မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းနှင့် ကမ္ပည်းကျောက်စာများ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းနှင့် ကမ္ပည်းကျောက်စာများ[ပြင်ဆင်ရန်]

လူတို့သည် နေထိုင် ဝတ်စားမှုအတွက်လည်းကောင်း၊ သွားလာ လုပ်ကိုင်မှု အတွက်လည်းကောင်း ဝတ္ထုပစ္စည်း အမျိုးမျိုးကိုပြုလုပ် သုံးဆောင်နေကြ၏။ တစ်ခေတ်ထက် တစ်ခေတ် စိတ်ကူးဉာဏ် အဆန်းပေါ်ပေါက်တိုင်း၊ လိုအင်ဆန္ဒ ထူးထွေများပြားတိုင်း၊ အသုံးဆောင်ကိရိယာ ပစ္စည်းအမျိုးမျိုးကို အဆန်းတကြယ် တီထွင် လုပ်ကိုင်အသုံးပြုနေကြသည်ကိုလည်း ကျွန်ုပ်တို့ မျက်မြင်ဒိဋ္ဌဖြစ်ချေသည်။ ဤသို့အသစ်အဆန်း ပေါ်ပေါက်လာသော ဝတ္ထုတို့သည် လူတို့၏ နေထိုင်သွားလာမှု၊ လုပ်ကိုင်မှု၊ စည်းစိမ်ခံမှု စသည်တို့အတွက် အထောက်အပံ့ ဖြစ်သည့်အားလျော်စွာ လူတို့၏ ယဉ်ကျေးမှု စံချိန်ကိုလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ညွှန်ပြရာ ရောက်လေသည်။ ထိုကြောင့် ယခုခေတ်၌ လူတို့ကဖန်တီးသော ဝတ္ထုပစ္စည်းများ သည် ယခုလူတို့၏သဘာဝကို ထင်ရှားစေသည့်အလား၊ ရှေးခေတ်က ရှေးဟောင်းပစ္စည်းများသည်လည်း သက်ဆိုင်ရာခေတ်မှ လူများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြလျက်ရှိသည်မှာ ယုံမှားဖွယ်ရာ မရှိချေ။ ဤသို့အားဖြင့် ရာထောင်မကသော နှစ်ပေါင်းများစွာက ရှေးခေတ်လူတို့ အသုံးပြုကြသည့် အရာဝတ္ထုတို့အနက်မှ ကြွင်းကျန်၍ တိမ်မြုပ်နေသော ပစ္စည်းများကို ရှာဖွေဖော်ထုတ်ပြီးလျှင် တစ်ခုစီ လေ့လာသုံးသပ်၍ ရှေးခေတ်လူမျိုးစုတို့၏ ယဉ်ကျေးမှုကို သုတေသန ပြုလုပ်သည့် လုပ်ငန်းတစ်ရပ်ပေါ်လာလေသည်။ ယင်းလုပ်ငန်းရပ်သည် တစ်စတစ်စ ကျယ်ပြန့် တိုးတက်လာပြီး လျှင် သိပ္ပံဆိုင်ရာ ဘာသာရပ်တစ်ရပ်အနေဖြင့် အသိအမှတ်ပြု၍ အင်္ဂလိပ် အခေါ်အားဖြင့် အာကီယောလိုဂျီဟု အမည်တွင် လာလေတော့၏။ ထိုစကားရပ်သည် ပေါရာဏိက ဗေဒ၊ သို့မဟုတ် ရှေးဟောင်းဆိုင်ရာ ယဉ်ကျေးမှု သုတေသနဟု ပါဠိ လို မြန်မာလို အသီးအသီး အဓိပ္ပာယ်ရလေသည်။ မြန်မာ ရှေးဟောင်း ပစ္စည်းများအကြောင်း (ဝါ) မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှုအကြောင်းကို ထုတ်ဖော်ခြင်း မပြုမီ ပေါရာဏိကဗေဒ၊ သို့မဟုတ် ရှေးဟောင်း သုတေသန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တို့ကို အကျဉ်းမျှ ဖော်ပြလိုပေသည်။ ရှေးဟောင်း သုတေသနကို အခြေခံအားဖြင့် သမိုင်းမတင်မီခေတ်နှင့် သမိုင်းခေတ်ဟူ၍ နှစ်ပိုင်း ခွဲခြားထားနိုင်၏။ ကမ္ဘာဦး လူများပေါ်ပေါက်သည်မှစ၍ ကမ္ပည်းအက္ခရာ အရေးအသား တီထွင်အသုံးပြုခြင်း မရှိသေးသော ကာလအပိုင်းအခြားကို သမိုင်းမတင်မှီခေတ်ဟူ၍ လည်းကောင်း၊ စာပေအရေးအသား တီထွင်ပြန့်ပွားကာ အကြောင်းခြင်းထ အမျိုးစုံတို့ကို ရေးမှတ် ကြ၍ ထိုကမ္ပည်းစာပေတို့ကို မှီငြမ်းပြုကာ သမိုင်းပြုစုနိုင်သော ကာလအပိုင်းအခြားကို သမိုင်းခေတ်ဟူ၍ လည်းကောင်း သိမှတ်နားလည်းကြလေသည်။ ရှေးဟောင်း သုတေသနလုပ်ငန်းသည် သမိုင်းမတင်မီခေတ်၏ ယဉ်ကျေးမှုကို အထူးဂရုပြုကာ ရှာဖွေလေ့လာခြင်းဖြစ်သည်။ သို့သော် များစွာသော နိုင်ငံတို့တွင် သမိုင်းခေတ်၏ ယဉ်ကျေးမှုကိုပင် စုံလင်စွာ ထုတ်ဖော်ခြင်း မပြုရသေးသဖြင့် သမိုင်းခေတ် အပိုင်းအခြား အတွက်လည်း ရှေးဟောင်း သုတေသနပြုလုပ် နေကြရလေသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာငါးဆယ်ခန့်က အနောက်နိုင်ငံများတွင် ရှေးသူဟောင်း ဘိုးဖွားများ၏ လက်ရာ ဖြစ်သော ဝတ္ထုပစ္စည်းတို့ကို အမြတ်တနိုးစုဆောင်း သိမ်းဆည်းသော အလေ့အထတစ်ရပ် ပေါ်ပေါက်ခဲ့၏။ စုဆောင်းသူတို့မှာ ဝတ္ထုပစ္စည်းတို့၏ ရှေးကျမှု၊ လှပဆန်းကြယ်မှု တို့ကို အကြောင်းပြု၍ မြတ်နိုးခြင်းသာလျှင် ဖြစ်ကုန်ကြ၍၊ ယင်းပစ္စည်းများ ပေါ်ပေါက်သော ခေတ်တို့တွင် အဘက်ဘက်၌ မည်သို့သော ယဉ်ကျေးမှု အဆင့်အတန်း ရှိသည်ကို ချင့်ချိန်ဝေဖန်ခြင်း မပြုကြချေ။ ထို့နောက်ကာလမှပင် ပညာရှင်များက ရှေးဟောင်းပစ္စည်းတို့ကို တင့်တယ်လှပမှု၊ သို့မဟုတ် နှစ်ပရိစ္ဆေဒကြာမြင့် စွာတည်တံ့ ခိုင်မြဲမှုပေါ်တွင် တန်ဖိုးထားသော မြတ်နိုးမှုကိုသာ ပဓာနမပြုဘဲ ယင်းပစ္စည်းဟောင်းများနှင့် သက်ဆိုင်သော ခေတ်ကာလ အပိုင်းအခြားတို့၏ ယဉ်ကျေးမှု့ အဆင့်အတန်း သာဓကများ အဖြစ် အသုံးပြုလေတော့သည်။ ရှေးဟောင်း သုတေသန ပြုနိုင်သည့် ပစ္စည်းများကို ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများဟူ၍ နှစ်မျိုးခွဲခြားလေ့လာနိုင်သည်။ ထိုမှ တစ်ဆင့်ပွား၍ အဆောက်အအုံ တစ်မျိုးစီ၊ သို့မဟုတ် ဝ။ုပစ္စည်း တစ်မျိုးစီကို ခွဲခြားပြီးလျှင် ကျယ်ပြန့်သော ယဉ်ကျေးမှု သုတေသကို အပိုင်းပိုင်း အစိတ်စိတ် သုံးသပ်လေ့လာ နိုင်လေသည်။ ပုံစံပြရသော် မြေကြီးအောက် တစ်နေရာမှ ရုပ်တုတစ်ခုကို တူးဖော် တွေ့ရှိရသည်ဆိုအံ့။ ထိုရုပ်တု၏ သဘာဝ ဝတ္ထုမှာ ကြေးလော၊ သံလော၊ ရွှေငွေလောဟု စစ်ဆေး ကြည့်ရှုခြင်း၊ မည်သည့် လူမျိုး၊ သို့မဟုတ် မည်သည့် ဝါဒီတို့က ထုလုပ်သည့် ရုပ်တုမျိုးဖြစ်သည်ကို စူးစမ်းခြင်း၊ ယင်းရုပ်တု တွေ့ရှိသောဒေသနှင့် မြေလွှာ အပိုင်းအခြားကိုထောက်၍ မည်သည့်ခေတ်လောက်က တိမ်မြုပ်ခဲ့သည်ကို မှန်းဆခြင်း စသည်တို့ ပြုလုပ်နိုင်ရုံမျှသာမက၊ ရှေးဟောင်း အယူဝါဒ ဘာသာရပ်တစ်ခုကို သီးခြား သုတေသနပြုသူအဖို့လည်း ယင်းရုပ်တုသည် အထောက်အထား ပစ္စည်းတစ်ရပ် ဖြစ်နေချေမည်။ ပန်းပုပညာ တီထွင်တိုးတက်ပုံ လေ့လာသူအဖို့လည်း ယင်းရုပ်တုသည် အထောက်အထား ပစ္စည်းတစ်ရပ်ဖြစ်နေချေမည်။ ဤသို့အားဖြင့် ဘာသာရပ်ပေါင်းများစွာကို ကျေးဇူးပြုပေးသောကြောင့် ရှေးဟောင်းသုတေသနတွင် ဘူမိဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒစသော ပညာရပ်များ အကျုံးဝင်လျက် ရှိတော့၏။ အထူးသဖြင့် မြေအောက်၌ တိမ်မြုပ်နေသော ရှေးဟောင်း ပစ္စည်းတို့ကို စနစ်တကျ တူးဖော်ကာ ဆိုခဲ့ပြီးဖြစ်သော ဘာသာရပ်များနှင့် ည|ိနှိုင်းလေ့လာ ဝေဖန်ရသဖြင့် သိပ္ပံပညာ၏ အကိုင်းအခက်ပညာတစ်ရပ် အနေနှင့် အသိအမှတ် ပြုကြ၏။ ရှေးဟောင်းသုတေသနပြုလုပ်ရာ၌ သမိုင်း၊ ဂန္ထဝင်၊ ဒေသန္တရနှင့် ဘာသာသန္တရ ဗဟုသုတပြည့်ဝမှု ရှိရန်လည်း အထူးလိုအပ်လေသည်။ ထိုကြောင့် ရှေးဟောင်း သုတေသနသည် ရှေးပဝေဏီ အယူအဆ အလေ့အထများနှင့်သာ သက်ဆိုင်သော လုပ်ငန်းမဟုတ်ဘဲ မျက်မှောက်ခေတ် ယဉ်ကျေးမှု အဖြာဖြာနှင့် ဆက်စပ် အကျုံးဝင်လျက်ရှိသော ဘာသာရပ်ဖြစ်သည်။ ရှေးဟောင်း သုတေသနကြောင့်ပင်လျှင် သစ်သီးဝလံကိုသာ ရှာဖွေစားသောက်ကြသော လူရိုင်းများခေတ်၊ ကျောက်လက်နက်ကိရိယာတို့ကို အသုံးပြုကာ အမဲသားငါးရှာဖွေစားသောက်သော လူများခေတ်၊ ကြေးသ။ု ပစ္စည်းများနှင့် သံသတ္တုပစ္စည်းများလုပ်ကိုင်အသုံးပြုသော ခေတ်စသည်ဖြင့် ယဉ်ကျေးမှုပြောင်းလဲတိုးတက်ပုံ အဆင့်ဆင့်ကိုသိရှိရလေသည်။ ထိုမျှမက အီဂျစ်နိုင်ငံ၊ ဂရိနိုင်ငံ၊ ရောမနိုင်ငံနှင့် အာရှတိုက် အနောက်စွန်းဒေသများ၏ သမိုင်းတို့ကို ရှေးခေတ်ဦး တိုင်အောင် ကျယ်ပြန့်စွာ ဖြည့်စွက်မှတ်တမ်းတင်နိုင်လေသည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှတိုက် အရှေ့တောင်စွန်းဒေသများ၏ ရှေးဟောင်းယဉ်ကျေးမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့၏။ ရှေးဟောင်း သုတေသန၏ အကျိုးကျေးဇူးများပုံကို ထင်ရှားစွာ သိလွယ်ရန် သာဓကပြရမည် ဆိုလျှင်၊ အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာန၏ ကြိုးစားဆောင်ရွက်မှုကြောင့် ယခုအခါ ပါကစ္စတန်နိုင်ငံရှိ အိန္ဒုမြစ်ဝှမ်းတွင် မိုဟင်ဂျိုဒါရို၊ ဟာရပ္ပစသော ဒေသတို့၌ သမိုင်းခေတ်ထက် ရှေးကျသည့် ခရစ်မပေါ်မီ နှစ်ပေါင်းသုံးထောင်ခန့်က ထွန်းကားခဲ့သော မြို့တော်ဟောင်း ကြီးများကို ရှာဖွေတူးဖော်ပြသနိုင်၍ ထိုခေတ်၏ ယဉ်ကျေးမှု အဖြာဖြာကို အိန္ဒိယသမိုင်း၊ ကမ္ဘာ့သမိုင်း၌ သွတ်သွင်း မှတ်တမ်းတင်နိုင်လေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေ၍ လုံးဝဖုံးပိတ်ပျောက်ကွယ် သွားလုနီးပါးဖြစ်သော ဗုဒ္ဓဖွားမြင်တော်မူရာ လုမ္ဘနီသာမော အင်ကြင်းတောမှစ၍ ဝိဇ္ဇာသုံးပါးနှင့် တကွ သစ္စာဉာဏ်ပွင့်ကာ ဘုရားအဖြစ်သို့ ရောက်ရာ ဗောဓိပင်နှင့် ရွှေပမ္ဖင်၊ အနိမိသစကာမ စသည့် သတ္တဌာန၊ ဥရုဝေ။ တော၊ ဗုဒ္ဓဝါကပ်မှုများစွာပြုကာ ဗမ္မဒေသနာများစွာပြုရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၊ တရားဦးဟောရာ မိဂဒါဝုန်၊ တာဝတိံသာမှ သက်တော်မူရာ သကာနဂိုရ်၊ ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံစသော အဋ္ဌမဟာ ဌာနတို့ကို ဓမ္မာသောက မင်းတရား၏ ကမ္ပည်းကျောက်စာတိုင်နှင့် တကွ တူးဖော်တွေ့ရှိကာ စောင့်ရှောက် ထားနိုင်ခဲ့လေသည်။ ထိုမှတစ်ပါးလည်း ဂန္ဓာရတက္ကသိုလ်၊ နာလန္ဒတက္ကသိုလ်ဟောင်းကြီးများကို တူးဖော်၍ အထင်အရှားပြသနိုင်ခဲ့လေသည်။ ရှေးဟောင်းယဉ်ကျေးမှုကို စူးစမ်းထုတ်ဖော်ရာ၌ ရှေးဟောင်း ကမ္ပည်းစာ အရေးအသားများသည်လည်း လွန်စွာ အထောက်အပံ့ဖြစ်ချေသည်။ ရှေးဟောင်းပစ္စည်းတစ်ခုတွင် ထွင်းထုရေးသားထားသော ကမ္ပည်းစာကြောင်းများ ပါရှိလျှင် ထိုပစ္စည်းကိုသာမက ထိုပစ္စည်းနှင့် အသွင်အပြင် အမျိုးအစား ထပ်တူဖြစ်သော ပစ္စည်းများ၏ ခေတ်ကိုလည်း ပိုင်းခြား သိနိုင်လေသည်။ ကမ္ပည်းကျောက်စာချပ်ကြီးများ တွေ့ရှိရည့် အခါ၌ကား သမိုင်းအတွက် များစွာ အကျိုးပွားလေသည်။ ယင်းကျောက်စာများသည် သမိုင်းမှတ်တမ်း မော်ကွန်းများလည်း ဖြစ်၏။ ဘာသာစာပေ သမိုင်းစဉ်များလည်းဖြစ်၏။ ထိုကြောင့် ရှေးဟောင်းကမ္ပည်းစာပေကို လေ့လာစူးစမ်းခြင်းသည်ပင် ရှေးဟောင်း ယဉ်ကျေးမှု သုတေသန၏လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ချေသည်။ ဤအချက်ကို လေးလေးနက်နက် ထင်ရှားစွာ သိရှိနိုင်ရန် အီဂျစ်နိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှု လေ့လာပုံကို ထောက်ရှုရာသည်။ အီဂျစ်နိုင်ငံတွင် ရှေးနှစ်ပေါင်း ငါးထောင်ခန့်ကစ၍ ပြည်သူပြည်သားတို့၏ နေထိုင်မှု၊ စနစ်၊ မင်းစိုးရာဇာတို့၏ အုပ်ချုပ်မှုစနစ်မှ စ၍အနုပညာနှင့် ယဉ်ကျေးမှု အဖြာဖြာကို သရုပ်ဖော်ပြသော ဆေးရေး ပန်ချီးများ၊ သုခုမ ပညာလက်ရာမြောက်သော ရုပ်လုံးရုပ်ကြွ ပန်းပုများ စသည်တို့သည် ရှေးခေတ် မင်းမိဖုရားတို့၏ သင်္ချုင်း ဂူကျောင်းတို့တွင် ပြည့်နှစ်စွာ တည်ရှိ၏။ သို့သော် ယင်းပန်ချီ ပန်းပုတို့နှင့် ဆက်စပ်၍ ကမ္ပည်းရေးထိုးထားသော စာတမ်းတို့ကို မဖတ်နိုင်၊ အဓိပ္ပာယ် မဖော်နိုင်ကြသဖြင့် သရုပ်ဖော်ပြထားသမျှသော အကြောင်းခြင်းရာတို့ကို ကုန်စင်အောင် မသိနိုင်ဘဲ ရှိခဲ့လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝ ခန့်လောက်ကျမှပင် အီဂျစ်လူမျိုးတို့၏ ရေးထုံးဖြစ်သော ရှေးဟောင်း အက္ခရာတို့ကို ဝေခွဲဖတ်ရှုနိုင်၊ အဓိပ္ပာယ် ဆက်စပ်နိုင်သဖြင့် နှစ်ပေါင်းငါးထောင့်ခန့်က အီဂျစ်လူမျိုးတို့၏ ယဉ်ကျေးမှု မှတ်တမ်းများကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်နိုင် ကြလေသည်။ ထိုသို့ရှေးခေတ် အရေးအသားများကို လေ့လာဆုံးဖြတ်နိုင်ခြင်းမှာ ရိုမ္ဘက်တာမည်တွင်သော ကမ္ပည်းကျောက်စာချပ်ကို ရှေးဦးစွာ ဖတ်ရှုဖော်ထုတ်နိုင်သော ကြောင့် ဖြစ်၏။ ယင်းကျောက်ချပ်တွင် ဂရိဘာသာ၊ အီဂျစ်ဘာသာ ရိုးရိုးနှင့် အီဂျစ် စာဝှက်အက္ခရာအရေးအသားဖြင့် အကြောင်းအရာ တစ်ရပ်တည်းကို စာပေသုံးမျိုး ခွဲခြားရေးသား ထွင်းထုပါရှိလေရာ ဂရိဘာသာနှင့် နှိုင်းရှည့်ကြံဆ၍ အီဂျစ်ဘာသာ နှစ်မျိုးကို ဖတ်ရှုကာ အဓိပ္ပာယ် ဖော်ထုတ်နိုင်လေတော့သည်။ ( ရိုမ္ဘက်တာ ကျောက်စာ န္ထန္ထန္ထ ။)

မြန်မာနိုင်ငံတွင်ကား သမိုင်းမတင်မီ ကာလအတွက် ရှေးဟောင်း ယဉ်ကျေးမှု အခြေအနေကို စနစ်တကျ ထုတ်ဖော်ရန် မဆောင်ရွက်ရသေးချေ။ သမိုင်းခေတ်ကိုပင် ကွင်းဆက်မလပ်ရအောင် ယဉ်ကျေးမှုသာဓကများကို ရှာဖွေစိစစ်၍ မှတ်တမ်းတင်ရန် လိုအပ်လျက် ရှိနေ၏။ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနေရာများတွင် ရှေးလူစုတို့၏ အသုံးအဆောင် ဝတ္ထုပစ္စည်းများထက် သာသနာနှင့် စပ်လျဉ်းသော အဆောက်အအုံများနှင့် အနုပညာ လက်ရာများဖြစ်သော ရုပ်တု၊ ရုပ်ကြွစသည့် ရှေးဟောင်း ပစ္စည်းများကိုသာ ပိုမိုတွေ့ရှိရလေသည်။ မင်းမှူးမတ်စသော သာသနာ့ ဒါယကာတို့သည် မိမိတို့၏ ကောင်းမှုကုသိုလ်ကို မော်ကွန်းတင်ကြသည်သာ များသဖြင့် မြောက်မြားစွာသော ကမ္ပည်းကျောက်စာတို့သည် နေရာအနှံ့အပြားတွင် ယခုတိုင် တည်တံ့ ကျန်ရစ်နေသေး၏။ ထိုကြောင့် မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု သုတေသနလုပ်ငန်းကို ဆောင်ရွက်ရာ၌ ကမ္ပည်းကျောက်စာတို့ကို