မြန်မာပြည်သိန်းတန်

ဝီကီပီးဒီးယား မှ

သိန်းတန် (မြန်မာပြည်) သည် မြန်မာနိုင်ငံသား တေးရေး၊ တေးဆို၊ ဂီတမှူး တစ်ဦးဖြစ်သည်။

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ဦးသိန်းတန်(မြန်မာပြည်) သည် အင်းဝဇာတိဖြစ်၍ ၁၉၄၅ ခုနှစ်၊ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မိဘများမှာ ဦးဘသာ နှင့် ဒေါ်ကြင်နုတို့ဖြစ်သည်။ မွေးချင်း ၁၃ ယောက်ရှိသည့်အနက် ၆ ယောက်မြောက်ဖြစ်ပြီး ကျန် ၂ ယောက်မှာ စစ်ကြီးအတွင်း၌ တိမ်းပါးသွားခဲ့သည်။ မိသားစုမျိုးရိုးထဲတွင် ဂီတလောကကိုဝါသနာပါသူတစ်ဦးတစ်ယောက်မှမရှိသော်လည်း ဦးသိန်းတန် အသက် ၁၃ နှစ်အရွယ်တွင် ကမ္ဘာကျော်ရော့ခ်ဘုရင် အဲလ်ဗစ်ပရက်စလေ(Elvis Presley) ၏ King Creole ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးနောက်ပိုင်းတွင် ဦးသိန်းတန်၏ရင်ထဲ၌ ဂီတပိုးစတင်စီးဝင်ခဲ့သည်။ ထိုရလဒ်အဖြစ် ဖခင်ဖြစ်သူက အိမ်ပေါ်မှနှင်ချခြင်းကို ခံခဲ့ရသည်။ နှင်ချခံရပြီးနောက် သူငယ်ချင်းများ၏အိမ်တွင် တစ်လှည့်စီနေထိုင်ရင်း ငယ်ဘဝကုန်ဆုံးခဲ့ရသည်။

အနုပညာလောက[ပြင်ဆင်ရန်]

အစောဆုံးကာလများတွင် ဗစ်တာခင်ညိုThe Shades တီးဝိုင်းတွင် လိဒ်ဂစ်တာကို စတင်တီးခတ်ခဲ့သည်။ ထိုစဉ်က လျှပ်စစ်ဂစ်တာများ ယခုကဲ့သို့ မပေါများသေးသောကြောင့် ကိုယ်ပိုင်တီထွင်ထုတ်လုပ်သောလျှပ်စစ်ဂစ်တာများဖြင့်သာ တီးခတ်ခဲ့ရသည်။

ထို့နောက်ပိုင်းတွင် ပလေးဘွိုင်းသန်းနိုင်Playboy တေးဂီတအဖွဲ့နှင့်လက်တွဲကာ တေးသီချင်းများစတင်သီဆိုခဲ့ကာ ပထမဦးဆုံးသီဆိုခဲ့သည့်သီချင်းမှာ ဇော်မင်းလေး ရေးသားသီကုံးသည့် "မနောအလှပန်းမောင့်ချစ်သူ" ဖြစ်သည်။

နောက်ပိုင်းတွင် "တောင်ပြာတန်းကမောင့်ချစ်သူ"၊ "စတိတ်ရှိုးနဲ့တိတ်တခိုးအချစ်"၊ "ရွှေဘုံစံမင်းသမီးလေး" ၊ "ရွှေရုပ်ကလေးကောက်ရသူ"၊ "စနေထောင့်မှာပန်းလှူမယ်" ၊ "သူဆိုသူမှချစ်မိခဲ့"၊ "မေတ္တာရေလှိုင်း" စသည့်တေးသီချင်းများကို ဆက်လက်သီဆိုခဲ့ရာ အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။

