မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်
မြန်မာနိုင်ငံတရားစီရင်ရေးစနစ်သည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law Legal System) ကို အခြေခံထားသောစနစ်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လက်အောက်တွင် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊ ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများကို အသီးသီးဖွဲ့စည်း ထားရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံအတွင်းရှိ တရားရုံးအားလုံး၏ အမြင့်ဆုံးနှင့် နောက်ဆုံး အယူခံတရားရုံး ဖြစ်သော်လည်း ၎င်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန် အခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ထားရှိသည်။
တရားရုံးများဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]လက်ရှိ မြန်မာနိုင်ငံ၏ တရားရုံးများကို ပြည်ထောင်စုသံမ္မတနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ) အတိုင်း အဆင့်ဆင့် ဖွဲ့စည်းထားရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် (The Union Supreme Court)
[ပြင်ဆင်ရန်]ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည်နိုင်ငံအတွင်းရှိ တရားရုံးများတွင် အမြင့်ဆုံးသော တရားရုံးဖြစ်ပြီး နောက်ဆုံးအယူခံရုံးလည်း ဖြစ်သည်။ ယင်းရုံးသည် နိုင်ငံအတွင်းရှိတရားစီရင်ရေးရာ ကိစ္စအဝဝတို့နှင့် တရားရုံးများ၏ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စများပါဝင်နေသော တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်မှုယန္တယား (Judicial Bureaucracy) ၏ အချုပ်လည်းဖြစ်သည်။
နိုင်ငံအတွင်းခန့်ထားသော ပြည်သူ့ဝန်ထမ်း တရားသူကြီးများအားလုံး၏ ရာထူးတိုးမြှင့်ရေး (Promotion)၊ ဝန်ထမ်းစည်းကမ်းနှင့် တရားသူကြီး ကျင့်ဝတ်ပိုင်းအရ အရေးယူခြင်း (Disciplinary Action) နှင့် ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရှေ့တာဝန်ထမ်းဆောင်စေခြင်း (Transfer) စသည့် ကိစ္စရပ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆောင်ရွက်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးနှင့် တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲရေး လုပ်ငန်းများသာမကပဲ စာချွန်တော်အမိန့်များ ထုတ်ဆင့်ပိုင်ခွင့်အာဏာကိုပါ ၂၀၀၈ အခြေခံဥပဒေအရ အပ်နှင်းထားရှိပေသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဆင့်ဆိုင်သောစာချွန်တော် အမိန့်များမှာ-
- ရှေ့တော်သွင်းစာချွန်တော်အမိန့်
- အာဏာပေးစာချွန်တော်အမိန့်
- တားမြစ်စေစာချွန်တော်အမိန့်
- အာဏာပိုင်မေးစာချွန်တော်အမိန့်
- အမှုခေါ်စာချွန်တော်အမိန့် တို့ ဖြစ်သည်။
တရားသူကြီးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြည်ထောင်စုတရားသူကြီးချုပ် (Union Chief Justice) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ (Judges of the Supreme Court of the Union) ပါဝင်သော တရားသူကြီး အနည်းဆုံး (၇)ဦးမှ အများဆုံး (၁၁) ဦးအထိဖြင့် ဖွဲ့စည်းထားရှိနိုင်ကြောင်း ၂၀၀၈ အခြေခံဥပဒေတွင်ပါရှိသည်။
လက်ရှိတွင် ပြည်ထောင်စုတရားသူကြီးချုပ် (၁)ဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး (၇) ဦးနှင့်ဖွဲ့စည်းထားရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှေးမြန်မာဘုရင်များခေတ်
[ပြင်ဆင်ရန်](၁)တရားစီရင်ရေးအာဏာ
[ပြင်ဆင်ရန်]အင်္ဂလိပ်တို့မြန်မာနိုင်ငံကို ကိုလိုနီမပြုမိကလတွင် မြန်မာ့လူ့အဖွဲ့အစည်းသည် မြန်မာ့ရိုးရာတရားစီရင်ရေးစနစ်ကို အသုံပြုကာ တရားစီရင်ရေးကိုဆောင်ရွက်ကြသည်။ ရှေးမြန်မာ့တရားစီရင်ရေးသည် ဓလေ့ထုံတမ်းဥပဒေအပေါ်တွင် အခြေခံသောတရားစီရင်ရေးဖြစ်သည်။ မြန်မာဘုရင်များလက်ထက်တွင် တိုင်းပြည်အုပ်ချုပ်သူဘုရင်သည် နိုင်ငံ၏ အမြင့်ဆုံးတရားစီရင်ရေးအာဏာပိုင်ဖြစ်သည်။ တရားစီရင်ရေးအာဏာများသည် ဘုရင်မှတဆင့် မိဘုရားခေါင်ကြီး၊ အိမ်ရှေ့စံ၊ လွှတ်တော်မှမင်းညီမင်းသားများ၊ လွှတ်တော်ဝန်ကြီးများ၊ ဘရင်မှခန့်ထားသော တရားသူကြီးများ၊ မြို့ဝန်၊ မြို့အုပ် သူကြီး စသည်ဖြင့် အဆင့်ဆင့်ဆင်းသက်သွားကြသည်။
(၂)ဥပဒေအရင်းအမြစ်များ
[ပြင်ဆင်ရန်]မြန်မာဘုရင်းများခေတ်တရားစီရင်ရေးတွင်ကျင့်သုံးသော ဥပဒေအရင်းအမြစ်များမှာ
- (က) ရာဇသတ်များ (ဘုရင်၏အမိန့်ကြေညာချက်များနှင့် ဘုရင်ထုတ်ပြန်သော ဥပဒေများ)
- (ခ) ဓမ္မသတ်များ (လူပညာရှိ၊ ရဟန်ပညာရှိများစီရင်ရေးသားခဲ့သော ဥပဒေကျမ်းများ)
- (ဂ) ဖြတ်ထုံးများ (ဘုရင်၊ လွှတ်တော်စသည့်အထက်ရုံးတော်များမှစီရင်ခဲ့သည့် စီရင်ထုံးများ)
(၃)တရားစီရင်ရေးမူများ
[ပြင်ဆင်ရန်]ရှေးမြန်မာ့တရားသူကြီးများသည်အမှုသည်များနှစ်ဦးနှစ်ဘက်ပြေငြိမ်းရေးကိုအလေးထားကြသည်။ ကြီးသည့်အမှုကိုငယ်စေ၊ ငယ်သည့်အမှုကိုပပျောက်စေ ဟူသောမူကိုလက်ကိုင်ထားကာ တရားစီရင်မှုများပြကြသည်။
(၄)တရားစီရင်ရေးလွတ်လပ်မှု
[ပြင်ဆင်ရန်]တိုင်းပြည်၏အုပ်ချုပ်ရေးအမြင့်ဆုံးအာဏာပိုင်ဖြစ်သော ဘုရင်သည် နောက်ဆုံးယူခံကိုဆုံးဖြတ်သူဖြစ်သည့် သက်ဦးဆိုင်ပိုင်ခေတ်တရားစီရင်ရေးဖြစ်သည့်အတွက် လွတ်လပ်စွာတရားစီရင်ရေးရှိသည်မဆိုနိုင်ပေ။ ထို့အပြင် ပြစ်မှုတရားစီရင်ရေးကို ဆောင်ရွက်ရသူများမှာ အုပ်ချုပ်ရေးအာဏာပိုင်များဖြစ်သည့် မြို့ဝန်၊ မြို့အုပ်၊ သူကြီးစသည်တို့ဖြစ်ပေရာ တရားခံ၏ခုခံချေပခွင့်အပြည့်အဝရရှိစေရေးမှာမျှောလင့်ချက်ကင်းမဲ့သော အနေအထားတွင်ရှိခဲ့သည်။ သို့ရာတွင် ပြည်သူအချင်းချင်းအကြား ဖြစ်ပွားသောအငြင်းပွားမှုများ အပေါ်တွင်မူ တရားစီရင်ရေးလွတ်လပမှုမှာ အတိုင်းအတာတစ်ခုအထိရှိခဲ့သည်။
ကိုလိုနီခေတ်
[ပြင်ဆင်ရန်]ဗြိတိလျှအင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ တို့တွင်ကျူးကျော်စစ်သုံးကြိမ်ပြုကာ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းယူခဲ့သည်။ မြန်မာနိုင်ငံကိုကိုလိုနီပြုပြီးနောက် အင်္ဂလိပ်တို့သည် ၎င်းတို့၏ အင်္ဂလိပ်ရိုးရာတရားစီရင်ရေးစနစ် (Common Law System) ကို မြန်မာ့ရိုးရာတရားစီရင်ရေးစနစ်တွင် အစားထိုးခဲ့သည်။ သို့ရာတွင် မြန်မာ့ဓမ္မသတ်များနှင့် အိမ်ထောင်ရေးဆိုင်ရာ၊ အမွေခွဲဝေရေးဆိုင်ရာ၊ သားသမီးမွေးစားခြင်းဆိုင်ရာတို့နှင့်ပက်သက်သည့် မြန်မာ့ဓလေ့ထုံးစံများကိုမူ ကိုလိုနီခေတ်တရားရုံးများက ဆက်လက်ကျင့်သုံးခဲ့သည်။