ်သည်။ သို့သော် မဟာဗန္ဓုလထုတ်ပြန်သော အမိန့်တော်ဆင့်စာတွင်မူ
- လူ ၅ လျှင် အိုးစား ၁
- အိုးစား ၂ လျှင် အကြပ် ၁
- အကြပ် ၅ လျှင် သွေးသောက် ၁
- သွေးသောက် ၂ လျှင် တပ်မှူး ၁
- တပ်မှူး ၅ လျှင် ဗိုလ် ၁
ဖွဲ့စည်းကြောင်း ပါသည်။ [၄] အင်အားမှာ တပ် ၁ တပ်လျှင် ၁၁၁ သာ ရှိ၏။
ထောင်သင်းမှူးကြီး
[ပြင်ဆင်ရန်]ထောင်သင်းမှူး ၁၀ ယောက်ကို အုပ်ချုပ်ရသူဖြစ်ပြီး လက်အောက်တွင် လူ ၁၁,၃၂၀ ရှိသည်။
ထောင်သင်းမှူး
[ပြင်ဆင်ရန်]ဗိုလ် ၂ ယောက်ကို အုပ်ချုပ်ရသူဖြစ်ပြီး လက်အောက်တွင် လူ ၁,၁၃၂ ရှိသည်။
ဗိုလ်
[ပြင်ဆင်ရန်]တပ်မှူး ၅ ယောက်ကို အုပ်ချုပ်ရသူဖြစ်ပြီး လက်အောက်တွင် လူ ၅၆၅ ရှိသည်။ ၅ ယောက်လျှင် တဗိုလ်ထားသော်လည်း အင်အားနည်းသော ကင်းထားတပ် ကုလားပျိုတပ် စသော တပ်များတွင် တပ်မှူး ၁ ယောက် ၂ ယောက်သာ ရှိသော်လည်း ဗိုလ်ခန့်သည့် ချွင်းချက်ရှိ၏။
၎င်းအပြင် တပ်ရေး (တပ်စာရေး) ၁၊ နားခံ ၁ တွဲခန့်သဖြင့် တပ်တခုတွင် ဗိုလ်အပါအဝင် လူ ၅၆၈ ရှိသည်ဟု တွက်ရ၏။ သို့သော် ငါးရာတပ်သာ ခေါ်သည်။
စစ်ပြင်သော် ဗိုလ်မှာ ရွှေထီးအလယ်လေးသစ်လှပ် ရသည်။ ရွှေထီးပိန်းရသည်လည်း ရှိ၏။ တပ်ဗိုလ်ဟူ၍လည်းကောင်း၊ တပ်မင်းကလေးဟူ၍လည်းကောင်း ခေါ်လေ့ရှိသည်။
တပ်မှူး
[ပြင်ဆင်ရန်]တပ်မှူး သည် သွေးသောက် ၂ ယောက်ကို အုပ်ချုပ်ရသူဖြစ်ပြီး လက်အောက်တွင် လူ ၁၁၂ ရှိသည်။
မင်းသားငယ်များ ဆွေတော်မျိုးတော်များကို မြင်းတပ်တွင် ဤရာထူးဖြင့် စပေးလေ့ ရှိ၏။ မြင်းမှူးမင်းသား ခေါ်သည်။ [၅]
သွေးသောက်ကြီး
[ပြင်ဆင်ရန်]သွောက်ကြီး ဟူ၍ အတိုကောက်ရေးလေ့ရှိသော သွေးသောက်ကြီးသည် အကြပ် ၅ ယောက်ကို အုပ်ချုပ်ရသူဖြစ်ပြီး လက်အောက်တွင် လူ ၅၅ ရှိသည်။ စစ်ပြင်သော် သွောက်ကြီးမှာ ထီးနီ ၁၊ ငွေဓား ၁ ရ၏။ တပ်ချီလျှင် မြင်းစီး၍ လိုက်ရသည်။
အကြပ်
[ပြင်ဆင်ရန်]၂ အိုးစားခေါ် လူ ၁၀ ကို အုပ်ချုပ်ရသူဖြစ်သည်။ စစ်ပြင်သော် အကြပ်ကို ဆော်မောင်းတခု ထုတ်ပေး၏။
အိုးစားကြီး
[ပြင်ဆင်ရန်]ကျန်တပ်သား ၄ ယောက်ကို အုပ်ချုပ်ရသူကို အိုးစားကြီး ခေါ်သည်။
တပ်သား
[ပြင်ဆင်ရန်]တပ်သားသည် သင်းဖွဲ့ရာတွင် အနိမ့်ဆုံးအဆင့် ဖြစ်သည်။ တပ်သား ၅ ယောက်ကို ပေါင်းကာ တအိုးစား ဖွဲ့သည်။
