မြန်မာနိုင်ငံ မြက်များ

ဝီကီပီးဒီးယား မှ

မြက်သည် အဘယ်ပင်မျိုးနည်း။ မြန်မာနိုင်ငံ မြက်များအကြောင်းကို စ၍မရေးမီ၊ မြက်ဆိုသော အပင်မျိုးသည် အဘယ်ကဲ့သိုသော အပင်မျိုးကို ခေါ်သနည်းဟု ရှေးဦးစွာ သိအပ်၏။ မလေ့လာသော သူတို့အတွက် ဆိုလျှင် အရွက်ရှည်ရှည်နှင့် စိမ်းလန်းစွာ မြေပေါ်မှာ ကပ်ပေါက်လျက် နေသော အပင်ဟူသရွေ့ကို မြက်ဟုပင် ထင်ကြ၏။ မြက်မှာလည်း ခွာရှိသော ခြေလေးချောင်း သတ္တဝါတို့စားရန် အစာသာဖြစ်၍၊ နွားမှသာ မြက်ကို စားသည်ဟုပင် ဆိုရိုးစကား ရှိလေသည်။ ဝေါဟာရအားဖြင့် မြက်ဟုခေါ်သော အပင်မျိုးထဲတွင် မြက်သောက်၊ မြက်သုံးမြှောင့်၊ မြက်သမန်း၊ မြက်မုံညင်းခေါ် အပင်မျိုး မြောက်မြားစွာပါဝင်၏။ ရုက္ခဗေဒမှ ခွဲထုတ်လိုက်သော တိဏဗေဒအရဆိုလျှင်မြက်ဟူသော အပင်မျိုးတွင် အောက်ပါ အင်္ဂါအားလုံးနှင့် ပြည့်စုံရ၏။ ပင်စည်၊ သို့မဟုတ် ပင်တံသည် လုံးလျက်သော်လည်းကောင်း၊ ပြားလျက်သော်လည်းကောင်း ရှိနေ၍ အခေါင်းနှင့် အဆစ်များရှိ၏။ အရွက်၌ နှစ်ပိုင်းကွဲပြားလျက်ရှိ၏။ အပေါ်ပိုင်းကို အရွက်ဟုခေါ်၏။ အရွက်သည် များသောအားဖြင့် ပြား၍ ရှည်၏။ အရွက်၌ရှိသော အကြောငယ်တို့သည် အရင်းမှ အဖျားသို့ စီတန်းလျက် နေ၏။ အရွက်၏ အောက်ပိုင်းကို အဖတ်ဟုခေါ်၏။ ထိုအဖတ်သည်လည်း အဆစ်၏ အပေါ်ပိုင်း၌ ရှိသောပင်တံကို ပတ်လျက်နေ၏။ အရွက်နှင့် အဖတ်တို့ ဆက်၍နေသောနေရာ၌ အချို့မြက်မျိုးတွင် အညှာရှိ၍ အချို့၌မူကား မရှိချေ။ ထို(အရွက်နှင့် အဖတ်တို့ဆက်သော)နေရာတွင် ကော်လာ၊ သို့မဟုတ် လည်ခွံခေါ်သော အရောင်ဖျော့သည့် အရစ်ရှိ၏။ အတွင်းဘက်၌မူကား ပင်တံကို ကပ်နေသော လိဂူခေါ် အခင်တန်းငယ် (လျှာ)ရှိ၏။ ထိုအခင်သည် အချို့အပင်များတွင် အခွံပါးကလေးဖြစ်၏။ အချို့အပင်တို့တွင် အခင်အစား အမွေးငယ်များ တန်း၍ ပေါက်တတ်၏။ အချို့၌မူကား ခုံးနေသော အရာသာထင်၍ ဘာမျှမရှိပေ။ ယင်းတို့ ရှိခြင်းအားဖြင့် မိုးရေသော်လည်းကောင်း၊ နှင်းရေသော် လည်းကောင်း ပင်တံနှင့် အဖတ်ကြားထဲသို့ဝင်၍ အပင်ပျက်စီးအောင် မလုပ်နိုင်ပေ။ အဖတ်နှင့် ပင်တံကြားတွင် များသောအားဖြင့် ပရိုဖီလမ်းခေါ် အရွက်ကလေးကိုလည်း တွေ့တတ်၏။ မြက်ပင်တို့တွင် ဥမရှိချေ။ ဈေးထဲတွင် ရောင်းသော ကိုင်းဥသည် အချို့ကိုင်းပင်မျိုး၏ အဆစ်မှပေါ်ထွက်လာသော မှိုဥသာ ဖြစ်လေသည်။ အထက်၌ ဖော်ပြသော အင်္ဂါတို့နှင့် ပြည့်စုံသော အပင်မျိုးထဲတွင် စပါး၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ ကြံ၊ ကျူ၊ အလိုကျူ၊ စပါးလင်၊ ကျိတ်၊ ဝါးစသော အပင်မျိုးမှာလည်း ပါဝင်၏။ ယင်းတို့တွင် အချို့သည် မြေပြင်မှ အမြင့် တလက်မခွဲမှ ပေ ၁ဝဝ-၁၂ဝ အထိမြင့်ပေသည်။ ကမ္ဘာပေါ်တွင် မြက်တို့သည် အဖိုးထိုက်တန်ဆုံးဖြစ်၏။ မြက်သာမရှိလျှင် လူနှင့် တိရစ္ဆာန်၊ ကြက်၊ ငှက်နှင့် အချို့ ပိုးမွှားများ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ဤကမ္ဘာကြီးသည် လည်း ပျက်စီးသွားပေမည်။ ထိုအတွက် မြက်သည် အပင်တို့တွင် ဘုရင်ဖြစ်သည်ဟုပင် ဆိုကြ၏။ မြန်မာနိုင်ငံတွင် မြက်မျိုးပေါင်း ၅ဝဝ(ငါးရာ)ထက်မနည်း ရှိလိမ့်မည်ဟု ယူဆ၏။ သို့သော် မြက်တို့၏ တန်ဖိုးကို ဂရုမပြုကြ၍၊ မြက်တို့၏ အကြောင်းကို လေ့လာသင့်သလောက် မလေ့လာခဲ့ကြပေ။ မြက်တို့ကို အထူး လေ့လာကြသော သူများမှာ စိုက်ပျိုးရေးဌာနမှ အငြိမ်းစားယူသွားသော ရုက္ခဗေဒဆရာကြီး မစ္စတာ ရိုင်းနှင့် ဦးသိန်းလွင်တို့ နှစ်ဦးသာရှိ၏။ ထိုအရာရှိကြီးရေးခဲ့သော မြန်မာ့မြက်များခေါ် စာအုပ်တွင် မြန်မာနိုင်ငံ၌ မြက်မျိုးပေါင်း ၄၂ဝ ရှိကြောင်း ဖော်ပြထား၏။ ထိုတွင် ၈၆ မျိုးသည် ဝါးမျိုးများဖြစ်၏။ အဆိုပါစာအုပ် ပုံနှိပ်ပြီးမှ ဦးသိန်းလွင်ရှေးဦးစွာတွေ့၍ ဦးသိန်းလွင်၏ အမည်တပ် ထားသော မြက်(ပန်းတော်သိန်းလွင်)နှင့် အခြားမြက်မျိုးပေါင်း ၂ဝ အပြင် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ရောက်လာသော နိုင်ငံခြား မြက်များ၊ ကပြားမြက်များနှင့် မစုံစမ်းရသေးသော ဒေသများမှ မြက်မျိုးပေါင်း များစွာတို့သည် ထိုပုဂ္ဂိုလ်ကြီး၏ စာရင်းထဲတွင် မပါဝင်သေးချေ။ မြန်မာနိုင်ငံ၏ မြက်များအကြောင်းကို စုံလင်စွာ သိနိုင်ရန် မြက်တို့ကို စိတ်ပါလက်ပါနှင့် ဆက်လက်၍ စုံစမ်းလေ့လာသူများ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပေမည်။ ယနေ့အထိ မြန်မာနိုင်ငံ မြက်မျိုး အားလုံးကို စုံလင်စွာ မသိသေးသည့်အပြင်၊ သိပြီးသား မြက်အားလုံး၏ အသုံးကိုလည်း မသိနိုင်သေးသော အခြေတွင် ရှိနေရသေးသည်။

မြက်ပေါက်ပုံ[ပြင်ဆင်ရန်]

မြက်တို့သည် အစေ့မှပေါက်သောအခါ အခြားအပင်များနည်းတူ အမြစ်များနှင့် ပင်တံ တစ်ခုတည်းထွက်သော အမျိုးက နည်း၏။ ယင်းတို့အနက် အချို့ကား မြေအောက်တွင်ရှိသော အဆစ်မှ သော်လည်းကောင်း၊ အမြစ်ရင်းမှသော် လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ နေရာမျာမှ အတက်ထွက်လျက် အစုလိုက် အပြုံလိုက် အရုံ၊ သို့မဟုတ် အဖုတ်ဖွဲ့၍ ပေါက်၏။ အချို့ကား မြေအောက်တွင် ရိုင်ဇုမ်ခေါ် ပင်တံများဖွဲ့လျက် ထိုပင်တံတို့၏ အစွန်းအဖျားများမှ အတက်နှင့် အမြစ်များထွက်လျက်၊ အခြား အပင်များနည်းတူ လေထဲသို့ ပင်တံသဖွယ် အကိုင်းများပေါ်က်စေ၏။ ဤနည်းအတိုင်း ပေါက်သောအပင်မျိုးမှာ ဝါးဖြစ်၍ ဝေါဟာရအားဖြင့် ပင်စည်၊ သို့မဟုတ် ပင်တံခေါ်နေကြသော အတံသည် အမှန်ဆိုသော် အကိုင်းတံပင် ဖြစ်၏။ အချို့မြက်ပင်မျိုးမှာမူ လူနေရာ၌ အဖုတ်ဖွဲ့မည့် အတက်များက စုရုံး၍ ပေါက်လျက်ဖွဲ့၏။ ယင်းတို့ထက် သန်စွမ်းသော အတက်များမှ ပင်တံတို့သည် အဘက်ဘက်သို့ မြေပေါ်မှာ တွားလျက် ပေါက်ပြီးလျှင် ပင်တံတို့၏ အဆစ်များမှ တစ်ဖန်မူရင်းအတိုင်းကဲ့သို့ အဖုတ်၊ ပင်တံ၊ အတက်၊ အမြစ်စသည်တို့ ဆက်လက်၍ ပေါက်စေ၏။ ဤနည်းအတိုင်း ပေါက်သော မြက်များမှာ မြေစာ၊ သို့မဟုတ် နေစာနှင့် ငှက်တော်မြီးများ ဖြစ်လေသည်။

မြက်ပွင့်၊ မြက်တို့၏ သက်တမ်းနှင့် အသုံးချပုံ[ပြင်ဆင်ရန်]

မြက်တို့သည် အခြားအပင်များကဲ့သို့ပွင့်ခြင်း၊ သီးခြင်း ပြုကြ၏။ အပွင့်တို့သည်လည်း အမျိုးခွဲရာ၌ အလွန်တရာ အရေးပါ၏။ သို့သော် အပွင့်များသည် သေးငယ်သဖြင့် အားကောင်းသော မှန်ဘီလူးများနှင့် ကြည့်ရသည့်အပြင် ပွင့်ရွက်၊ ပွင့်ဖတ်စသော အရွက်ငယ်တို့ကို ခွဲခြား၍ နားလည်ရန်လည်း မလွယ်ကူလှပေ။ ထိုမှတစ်ပါးလည်း အကြောင်း အမျိုးမျိုး တို့ကြောင့် မြက်တို့၏ ပင်တံ၊ အရွက်၊ ပန်းပွင့်၊ ပန်းဖတ်စသော အင်္ဂါတို့၏ ပုံသဏ္ဌာန်နှင့် အရွယ်များလည်း ပြောင်းလွဲ တတ်ပေသေးသည်။ ထိုအတွက် ဗဟုသုတအလို့ငှာ ထိုအင်္ဂါစု၏ အကြောင်းကို ချဲ့ထွင်၍ အသေးစိတ် ရေးရန် မလိုပေ။ မြက်တို့သည် သက်တမ်း စေ့လျှင် များသောအားဖြင့် ပွင့်သီးပြီးလျှင် သေကြ၏။ သို့သော် အချို့မြက်အငယ်စား မျိုးကိုမူ ရေမှန်မှန်လောင်းပေးလျှင် တစ်ဆယ့်နှစ်ရာသီ စိမ်းလန်းစွာ နေအောင် ပြုလုပ်ပေးနိုင်၏။ မြက်တို့သည် အချို့ တစ်ဆယ်ါနှစ်ရာသီပွင့်၏။ အချို့မှာ တစ်နှစ်တစ်ခါ နှစ်နှစ်တစ်ခါ သုံးနှစ်တစ်ခါ ပွင့်ကြ၏။ မြက်အကြီးစားဖြစ်သော ဝါးတို့အနက် အောက်ပါအရေးပါသော အမျိုးများသည် ယင်းတို့နှင့် ယှဉ်ပြိုင်ဖော်ပြသော နှစ်တို့တွင် ပွင့်ကြ၏။ ထိုအခါ တစ်ချိန်တည်း ပေါက်သော အပင်တို့သည် တစ်ချိန်တည်း တစ်တောလုံး တစ်တောင်လုံး ပွင့်လျက် သေလေ့ရှိ၏။ ထိုသို့ပွင့်ခြင်းကို သုန်းသည်ဟု ဆိုကြ၏။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)