မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ (စာအုပ်)

ဝီကီပီးဒီးယား မှ

မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ်သည် မောရစ်ကောလစ်၏ Last and First in Burma (1941-1948) အမည်ရှိ စာအုပ်ကို ကျော်အောင်မှ ဘာသာပြန်ဆို ရေးသားထားခြင်းဖြစ်သည်။ ရာပြည့်စာအုပ်တိုက်မှ စာမူခွင့်ပြုချက်အမှတ် ၃၁၀၁၄၀၁၂၀၉ ဖြင့် ထုတ်ဝေသည်။ ၂၀၀၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သည့် စာရေးဆရာ ကျော်အောင်သည် ထင်ရှားသော ပင်ကိုရေးဝတ္ထုများ၊ ဘာသာပြန်ဝတ္ထုများ၊ ခရီးသွားမှတ်တမ်းများ၊ ကျမ်းစာအုပ်များကို ရေးသားခဲ့သူဖြစ်ပြီး အမျိုးသား စာပေဆု၊ အရှေ့တောင်အာရှ စာပေဆုတွေကိုလည်း ရရှိခဲ့သူ ဖြစ်သည်။ ဤစာအုပ်တွင် စာရေးသူ၏ ကိုယ်ရေးအကျဉ်းကိုလည်း ရှေ့ဆုံး၌ ဖော်ပြပေးထားသည်။

စာအုပ်၏ နောက်ဆုံးစာမျက်နှာများမှာ အဓိက ဖြစ်ရပ်ရက်စွဲများ ဟူ၍ ၁၉၄၁ ခုနှစ်မှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာသမ္မတနိုင်ငံ ထူထောင်နိုင်တဲ့နေ့အထိ နေ့အလိုက် ထူးခြားဖြစ်စဉ်များကို ဖော်ပြပေးထားသည်။ မူရင်းဓာတ်ပုံ၊ မြေပုံများနှင့်တကွ ဖော်ပြထားပြီး ဂျပန်တို့၏ အကြံအစည်၊ ဦးစော၊ ဂျပန်စစ်ကြေညာပြီး ကျီးလန့်စာ စားကာလ၊ တော်လှန်ရေး သန္ဓတေည် မွေးဖွားခြင်း၊ ဒေါ်မန်စမစ်နှင့် ချာချီကမ်ဗာလင် မိန့်ခွန်း၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း နိဂုံးစကား စသည့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်ပေါင်း ၃၁ ခု ပါဝင်သည်။ နိဂုံးစကားဆိုသည့် အခန်းမှာဆိုတွင် အောက်ပါအတိုင်း ရေးသားထားသည်။

ဒေါ်မန်စမစ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် နှစ်ပေါင်းများစွာ ကြံစည်ကြိုးစားခဲ့သည်။ မောင့်ဘက်တန်လည်း သူတို့လိုပင် . . .။ မြန်မာတို့ဘက်တွင်မူ အပြိုင် အဆိုင်တွေ များစွာပေါ်ခဲ့သည်။ ဆာပေါ်ထွန်း လိုလူ၊ ဦးစောလို လူများလည်း ရှိသည်။ သို့တိုင်အောင် ကယ်တင်ရှင် ဖြစ်နိုင်ရန် အလားအလာရှိသူများကို မွေးထုတ်ပေးသည့် သမိုင်းဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ရပ်တည်သူမှာအောင်ဆန်းပင် ဖြစ်ပေသတည်း။

စာမျက်နှာ အချို့၏အောက်ခြေတွင် ရှင်းချက်လိုအပ်သော အင်္ဂလိပ်စာ စကားလုံးများ၊ ရှင်းလင်းချက်များကို အောက်ခြေမှတ်စုအဖြစ် ထည့်သွင်းပေးထားသည်။ စာအုပ်၏ နောက်ကျောဖုံးတွင်လည်း စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများကို အကျဉ်းမျှ ပုံနှိပ်ဖော်ပြပေးထားသည်။