တပ်သားဖြစ်ရန် ကာယဆိုင်ရာ လိုအပ်ချက်မှာ မျက်စေ့ မှုန် မွဲ တိမ် မျက်ခမ်းစပ် မရှိခြင်း၊ ပန်းနာ မရှိခြင်း၊ ဒူလာအားကြီးမှု မရှိခြင်း၊ ကြက် ဝက် မှင်တက်ရောဂါ (ကြက်ရူးပြန် ဝက်ရူးပြန်) မရှိခြင်း၊ ခြေသိမ်လက်သိမ် မဖြစ်ခြင်း၊ ကိုယ်ထက် ဒူးရှည်ပေါင်ရှည် မဖြစ်ခြင်း၊ အိပ်ရာယောင်ယမ်း မဖြစ်ခြင်း၊ အသက် ၂၀-၅၀ ကြား ဖြစ်ခြင်းတို့တည်း။
စစ်ဘက်ရာထူးဝင် အခေါ်အဝေါ်များ
[ပြင်ဆင်ရန်]တပ်မင်း
[ပြင်ဆင်ရန်]စစ်မက်ဖြစ်ပွားသောအခါ ဆင့်ဆိုသောအင်အားနှင့်အတူ ချီလာရသော မြို့စားနယ်စား စော်ဘွားတို့ကို တပ်မင်း ခေါ်သည်။
ဥပမာအားဖြင့် ဆင်ဖြူများရှင်လက်ထက်တွင် ပိဿလောက်မြို့အား လုပ်ကြံမည်ဟူ၍ လင်းဇင်းမင်း ချီလာသည်ကို ကြားလျှင် တပ် ၆ တပ် စီရင်သည်။ ယင်းတပ်တို့မှာ မိုးညှင်းစော်ဘွားတပ်၊ မိုးကောင်းစော်ဘွားတပ်၊ မိုးမိတ်စော်ဘွားတပ်၊ အုန်းဘောင်စော်ဘွားတပ်၊ ညောင်ရွှေစော်ဘွားတပ်၊ မိုးနဲစော်ဘွားတပ်တို့ ဖြစ်ပြီး တပ်တခုစီတွင် ဆင် ၁၀၀၊ မြင်း ၁၀၀၀၊ စစ်သည်သူရဲ ၁၀၀၀၀ ပါသည်။ [၆] ယင်းသို့ စီရင်၍လာသော စော်ဘွားတို့ကို တပ်မင်း ခေါ်ရ၏။
တပ်ပေါင်းစား
[ပြင်ဆင်ရန်]တပ်မင်း၏လက်အောက်ခံတပ်အဖြစ် ပါဝင်သော တပ်ပေါင်းတို့ကို ခေါင်းဆောင်သည့် မြို့စားငယ်စော်ဘွားငယ်တို့ကို တပ်ပေါင်းစား ခေါ်သည်။
ဗိုလ်မှူး
[ပြင်ဆင်ရန်]မြန်မာနယ်တွင် မြို့ဝန်မြို့စားများ ထားကာ အုပ်ချုပ်ပြီး ရှမ်းနယ်တွင် စော်ဘွားတို့ ကြီးမှူးသည်။ သို့သော် စော်ဘွားတို့အထက်တွင် မြန်မာအရာရှိကြီးတဦး ခန့်ထားတတ်သည်။ ယင်းရာထူးကို ဗိုလ်မှူး ခေါ်၏။ [၇]
ရှမ်းနယ် စစ်ကဲများအပေါ်၌လည်း ဗိုလ်မှူး ၁ ဦးခန့်ကာ အုပ်ချုပ်ပြီး မင်းညီမင်းသား ဝန်ကြီးဝန်ထောက်တို့ကို ခန့်လေ့ရှိသည်။
စစ်ကဲ
[ပြင်ဆင်ရန်]ဗိုလ်သော်လည်းကောင်း၊ ဝင်းမှူးသော်လည်းကောင်း၊ ဝန်ထောက်သော်လည်းကောင်း၊ တပ်ရုံးရှိရာမြို့များသို့ သွားရောက်အုပ်ချုပ်ရပါက ထိုအရာရှိကို စစ်ကဲ ခေါ်သည်။
သီပေါမင်းလက်ထက်တွင် ရှမ်းနယ် ၌ တပ်ရုံး ၃၊ ဗမာနယ်တွင် တပ်ရုံး ၁၀ ခွဲခြားအုပ်ချုပ်သဖြင့် စစ်ကဲ ၁၃ ယောက် ရှိသည်။ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လက်ဝဲနော်ရထာ။ "ဇင်းမယ်ချီအရေးတော်ပုံ"။ "... လူဆယ်ယောက်လျှင် တကြပ်၊ ဆယ်ကြပ်ကို တပ်မှူးတယောက်၊ ဆယ်တပ်မှူးကို စစ်ကဲတယောက်၊ စစ်ကဲဆယ်ယောက်ကို တပ်မင်းတယောက်စီ ခန့်၍ ..."
