မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းနှင့် စာပို့တံဆိပ်ခေါင်းများ
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Tharaphi (ဆွေးနွေး | ပံ့ပိုး) မှ ၅ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းနှင့် စာပို့တံဆိပ်ခေါင်းများ သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း လက်အောက်တွင် တည်ရှိသည်။ ကိုလိုနီခေတ် အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်ခဲ့သည့်အချိန်မှစ၍ အိန္ဒိယနှင့်တွဲကာ အုပ်ချုပ်ခံရပြီး ဗြိတိသျှတို့၏ စာပို့စနစ်များ ပေါ်ပေါက်လာသည်။ အိန္ဒိယတံဆိပ်ခေါင်းများကိုလည်း စတင်အသုံးပြုခဲ့ကြသည်။ ထို့နောက် အိန္ဒိယမှခွဲထွက်ပြီးနောက် တံဆိပ်ခေါင်းများတွင် Burma အမည်ဖြင့် စတင်အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စသည်ဖြင့် ပြောင်းလဲသုံးစွဲခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စာပို့လုပ်ငန်းသည် မရှိမဖြစ်အခန်းကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်သကဲ့သို့ စာပို့တံဆိပ်ခေါင်းများကိုလည်း အခါအားလျော်စွာ ထုတ်ဝေလျက်ရှိသည်။
မြန်မာနိုင်ငံတွက် စာပို့တံဆိပ်ခေါင်းများကို လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်စက်ရုံတွင် ပုံနှိပ်လေ့ရှိသည်။ နေ့ထူးနေ့မြတ်များ (ဥပမာ - လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့)၊ တိုင်းပြည်တွင်အရေးကြီးသော ကိစ္စရပ်များနှင့် ထင်ရှားသောဖြစ်ရပ်များ (ဥပမာ - အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ သန်းခေါင်စာရင်း၊ ၂၁ရာစုပင်လုံညီလာခံ)၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ်ပတ်လည်နေ့များ၊ တိုင်းပြည်၏ထင်ရှားအရေးပါသော အဖွဲ့အစည်းများ၏နှစ်ပတ်လည်များ (ရန်ကုန်တက္ကသိုလ်၏ ရတုနှစ်များ၊ ရန်ကုန်စာတိုက်ကြီး၏ရတုနှစ်များ)၊ မြန်မာနိုင်ငံပါဝင်သော နိုင်ငံတကာအဖွဲ့အစည်းများ (ဥပမာ - ကုလသမဂ္ဂ၏ ရတုနှစ်များ၊ အာဆီယံ၏ ရတုနှစ်များ) စသည်ဖြင့် စာပို့တံဆိပ်ခေါင်းများ ထုတ်ဝေလေ့ရှိသည်။ ထို့အပြင် အခြားသောနိုင်ငံများ၏ခေါင်းဆောင်ကြီးများ၏ ရုပ်ပုံပါတံဆိပ်ခေါင်းများ (ဥပမာ - အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂန္ဓီ၏ ရာပြည့်မွေးနေ့) ကိုလည်း ထုတ်ဝေခဲ့သည်။ တံဆိပ်ခေါင်းစီးရီးများအဖြစ် (၁၂)လရာသီရိုးရာပွဲတော်များ၊ ပန်း(၁၀)မျိုး၊ ပျူခေတ်မှ ရတနာပုံခေတ်အထိ ဝတ်စားဆင်ယင်မှုများ၊ မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းမျိုးစိတ်ငှက်များ စသည်တို့ကိုလည်း ထုတ်ဝေခဲ့သည်။ တံဆိပ်ခေါင်းများနှင့်အတူ ပထမနေ့စာအိတ် (First Day Cover) များ၊ ပို့စ်ကတ် (Postcard)များ စသည်ဖြင့်လည်း တွဲ၍ထုတ်ဝေလေ့ရှိကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စာတိုက်ကြီးများတွင် အထူးနေ့စွဲအမှတ်သားတံဆိပ်များ ရိုက်နှိပ်နိုင်သည်။