၁၉၇၉ ခုနှစ်အရောက်တွင် ကိုယ်တိုင်ဦးဆောင်ကာ L.P.J (Love,Peace & Joy) အမည်ရှိ တီးဝိုင်းကိုထူထောင်ဖွဲ့စည်းခဲ့သည်။ ထို L.P.J တီးဝိုင်းဖြင့်လည်း တေးသီချင်းများနှင့်တေးစီးရီးများ သီဆို၊ တီးခတ်၊ ထုတ်လုပ်ခဲ့ရာ အများစုမှာ လူကြိုက်များအောင်မြင်ခဲ့ကြ၏ ။

ဦးသိန်းတန်သည် စတီရီယိုသီချင်းများကိုသာမက မြန်မာဆိုင်းဝိုင်းနှင့် တွဲဖက်တီးခတ်သော စီးရီးများစွာကိုလည်း အောင်မြင်စွာသီဆိုထုတ်လုပ်နိုင်ခဲ့သူဖြစ်သည်။ "စုံတောမြိုင်" စီးရီးခွေသည် ထိုခေတ်ထိုအခါက အိမ်တိုင်းလိုလိုမရှိမဖြစ် ဝယ်ယူအားပေးခြင်းခံခဲ့ရသည့် ကက်ဆက်ခွေဖြစ်သည်။ "စုံတောမြိုင်" စီးရီးနောက်ပိုင်းတွင်လည်း "ရွှေသုန္ဒရီ" ၊ "ကကြိုးမပျောက်ပါစေနဲ့ရွှေသုန္ဒရီ" ၊ "ကချေသည်လေးငိုရယ်ငိုရယ်" ၊ "ရွှေပင်ဆင့်" ၊ "စုံနံ့သာမြိုင်" အစရှိသည့် မြန်မာသံတေးစီးရီးများကို သီဆိုထုတ်လုပ်ခဲ့သည်။ ထို့အပြင် ၂၀ရာစုကိုကျော်ညွန့် ၏ တေးလက်ရာစီးရီးခွေများဖြစ်သည့် "ချိုပလီသဲ" ၊ "ရှက်ပြုံး" ၊ "သမင်မျက်လုံး" ၊ "ဘယ်သူကစတာလဲ" စသည်တို့ကို သီဆိုထုတ်လုပ်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သည်။

ထိုစဉ်အချိန်အခါက စတိတ်ရှိုးပွဲများ ဖျော်ဖြေတင်ဆက်ခဲ့ရာတွင် ပွဲကြည့်ပရိသတ်များက ခုံတန်းရှည်ကြီးများဖြင့်သာထိုင်၍အားပေးခဲ့ရသော်လည်း ဦးသိန်းတန်တို့ခေတ်ရောက်သောအခါ ကုလားထိုင်ကြီးများဖြင့် အဆင်ပြေပြေထိုင်၍အားပေးနိုင်ရန် စီစဉ်နိုင်ခဲ့ကြသည်။ နောက်တစ်ခုမှာ ထိုအချိန်က စင်မြင့်ပေါ်တွင်သီဆိုဖျော်​ဖြေနေကြသော စတီရီယိုတေးသံရှင်များကို လူကြီးသူမများက မျက်စိစပါးမွှေးအလွန်ထူခဲ့ကြသည်။ ဤသို့သောအချက်ကြောင့် ဦးသိန်းတန်က သူသီဆိုရမည့်အလှည့်ရောက်တိုင်း လူကြီးများ အမြင်ကြည်လင်လာစေရန် "မင်္ဂလာပါခင်ဗျာ" ဟု ဦးစွာနှုတ်ခွန်းဆက်လေ့ရှိသည်။ ယခုခေတ်အနုပညာရှင်များ "မင်္ဂလာပါ" ဟု နှုတ်ခွန်းဆက်သည့်အလေ့အထမှာ ဦးသိန်းတန်စတင်တီထွင်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပေ။

ကိုးကား[ပြင်ဆင်ရန်]