- ↑ လက်ဝဲသုန္ဒရ။ "နန္ဒိသေနပျို့"။ "... ရဲမက်ပေါင်းမြောက် တကျိပ်ယောက်မူ တယောက်တည်းအပ် အကြပ်တသီး တင်တံ့ပြီးမှ အကြီးရွေးယူ အကြပ်လူတွင် အုပ်သူအမတ် တယောက်မှတ်၍ အမတ်ဆယ်ဦး တတပ်မှူးတည့် တပ်မှူးဆယ်ကို ဗိုလ်တဗိုလ်တည့် ဆယ်ဗိုလ်တွင်ချုပ် နတ်ရှင်အုပ်မှ ..."
- ↑ မုံရွေးဆရာတော်။ "ကုသပျို့သစ်"။ "... ဆယ်ယောက်တကြပ် ဆယ်ကြပ်ရှိလျှင် သွေးသောက်တင်မှ အားအင်တောင်လောက် ဆယ်သွေးသောက်ကို တယောက်တပ်မှူး ရာထူးသီးသန့် တပ်ဗိုလ်ခန့်၍ သက်စွန့်ဝံ့ရဲ စစ်ကဲဘယ်ညာ တဲယာနာခံ စီမံစုဝေး တပ်ရေးနှစ်ယောက် ခန့်မြှောက်မလပ် ဗိုလ်တတပ်ရံ တစံတနည်း ဖွဲ့စုစည်း၍ ..."
- ↑ ဦးတင်။ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း"၊ စတုတ္ထတွဲ။ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန။ ၁၉၇၆။ စာ ၂၃၈။ "... တပ်စည်းကြပ်သည့်ကာလ ၅ ယောက်ကို တအိုးစားဖွဲ့ ... ၂ အိုးစားလျှင် အကြပ် ၁။ ... ၅ ကြပ်လျှင် တသွေးသောက် အုပ်ကွပ်ခန့်ထား။ ၂ သွေးသောက်လျှင် တပ်မှူး ၁ အုပ်ကွပ်ခန့်ထား။ ၅ တပ်မှူးလျှင် ဗိုလ် ၁ အုပ်ကွပ်ခန့်ထား ..."
- ↑ ဦးမောင်မောင်တင်။ "ရွှေနန်းသုံးဝေါဟာရအဘိဓာန်"၊ ပဌမတွဲ။ ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်။ ၁၉၇၅၊ ဒီဇင်ဘာ။
- ↑ မှန်နန်းမဟာရာဇဝင်
- ↑ ဦးတင်။ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း"၊ ဒုတိယတွဲ။ ဗဟိုပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၆၅။ အခန်းငယ် ၂၃၂။ "... စော်ဘွားများအထက်က ဗိုလ်မှူးခေါ်သော အရာရှိကြီးများ သီးခြားရပ်တန့် အုပ်ချုပ်ရမြဲ ဖြစ်သည် ..."
- ↑ ဦးတင်။ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း"၊ ဒုတိယတွဲ။ ဗဟိုပုံနှိပ်တိုက်။ ၁၉၆၅။