အများဆုံးရှာဖွေ စုဆောင်းလေ့လာရသဖြင့် ယခုအခါ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနဟုခေါ်သာ ဌာနသည် ယခင်က ကမ္ပည်းကျောက်စာဌနဟူ၍ အမည်တွင်ခဲ့သည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန၏ လုပ်ငန်းစဉ်များမှာ (၁) သမိုင်းနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ ရှေးဟောင်းသုခုမ ပညာနှင့် စပ်လျဉ်း၍သော်လည်း ကောင်း၊ အထူးစိတ်ဝင်စားဖွယ်ရာ ဖြစ်သည့် ရှေးဟောင်း အဆောက်အအုံ တို့ကို အဓွန့်ရှည်စွာ တည်တံ့စေရန် ထိန်းသိမ်းပြင်ဆင်ရခြင်း၊ (၂) ရှေးဟောင်း မြန်မာယဉ်ကျေးမှု သာဓကဖြစ်သော ပစ္စည်းများနှင့် မြန်မာမှုများကို စူးစမ်းရှာ ဖွေခြင်း၊ (၃) မြန်မာနိုင်ငံအရပ်ရပ်ရှိ ကမ္ပည်းကျောက်စာများကို ရှာဖွေစုဆောင်း၍ သုတေသနပြုခြင်း၊ ထုတ်ဖော်ဖြန့်ချိရခြင်း တို့ဖြစ်လေသည်။ ရှေးဟောင်းသုတေသနဌာနမှ ရှာဖွေစုဆောင်း ထားရှိ သော ကမ္ပည်းကျောက်စာများ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းများ၊ အဆောက်အအုံများနှင့် စပ်လျဉ်း၍ လေ့လာမှတ်သားချက် ဗဟုသုတအဖြာဖြာကို ပြည့်စုံစွာ ဖော်ထုတ်ခြင်း မပြုနိုင်သေးမီ ယင်းတို့ကို တည်တံ့ခိုင်မြဲလျက် ရှိစေရန် လိုအပ်သဖြင့် စောင့်ရှောက် ထိန်းသိမ်းပြင်ဆင်မှုတို့ကို ပြုရလေသည်။ မြန်မာနိုင်ငံ၌ကား ရှေးဟောင်း အဆောက်အအုံများစွာတို့မှာ သာသနာ့ အဆောက်အအုံများ ဖြစ်လေရာ ပြည်သူ့ ဘဏ္ဍာတော်မှ အကုန်အကျခံ၍ စောင့်ရှောက်ပြုပြင်ရန် သင့် တော်သော အဆောက်အအုံများကို စိစစ်ရွေးချယ်ထားရ လေသည်။ ထိုသို့ ရွေးချယ်ထိန်းသိမ်းရာ၌ ၁၉ဝ၄ ခုနှစ်၌ ထုတ်ပြန်သော ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး အက်ဥပဒေနှင့် ၁၉၅၇ ခုနှစ်တွင် ပြင်ဆင်ထုတ်ပြန်သော ရှေးဟောင်း ဝတ္ထုပစ္စည်းများ အက်ဥပဒေတို့ကို လိုက်နာ၍ ဂေါပကအဖွဲ့များဖြင့် စောင့်ရှောက်ခြင်းမှ ကင်းလွတ်လျက် ရှိသည်ကိုလည်းကောင်း၊ သမိုင်းနှင့် သက်ဆိုင်သော အဆောက် အအုံ၊ သို့မဟုတ် မြန်မာဗိသုကာနှင့် အနုပညာ စံပြပြုထိုက် သော အဆောက်အအုံဖြစ်ခြင်းကို လည်းကောင်း ချင့်ချိန် နှိုင်းဆကာ ရွေးချယ်ရ ချေသည်။ နိုင်ငံတော်အစိုးရ ထိန်းသိမ်းစောင့်ရှောက်ထားသော စာရင်းဝင် အဆောက်အအုံ များမှာ ယခုအခါ (၁၄၁)ဆူ ရှိလေသည်။ ထို(၁၄၁) ဆူတို့အနက်မှ အနည်းငယ်ကို ဖော်ပြရသော် ပြည်မြို့အနီး သရေခေတ္တရာမြို့တော်ဟောင်း နေရာတွင် ဗောဗောကြီးဘုရား၊ ဘဲဘဲဘုရားနှင့် လေးမျက်နှာဘုရားတို့ကို ရှေးဦး နှစ်ပေါင်းတစ်ထောင့်ငါးရာခန့်က မြန်မာတိုင်းရင်းသား တို့၏ အဆက်အနွယ်ဖြစ်သော ပျူလူမျိုးတို့၏ လက်ရာ သာဓကဖြစ်သောကြောင့် လည်းကောင်း၊ သရေခေတ္တရာပြည်၌ သာသနာတော် မည်မျှထွန်းကားခဲ့ကြောင်း ထင်ရှားသက်သေဖြစ်သည့် အချက်ကြောင့်လည်းကောင်း ထိန်းသိမ်းထားရ လေသည်။ ပုဂံမြို့နယ် တစ်ဝိုက်တွင်မူ မရေမတွက်နိုင်လောက်အောင် များပြားသော ရှေးဟောင်း အဆောက်အအုံများ အနက်မှ ပျဉ်ပြားမင်းလက်ထက်မှ မြို့ရိုးပျက်နှင့် သရဗာတံခါး၊ အနော်ရထာမင်း၏ ကောင်းမှုတော် လောကနန္ဒာစေတီ၊ ပိဋကတ် တိုက်တော်၊ ဇာတ်နိပါတ်တော်များ သရုပ်ဖော်ထားသည့် ရုပ်ကြွအင်္ဂတေချပ်၊ စဉ့်ချပ်တို့ဖြင့် မွမ်းမံခြယ်လှယ်ထားသော ဘက်လိပ်ဘုရား နှစ်ဆူနှင့် နရသီဟပတေ့၏ ကုသိုလ်ဖြစ်သော မင်္ဂလာစေတီတော်၊ ကျန်စစ်မင်းကောင်းမှုဖြစ်၍ ပုဂံခေတ် ဆေးရေးပန်းချီများဖြင့် အတွင်းနံရံတို့တွင် တင့်တယ်စွာ ခင်းကျင်းထားအပ်သော နဂါးရုံနှင့် အဘယ်ရတနာဘုရား၊ င်္မိမဒေသနှင့် လင်္ကာဒီပတို့မှ စံနမူနာယူ၍ တည်ထားသော ပုဂံမင်း အဆက်ဆက်ကောင်းမှုဖြစ်သည့် မဟာဗောဓိဘုရား၊ ဆပဒဘုရားနှင့် သညု၊ ဂေါ်တော့ပမ္ဖင်(ဂေါဓပမ္ဖင်)၊ ထီးလိုမင်းလို စသောဘုရား ပုထိုးပေါင်းမှာ (၈၁) ဆူဖြစ်လေသည်။ ရခိုင်ပြည်၌မူ စစ်တွေခရိုင် မြို့ဟောင်းမြို့တွင် မြောက်ဦးမင်းဆက် အပါအဝင် ဘုရင်များ ကောင်းမှုဖြစ်သည့် ရှစ်သောင်း၊ အံတော်၊ ဒုက္ကံသိမ်နှင့် ရတနာပုံ ဘုရားများကိုလည်းကောင်း၊ မင်းကွန်းတွင် မြသိန်းတန်ဘုရား၊ ပုံတော်ဘုရားနှင့် ခေါင်းလောင်းကြီးကိုလည်းကောင်း အစိုးရထိန်းသိမ်းသော ရှေးဟောင်းအဆောက်အအုံ စာရင်းတွင် ထည့်သွင်း ထားရှိ လေသည်။ ကျန်အဆောက်အအုံတို့မှာ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကျောက်ဆည်၊ သထုံစသော မြို့နယ်များ၌ တည်ရှိလေသည်။ ကျောက်စာရုံများနှင့် ကျောက်စာတိုင်များကိုလည်း စောင့်ရှောက် ထိန်းသိမ်းထားရ၏။ ရှေးဟောင်း အဆောက်အအုံတို့ကို ပြုပြင်သည်ဆိုရာ၌ နဂိုသဘောကို ပျက်စီးဖုံးလွှမ်းခြင်းဖြစ်စေသော အသစ်မွမ်းမံ ပြုပြင်မှုကို လုံးဝရှောင်ကြဉ်၍၊ မူလအခြေအနေ မပျက်စီးရန် ဟန့်တားစေသော ပြုပြင်မှုကိုသာလျှင် ဆောင်ရွက်ရန်နှင့် ပကတိ အခြေအနေအတိုင်း အဓွန့်ရှည်စွာ တည်တံ့ရန်သာ ရည်ရွယ်ချက်ရှိသဖြင့် အစိုးရထိန်းသိမ်းထားသော အဆောက်အအုံ တို့မှာ ရွှေရောင်တဝင်းဝင်းဖြင့် တည်ရှိမည်ဟု မယုံမှားအပ်ချေ။ စာရင်းဝင် ရှေးဟောင်းအဆောက်အအုံနှင့် စာရင်းအပ အဆောက်အအုံများကို ရှေးဟောင်းသုသေတနက တတ်အားသမျှ လေ့လာ မှတ်တမ်းတင်ပြီးလျှင် နှစ်ချုပ် အစီရင်ခံစာများ၌ လည်းကောင်း၊ သီးခြား စာစောင်များ၌လည်းကောင်း ထုတ်ဖော်ဖြန့်ချိထားလေသည်။ ရှေးဟောင်း ပစ္စည်းများကို များသောအားဖြင့် ရှေးမြန်မာမင်းတို့၏ ထီးနန်းစိုက်ရာဒေသ မြို့တော်ဟောင်းများ တစ်ဝိုက်ရှိ ကျေးရွာတို့မှ ရွာသူရွာသားတို့သည် တောလည်ထွက်ယင်း၊ ချုံနွယ်ပိတ်ပေါင်း အကြိုအကြားမှလည်း ကောင်း၊ လယ်ယာထွန်ယင်း ရေကန်ရေတွင်းတူးရင် မြေကြီးမှ ပေါ်ပေါက်လာ၍ လည်းကောင်း တွေ့ရှိတတ်ကြလေသည်။ ရှေးဟောင်း ရာဇဝင်နှင့် စပ်ဆိုင်သော ဒေသတို့၌ စနစ်တကျ တူးဖော်၍ စူးစမ်းရှာဖွေခြင်းသည် ရှေးဟောင်းသုတေသနဌာန၏ လုပ်ငန်းတစ်ရပ် ဖြစ်လေသည်။ ဤကိစ္စ၌ ပေါ်ပေါက်တွေ့ရှိသော ဝ။ုပစ္စည်းနှင့်အမျှ စနစ်တကျ တူးဖော်မှတ်တမ်းတင်ခြင်း သည်ပင်လျှင် သုတေသနပြုရာ၌ များစွာအထောက်အပံ့ ဖြစ်သောကြောင့် စနစ်တကျတူးဖော်ရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၌မူ ထိုကဲ့သို့ တူးဖော်သောနေရာများမှာ နန်းတော်ဟောင်းတည်ရာ၊ သင်္ချိုင်းဟောင်း တည်ရာ၊ ရှေးဟောင်း ကျောင်းကန်ဘုရား တည်ရာဖြစ်သည့် ထိုစေတီပုထိုးများ ပြိုပျက်ပျောက်ကွယ်သွားသော ကုန်းပြားပြား နေရာများသာဖြစ်၍ မတူးဆွမီ အခါကပင်လျှင် သာသနာအဆောက်အအုံ နေရာဟောင်းအဖြစ် အသိအမှတ် မပြုတော့သည့် ကုန်းမြေတို့သာ ဖြစ်ချေသည်။ အချို့မြို့ရွာများတွင် စေတီပုထိုးဟောင်းများကို ရပ်ရွာကုသိုလ်ပါဝင်၍ ပြင်ဆင်ကြသည့်အခါ၌ တွေ့ရှိကြသော ဌာပနာ ပစ္စည်းများ၊ တစ်ခါတစ်ရံ ပေါ်တော်မူ အဖြစ်တွေ့ရှိ သော ဆင်းတု၊ ရုပ်တု၊ အုတ်ခွက်၊ စဉ့်ကွင်း စသည်တို့ကိုမူကား သက်ဆိုင်ရာ ဂေါပကလူကြီးများ၏ ခွင့်ပြုချက်ဖြင့် ကမ္ပည်း ကျောက်စာ ဌာနက စစ်ဆေးကြည့်ရှု၍ မှတ်တမ်းတင်ပြီးလျှင်၊ ယင်းတို့၏ ဆန္ဒအတိုင်း တည်ဆောက်လျက်ရှိသော ဘုရားပုထိုး တို့တွင် ဌာပနာစေလေသည်။ မြန်မာ့ ရှေးဟောင်းပစ္စည်းများ ရှာဖွေစုဆောင်းရန် အတွက် ရှေးဟောင်း မြို့တော်နေရာများဖြစ်သော တကောင်း၊ မှော်ဇာ (သရေခေတ္တရာ)၊ ပုဂံ၊ သထုံ၊ ပဲခူး စသည်တို့၌ ရှေးဟောင်းသုတေသနဌာနက တူးဖော် စူးစမ်ခြင်း ပြုလုပ်ရန် ရည်ရွယ်ချက် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှော်ဇာ (သရေခေတ္တရာ)၊ ပုဂံမြို့နယ်နှင့် ဗိဿနိုးမြို့တစ်ဝိုက် တွင်သာလျှင် အတော်အသင့် တူးဖော်ရှာဖွေနိုင်ခဲ့လေသည်။ ( ဗိဿနိုးမြို့ဟောင်း န္ထန္ထန္ထ ။)

သရေခေတ္တရာမြို့ဟောင်းနေရာမှ တူးဖော်တွေ့ရှိရသော ရှေးဟောင်း ပစ္စည်းများသည် လွန်ခဲ့သော နှစ်ပေါင်း တထောင်မှ တစ်ထောင့်ငါးရာအတွင်း၌ ပေါ်ပေါက် ထင်ရှားခဲ့သော ပျူလူမျိုးတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို လည်းကောင်း၊ ထိုခေတ် သရေခေတ္တရာတွင် သာသနာတော် မည်မျှထွန်းကားခဲ့ပုံကို လည်းကောင်း ရည်ညွှန်းပြသသော သာဓကပစ္စည်းများ ဖြစ်လေသည်။ ကျောက်မြက်ရတနာ အမျိုးမျိုးဖြင့် သီကုံးထားသော လည်ဆွဲပုတီးများ၊ ငွေလက်စွပ်များ၊ ရွှေလက်စွပ်များ၊ ရွေခွက်ငယ်များ၊ ငွေကြာ ပန်းများနှင့် ငွေဒင်္ဂါများ ပေါ်ပေါက်တွေ့ရှိရသည်ကို ထောက်ခြင်းဖြင့် ထိုခေတ်က ပျူလူမျိုးတို့၏ ဝတ်စားဆင်ယင်မှု အဆင့်အတန်းကို သိရှိနိုင်၏။ ပျူသင်္ချုင်းများမှ အရိုးအိုးများတွင် နတ်ရွာစံ သက္ကရာဇ်နှင့်တကွ ဘွဲ့အမည်များကို ကမ္ပည်းရေးထိုးထားခဲ့သဖြင့် ဝိကြမမင်းဆက် အုပ်စိုးသွား ကြောင်းကိုလည်း သိရ၏။ ကျောက်ဆင်းတု၊ ကြေးဆင်းတုမှစ၍ အမျိုးမျိုးသော ဗုဒ္ဓဝင်ရုပ်ကြွ အုတ်ခွက်များကို တွေ့ရှိရသဖြင့်လည်း ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားခဲ့ ကြောင်း ထင်ရှား သိသာလေသည်။ ထိုမျှမကသေးဘဲ ရွှေပြားများပေါ်၌ ဖောင်းကြွအောင် ထုလုပ်စီကုံးထားသော ရွှေပေစာများကိုလည်း သရေခေတ္တရာ မြို့ဟောင်းမှ တွေ့ရှိရလေသည်။ ယင်းရွှေပေစာ၏ ကမ္ပည်းအက္ခရာများသည် အိန္ဒိယတောင်ပိုင်းတွင် ခရစ်နှစ် ၆ဝဝ မှ ၇ဝဝ ကျော်ခန့်က အသုံးပြုသော ကဒံဗအက္ခရာများ ဖြစ်ကြ၏။ အရေးအသားတို့သည်ကား ပါဠိပိဋကတ်တော်များမှ ကောက်နုတ် ချက်များဖြစ်လေသည်။ အရိုးအိုး စာများနှင့် အချို့သော အုတ်ခွက်စာများမှာကား ပျူဘာသာကို အဆိုပါ အက္ခရာ အရေး အသားမျိုးဖြင့် ကမ္ပည်းရေးထိုးခြင်း ဖြစ်လေသည်။ ထိုခေတ်က ပျူလူမျိုးတို့လည်း ပေထက်အက္ခရာ၊ ကျောက်ထက် အက္ခရာ တို့ဖြင့် ရေးသား မှတ်တမ်းတင်ခြင်း ဓလေ့၌ ရင့်ကျက်လျက် ရှိနေသည်ကို ချင့်ချိန်ယူဆနိုင်လေသည်။ ပုဂံမြို့နယ် တစ်ဝိုက်မှ တူဖော်ရရှိသော ရှေးဟောင်းပစ္စည်းများမှာကား များသောအားဖြင့် သာသနာနှင့်သက်ဆိုင်သော ဆင်းတုရုပ်ပွားတော်များ၊ စေတီငယ်များ၊ ဗုဒ္ဓဝင်အုတ်ခွက်၊ စဉ့်ကွင်း၊ ကျောက်ချပ်များသာ ဖြစ်လေသည်။ ကျောက်ချပ်၊ စဉ့်ကွင်းများမှ ရုပ်ကြွတို့သည် ရှေးခေတ် သုခုမ အနုပညာလက်ရာကို ဖော်ပြသည်သာမက၊ ဆင်ယင် ထုံးဖွဲ့မှုကိုလည်း ပေါ်လွင်စေလေသည်။ ဇာတ်တော်အမည်နှင့် အကြောင်းအရာများကို မွန်ဘာသာဖြင့် လည်းကောင်း၊ မြန်မာဘာသာဖြင့် လည်းကောင်း ရေးထိုး ထား ကြခြင်းကြောင့် သက်ဆိုင်ရာခေတ်၏ ကမ္ပည်းအက္ခရာ ရေးထုံးကိုလည်း လေ့လာနိုင်လေသည်။ အုတ်ခွက် ဘုရားများကိုလည်း သဏ္ဌာန်အမျိုးမျိုး၊ကမ္ပည်းစာသား အမျိုးမျိုးနှင့်တကွ တွေ့ရှိရ၏။ အနော်ရထာမင်း၏ ကောင်းမှု ဖြစ်သော အုတ်ခွက်များတွင် ……ဧသော ဘဂဝါ မဟာရဇ သိရီ အနိရုဒ္ဓဒေဝေန ကတော ဝိမုတ္တ။ံ သဟတ္တ။ံ သဟေ။ နေဝါတိÚÚ ဟူသော စာကြောင်းပါရှိလေသည်။ အခြားသော ဒေသများ၌ ရှာဖွေ တွေ့ရှိရသော ရှေးဟောင်း ပစ္စည်းများသည်ကား အထက်၌ ဖော်ပြပြီးသော သာသနာဆိုင်ရာ ပစ္စည်းမျိုးအပြင်၊ ကြေးကရား၊ မြေကရား၊ အိုးခြမ်းပဲ့များ၊ ကြေးမုံ၊၏ ဆေးတံများ၊ ဒင်္ဂါးများ စသည်တို့ ဖြစ်လေသည်။ ရှေးဟောင်းသုတေသနဌာနမှ တွေ့ရှိစုဆောင်းခဲ့သော ရှေးဟောင်းပစ္စည်းများအနက် ပျက်လွယ်ပျောက်လွယ်သော ဝတ္ထုပစ္စည်းများမှလွဲ၍ အခြားသော ရှေးဟောင်းပစ္စည်းတို့ကို ရွေးချယ်ကာ တွေ့ရှိသောဒေသများအနီးတွင်ပင် ပြတိုက်ငယ် များ၌ ခင်းကျင်းပြသထား၏။ ယင်းပြတိုက်များသည် မှော်ဇာ၊ ပုဂံ၊ စစ်တွေခရိုင် မြို့ဟောင်းမြို့တို့၌ ကာလကြာမြင့်စွာကပင် တည်ရှိခဲ့၍ မန္တလေးမြို့၌လည်း ဒုတိယ ကမ္ဘာစစ်မဖြစ်မီက နန်းတော် တောင်စမုတ်အနီး ကန်ငယ်အုတ်တိုက်တွင် ဖွင့်လှစ် ပြသထားလေသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ချိန်မှစ၍ များစွာသော ရှေးဟောင်းပစ္စည်းတို့ကို လုံခြုံသော နေရာများ၌ လျှို့ဝှက်စွာ သိမ်းဆည်းထားကာ ပြတိုက်ငယ်များကိုလည်း ပြန်လည်မဖွင့်လှစ်ဘဲ ထားခဲ့လေသည်။ မကြာမီကမှ အချို့သော သရေခေတ္တရာခေတ်နှင့် သက်ဆိုင်သည့် ရုပ်ပွားတော်များ၊ ရွှေပေလွှာများ၊ ရွှေဒင်္ဂါးများ စသည်တို့ကို အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ရန် ရန်ကုန်မြို့သီရိမင်္ဂလာကုန်း ကမ္ဘာအေးစေတီ၌ ကိန်းဝပ်စံပယ်နိုင်ရန် ရှေးဟောင်းသုတေသနဌာနက ခေတ္တလွှဲအပ်ထားသည်။ ရန်ကုန်မြို့ နိုင်ငံတော်ပြတိုက်ကြီး တည်ထောင်ဖွင့်လှစ်နိုင်သည့် အခါတွင် တစ်စု တစ်ပေါင်းတည်း ခင်းကျင်းပြသနိုင်ရန် ရည်ရွယ်ထားလေသည်။ မြန်မာနိုင်ငံ၌ တွေ့ရှိသော ရှေးဟောင်း ကျောက်စာများသည် မော်ကွန်းစာတမ်းများ ဖြစ်သည့်အလျောက် သမိုင်း အထောက်အထားအတွက် များစွာ အဖိုးထိုက်လှပေသည်။ ထိုမျှသာမက ဤကျောက်စာများကို ဖတ်ရှု၍ တိုင်းရင်းသားတို့၏ စာပေပေါက်ပွားထွန်းကားလာပုံ၊ တိုင်းရင်းသားဘာသာရပ်များ၏ စကားအသုံးအနှုန်း ဝေါဟာရ ကျယ်ပြန့်တိုးတက်လာပုံ တို့ကို ကောင်းစွာလေ့လာနိုင်လေသည်။ ရှေးအခါက အလှူတစ်ဖြာ ကျောက်စာအချပ်ဟု ဆိုရလောက်အောင် ကောင်းမှုကုသိုလ် ပြုသမျှကို မော်ကွန်းတင်လေ့ရှိရာ ထိုကျောက်စာတို့ကို ဖတ်ရှုလေ့လာခြင်းဖြင့် နိုင်ငံတော်တွင် သာသနာမည်သို့ ထွန်းကား နေသည်ကို ကောင်းစွာသိရ၏။ မင်းမိဖုရား မှူးမတ်နှင့် ဆင်းရဲသားများပါ ဘုရားတည် ကျောင်းဆောက်၍ လယ်ယာကျွန်းသီး လှူဒါန်းပုံနှင့် ဝတ္ထုပစ္စည်း အသုံးအနှုန်းမှစ၍ လုပ်ငန်းဆောင်တာ အဝဝတို့ကို ထည့်သွင်း ဖော်ပြလေ့ရှိသဖြင့် ရှေးခေတ် လူနေမှုအဆင့်အတန်းကို ထင်ရှား သိသာစေလေသည်။ ဤသို့အားဖြင့် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်မှစ၍ ပြည်ထောင်စုသားတို့၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အနုပညာ တတ်ကျွမ်းမှု စသည်တို့ကိုပါ သမိုင်းပြုစုရန်အတွက် အချက်အလက်များ ထုတ်ယူနိုင်သဖြင့် ရှေးဟောင်းကျောက်စားများသည် သမိုင်းမှတ်တမ်းကြီးများ မုချစင်စစ် ဖြစ်ချေသည်။ ရှေးဟောင်းသုတေသနဌာနက ရှာဖွေမှတ်သားကာ စာရင်းတင်ပြီးသော ရှေးဟောင်း ကျောက်စာအချပ်ရေ တစ်ထောင့် ငါးရာကျော်အနက်တွင် မြန်မာဘာသာ မြန်မာအက္ခရာဖင့် ရေးထိုးထားသော ကျောက်စားများမှာ အရေအတွက် အများ အပြားဆုံး ဖြစ်လေသည်။ ရှေး အကျဆုံး ကမ္ပည်းစာသားများမှာ ပျူစာပင်ဖြစ်၏။ သို့သော် ပျူစာပါရှိသော ကျောက်ပြား ကျောက်ချပ် အရာဝ။ုတို့ကို များစွာ မတွေ့ရှိရချေ။ တွေ့ရသမျှ အနက်တွင်လည်း (မြစေတီ ကျောက်စာ ပျူမျက်နှာမှလွဲ၍) အကြောင်းအရာ မပြည့်စုံသော စာတမ်း အတိုအထွာများနှင့် မှေးမှိန် ပျက်စီးနေသော ကျောက်စာများ ပါဝင်လေသည်။ ထိုကြောင့် ယခုအချိန်ထိ ပျူဝေါဟာရ စကားရပ်ပေါင်း နှစ်ရာခန့်မျှကိုသာ မှတ်သား၍ အဓိပ္ပာယ်ဖော်ယူနိုင်လေသည်။ သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိသော ပျူစာများမှာ အရိုးအိုးလေးခု၏ နှုတ်ခမ်းပတ်လည်တွင် ရေးထိုးထားသော ဝိကြမ အဆက်အနွယ် လေးဦး၏ ကံကုန် သက္ကရာဇ် စာတမ်းလေးကြောင်း၊ အုတ်ခွက် သုံးခု၏ ကျောဘက်မှ စာတမ်းအတို အထွာနှင့် မှေးမှိန်၍ ဖတ်ရှုမရနိုင်သော ကျောက်စာသုံးချပ်၊ ကျောက်ဆင်းတုတော် တစ်ဆူ၏ ပမ္ဖင်ပတ်လည်တွင် သက္ကတ ဘာသာဂါထာကို ပျူဘာသာဖြင့် နိယပြန်ထားသော ကျောက်စာတို့ဖြစ်၏။ ပျူကျောက်စာများ တွေ့ရှိရသော အခြား ဒေသတို့မှာ ရွှေဘိုနယ် ဟန်လင်းမြို့မှ ထင်ရှားသော ကျောက်စာနှစ်ချပ်နှင့် မှေးမှိန်နေသော ကျောက်စာတစ်ချပ်၊ ပုဂံမြို့ သရဗာတံခါး အနီးမှ တွေ့ရှိသော မထင်မရှား စာသားပါရှိသည့် ကျောက်စာတစ်ချပ်နှင့် အမရပူရမြို၌ ဘိုးတော်ဘုရား စုဆောင်းထားခဲ့သော ကျောက်စာများတွင် အပါအဝင်ဖြစ်၍ ယခုအခါ မန္တလေးမြို့တွင်း ကျောက်စာရုံတွင်တည်ထားသော မှေးမှိန်နေသည့် ကျောက်စာတစ်ချပ်တို့ ဖြစ်လေသည်။ ပုဂံမြို့မြင်းကပါ (မြင်းပုဂံ) အရပ်၌ တွေ့ရှိသော လေးမျက်နှာအပြည့် စာသားပါသည့် မြစေတီကျောက်တိုင်၏ တစ်ဘက်သောမျက်နှာမှ ပျူဘာသာကျောက်စာသည်ကား သက္ကရာဇ်ကိုလည်း ဖော်ပြထား၏။ အကြောင်းအရာနှင့်လည်း ပြည့်စုံ၏။ ထိုမှတစ်ပါး စာသားများ ဖတ်ရှု၍ ဖြစ်နိုင်အောင် ကောင်းမွန်စွာ တည်တံ့နေသည်လည်း ဖြစ်သောကြောင့် ပျူဘာသာစကားနှင့် အက္ခရာ အရေးအသားသုတေသန အတွက် ကျေးဇူး အများဆုံးသော ပျူကျောက်စာဖြစ်ချေသည်။ သက္ကတဘာသာကို နာဂရီအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာ များသည်လည်း ရှေးကျသည်သာ များ၏။ သရေခေတ္တရာမှ ဗုဒ္ဓဝင် အုတ်ခွက်များနှင့် ပုဂံမြို့နယ်တစ်ဝိုက်မှ ဗုဒ္ဓဝင် အုတ်ခွက်များ ပေါ်တွင် ရှင်သာရိပုတ္တရာလောင်းအား ရှင်အဇိထေရ် ဟောတော်မူခဲ့သော …… ယေဓမ္မာဟေတုပ္ပဘဝါ ÚÚ အစဖြာသော ဂါထာကို နာဂရီအက္ခရာဖြင့် တွေ့ရ၏။ မှော်ဇာမှ ကျောက်ရုပ်ပွားတော် တစ်ဆူ၏ ပမ္ဖင်ပတ်လည်တွင် တွေ့ရသော ပျူဘာသာ နိယနှင့်တကွသော သက္ကတ ကမ္ပည်းစာများ မှာကား မှေးမှိန်၍ ဖတ်ရှုမရနိုင်သေးချေ။ ဤကမ္ပည်းစာမျိုး အများဆုံးတွေ့ရှိရသည့် ဒေသမှာ ရခိုင်တိုင်းပင်ဖြစ်၏။ ထိုနယ်ပယ်တွင် ကောဇာသက္ကရာဇ် ၄ဝဝ မတိုင်မီက ရေးထိုးထားသည်ဟု အထောက်အထားပြုနိုင်သော သက္ကတကျောက်စာ ငါးခုမျှတွေ့ရလေသည်။ ယင်းအနက် စိတ်ဝင်စားဖွယ်ရာ အဖြစ်ဆုံးနှင့် အရှည်လျားဆုံးမှာ မြို့ဟောင်းမြို့ ရှစ်သောင်းဘုရားတွင် တည်ရှိသော စာကြောင်းရေ ၁ဝဝ ကျော်ပါရှိသည့် ကျောက်စာဖြစ်၏။ ရခိုင်ပြည်၌ စန္ဒြမင်းဆက် အုပ်ချုပ်သွားကြောင်းကို လကာဖြင့် မော်ကွန်း တင်ထားခြင်းဖြစ်လေသည်။ ရှေးအကျဆုံးသော မြန်မာကျောက်စာများမှာ မြန်မာသက္ကရာဇ် ၄ဝဝကျော်၌ ရေးထိုးထားသည်ကိုသာ တွေ့ရသေး၏။ ယင်းတို့အနက် အရေးပါ အသုံးဝင်ဆုံးသော ကျောက်စာမှာ မြစေတီဟု တွင်နေသော ကူပြောက်ကြီး ကျောက်စာပင် ဖြစ်သည်။ (မြစေတီကျောက်စာ န္ထန္ထန္ထ ရှု။) ထိုကျောက်စာကို ကျန်စစ်သား နတ်ရွာစံပြီးနောက် ယင်း၏သားတော် ရာဇကုမာရ် မင်းသားက မြန်မာ၊ မွန်၊ ပါ။ိနှင့် ပျူဘာသာလေးမျိုးဖြင့် သက္ကရာဇ် ၄၇၄ ခုတွင် ရေးထိုးမှတ်တမ်း တင်ခဲ့ခြင်းဖြစ်၍ သမိုင်းဝင်ဗဟုသုတ၊ ဘာသန္တရဗဟုသုတ စသည်အတွက် များစွာ အကျိုးများစေတော့သည်။ ကမ္ပည်းစာလေးမျိုးဖြင့် အကြောင်း အရာ တစ်ရပ်စီကို စီကုံးရေးသားထားသဖြင့် တစ်ဘာသာနှင့် တစ်ဘာသာကို ည|ိနှိုင်းကာ ပုဂံခေတ်ဦးက ထိုဘာသာလေးမျိုး၏ ဝေါဟာရ ထူးခြားချက်များနှင့် အက္ခရာအရေးအသား ထူးခြားချက်များကို လေ့လာသိရှိနိုင်လေသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ မြန်မာရှေးဟောင်းကျောက်စာများကို တွေ့ရှိရသော်လည်း ပုဂံနယ်တစ်ဝိုက်လောက် မများပြားချေ။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်မင်းတရားက အရပ်ရပ်မှ မူလကျောက်စာတိုင်များကို စုဆောင်းခဲ့သဖြင့် အမရပူရနှင့် စစ်ကိုင်းတွင်လည်း အစုလိုက် တွေ့ရှိရ၏။ ယခုအခါ အမရပူရမှ ကျောက်စာတိုင်များကို မန္တလေး နန်းမြို့တွင်း၌ ရုံသစ်များသို့ ရွှေ့ပြောင်းစိုက်ထူထားပြီး ဖြစ်လေသည်။ ရှေးဟောင်း ကမ္ပည်းစာပေများအနက် မွန်ဘာသာဖြင့် အရေးအသား များကိုလည်း အတော်အတန် တွေ့ရ၏။ သက္ကရာဇ် ၄ဝဝ ကျော်မှ ကျောက်စာများမှာ ပြည်မြို့ရွှေဆံတော် ဘုရားမှ ကျန်စစ်သား ရေးထိုးစိုက်ထူထားသောကျောက်စာ၊ ပုဂံ မြစေတီကျောက်စာ၊ သရဗာတံခါးအနီးမှ တွေ့ရှိရသော ကျန်စစ်သား၏ နန်းတည်ကျောက်စာ၊ မြကန်နှင့် အလံ ပုဂံကျောက်စာ စသည်တို့တည်း။ သက္ကရာဇ် ၈ဝဝ ကျော်က ဓမ္မစေတီမင်း ကောင်းမှုဖြစ်သော ကလျာဏီသိမ်တော် ကျောက်စာ များသည်လည်း မွန်ဘာသာနှင့် ဖြစ်လေသည်။ ထိုမျှသာမက ညောင်ဦးမြို့ ရွှေစည်းခုံ ဘုရားအတွင်းတွင် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရား လှူဒါန်းခဲ့သော ကြေးခေါင်းလောင်းပေါ်တွင် မွန်ကမ္ပည်းစာပါရှိ၍ ကျောက်ဆည်၊ သထုံ၊ မော်လမြိုင်၊ ကျိုက်မရောနှင့် ပုသိမ်မြို့များတွင်လည်း မွန်ကျောက်စာတစ်ချပ်စီ တည်ရှိလေသည်။ ပါ။ိစာသား အပြည့်ဖြစ်သော ကျောက်စာချပ် ဦးရေသည် မများလှသော်လည်း မြန်မာစာနှင့် တွဲဘက်၍သော် လည်းကောင်း၊ မြန်မာကျောက်စာများကို ပါ။ စာကြောင်းများဖြင့် အချီးနိဒါန်း ရေးသားထားသည်ကို လည်းကောင်း အတော်အတန် တွေ့ရှိနိုင်လေသည်။ ပုဂံပြတိုက်တွင် ဒမိ။ (တမီလ်) ဘာသာ၊ ယိုးဒယားဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ထိုးထွင်းရေးသားထားသော ကျောက်စာများ တစ်မျိုးလျှင် တစ်ချပ်စီ စုဆောင်းရရှိထားလေသည်။ ရှေးဟောင်းသုတေသနဌာနမှ ရှာဖွေတွေ့ရှိသော အရပ်ရပ်ရှိ ကျောက်စာများကို မင်ကူးမှုများ ကူးယူ၍လည်းကောင်း၊ တိုက်ရိုက်ကူးယူ ရေးမှတ်၍လည်းကောင်း၊ ဓာတ်ပုံရိုက်ကူး၍ လည်းကောင်း စုံလင်းစွာ စုဆောင်းပြီးလျှင် အက္ခရာပြန်၊ ဘာသာပြန် ရေးသားကာ မှတ်တမ်းတင်ထား၏။ ယင်းကျောက်စာများကို အစဉ်အတိုင်း ကူးယူရေးသား၍ စာအုပ်ကြီး ခြောက်အုပ်မျှ ပုံနှိပ်ပြီးလေသည်။ မြစေတီ ကျောက်စာနှင့် မွန်ကျောက်စာအချို့တို့ကိုမူ မြန်မာနိုင်ငံ ကျောက်စာများ စာစောင် တွင် အုပ်တွဲ (၄) အထိ တည်းဖြတ်ထုတ်ဝေ ဖြန့်ချိခဲ့လေသည်။ ရန်ကုန် တက္ကသိုလ်ကလည်း တိုင်းရင်းဘာသာ ကျောက်စာများဟူသော အမည်ဖြင့် အတွဲ ကြီးငါးတွဲ ပြုလုပ်ထုတ်ဝေပြီးဖြစ်သည်။ နှစ်စဉ် ထုတ်ဝေသော ဌနဆိုင်ရာ နှစ်ချုပ် အစီရင်ခံစာများတွင်လည်း အသစ်ထပ်မံ တွေ့ရှိသော ကျောက်စားများကို ဖော်ပြလေ့ရှိလေသည်။ (ဦးလူဖေဝင်း)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)