မြန်မာနိုင်ငံမှထုတ်ဝေသည့် တံဆိပ်ခေါင်းများတွင် တိရိစ္ဆာန်ပုံဖြင့် ထုတ်ဝေသော တံဆိပ်ခေါင်းများမှာ ရှားပါးသည်။ ၂၀၁၉ခုနှစ်ကထုတ်ဝေသော ၁၀၀ကျပ်တန် ငှက်ခါးပုံပါ စာပို့တံဆိပ်ခေါင်း၊ ၂၀၂၂ခုနှစ်ကထုတ်ဝေသော ရုရှား-မြန်မာ ကျားကောင်ရေထိန်းသိမ်းရေးဖိုရမ်အထိမ်းအမှတ် ကျားပုံပါ စာပို့တံဆိပ်ခေါင်းများ၊ ၂၀၂၂ - ၂၀၂၃ ထုတ်ဝေသော ဒေသရင်းငှက်မျိုးစိတ်များပါ စာပို့တံဆိပ်ခေါင်းများ၊ ၂၀၂၃ခုနှစ်တွင်ထုတ်ဝေသော စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရဋ္ဌနန္ဒက ဆင်ဖြူတော်ပုံပါ အထူးစာပို့တံဆိပ်ခေါင်းများ စသည်ဖြင့် အနည်းအကျဉ်းသာရှိသည်။
စာတိုက်လုပ်ငန်းသမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာဘုရင်များလက်ထက်က မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်၊ တောက်လျှောက်စနစ် စသည်ဖြင့် ပို့ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စာတိုက်လုပ်ငန်းသည် ၁၈၂၇ခုနှစ်တွင် အင်္ဂလိပ်တို့သိမ်းပိုက်ထားသော စစ်တွေမြို့တွင် စာတိုက်ဖွင့်လှစ်ခြင်းမှ စတင်ခဲ့သည်။ ၁၈၅၂ခုနှစ်တွင် ပဲခူးစာတိုက်၊ ၁၈၅၄ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီးတို့ကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးျနာက်တွင် စာတိုက်နှင့်ကြေးနန်းလုပ်ငန်းများကို ပူးတွဲအုပ်ချုပ်ခဲ့သည်။ မြန်မာနိုင်ငံကို အိန္ဒိယနှင့်တွဲ၍ အုပ်ချုပ်ခဲ့သဖြင့် မြန်မာ့စာတိုက်နှင့်ကြေးနန်းဌာနသည် အိန္ဒိယလက်အောက်တွင် ရှိခဲ့သည်။ ၁၉၃၇ခုနှစ်တွင် အိန္ဒိယမှခွဲထွက်ပြီးနောက် မြန်မာနိုင်ငံ စာတိုက်နှင့်ညွှန်ကြားရေးဝန်ချုပ်ရုံးကို ဖွင့်လှစ်ခဲ့သည်။ ဆင်းမလားစီမံကိန်းအရ ၁၉၄၅ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် စာတိုက်ဌာနကို စာတိုက်လုပ်ငန်းများ အုပ်ချုပ်ရေးအရာရှိလက်အောက်တွင်လည်းကောင်း၊ ကြေးနန်းဌာနကို ဆက်သွယ်ရေး ညွှန်ကြားရေးမှူး လက်အောက်တွင်လည်းကောင်း ထားရှိခဲ့သည်။ ၁၉၄၇ခုနှစ် ဒီဇင်ဘာလ၂၄ ရက်နေ့မှစ၍ စာတိုက်မင်းကြီးရာထူးကို စာတိုက်ဌာနတွင်လည်းကောင်း၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းဌာနတွင်လည်းကောင်း တီထွင်ထားရှိခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့မှစ၍ စာတိုက်မင်းကြီးကို စာတိုက် ညွှန်ကြားရေးဝန်၊ အင်ဂျင်နီယာချုပ်ကိုကြေးနန်းညွှန်ကြားရေးဝန်အဖြစ် ပြောင်းလဲ ခေါ်တွင် ခဲ့သည်။ ၁၉၄၉ခုနှစ် အောက်တိုဘာ ၄ရက်နေ့တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ၁၉၅၆ခုနှစ် မေလ ၅ရက်နေ့တွင် နိုင်ငံခြားစာပို့တိုက်ဌာန ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၉ခုနှစ်တွင် စာတိုက်လုပ်ငန်းဖွံ့ဖြိုးရေးများကို စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး ၁၉၆၀ပြည့်နှစ် ဇန်နဝါရီလ ၂၅ရက်နေ့တွင် စာတိုက်နှင့်ကြေးနန်းဌာနအဖြစ် ပြန်လည်ပေါင်းစည်းကာ ညွှန်ကြားရေးမှူးချုပ်တစ်ဦးတည်းက အုပ်ချုပ်ခဲ့သည်။ ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်နေ့တွင် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ စာတိုက် စုစုပေါင်း အရေအတွက်မှာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် (၆၈၆) ရုံး ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ မတ်လတွင် (၁၀၉၄) ရုံး သို့လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင် (၁,၁၁၃) ရုံး သို့လည်းကောင်း တိုးတက်ခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်တွင် စာတိုက်စုစုပေါင်းအရေအတွက်မှာ (၁,၁၁၅) ရုံးရှိခဲ့ရာမှ ၂၀၁၇ခုနှစ်၊ ဇွန် (၃၀) ရက်နေ့တွင် လုပ်ငန်းပြည့် (၇၈၂) ရုံး၊ စာတိုက်ခွဲ (၂၀၈) ရုံး၊ ကျေးရွာကိုယ်စားလှယ် (၃၉၁) ရုံး၊ စုစုပေါင်း (၁,၃၈၁) ရုံး သို့ လည်းကောင်း တိုးတက်ခဲ့သည်။
မြန်မာ့တံဆိပ်ခေါင်းများ သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ တံဆိပ်ခေါင်းများကို လွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတလပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးအစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမွးစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ်ဟူ၍ ခေတ်များ ခွဲခြားနိုင်သည်။
လွတ်လပ်ရေးမရမီ တံဆိပ်ခေါင်းများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်တွဲ၍ အုပ်ချုပ်ခံနေရချိန်တွင် အိန္ဒိယတံဆိပ်ခေါင်းများကိုသာ သုံးစွဲခဲ့ရသည်။ ခွဲရေးတွဲရေးကိစ္စများအပြီး အိန္ဒိယမှခွဲထွက်ပြီးနောက် ၁၉၃၇ခုနှစ် ဧပြီလ (၁)ရက်နေ့မှစကာ အိန္ဒိယနိုင်ငံထုတ် ပဉ္စမမြောက်ဂျော့ဘုရင်ပုံ စာပို့တံဆိပ်ခေါင်းများပေါ်တွင် Burma ဟူ၍ တစ်ဆင့်ထပ်၍ပုံနှိပ်ကာ သုံးစွဲခဲ့ရသည်။ မူလက မြန်မာနိုင်ငံအမည်၊ မြန်မာပနုပညာလက်ရာများဖြင့် တံဆိပ်ခေါင်းအသစ်များ ရိုက်နှိပ်ရန်ဖြစ်သည်။ သို့ရာတွင် ဗြိတိသျှဘုရင် ပဉ္စမမြောက်ဂျော့ဘုရင် နတ်ပြည်စံပြီးနောက် သားတော်ကြီး အဋ္ဌမမြောက် အက်ဒ်ဝပ်ဘုရင် နန်းတက်ရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် အမေရိကန်သူအမျိုးသမီးနှင့် လက်ထပ်ရန်ဖြစ်လာသဖြင့် နန်းတက်ပွဲမတိုင်မီကပင် နန်းစွန့်ပြီး ညီတော် ဆဋ္ဌမမြောက်ဂျော့ဘုရင် ရုတ်တရက် နန်းတက်လာခဲ့သည်။ ထို့ကြောင့် မြန်မာတံဆိပ်ခေါင်းများရိုက်နှိပ်ရန် အချိန်မရှိတော့ဘဲ အိန္ဒိယနိုင်ငံထုတ် ပဉ္စမမြောက်ဂျော့ဘုရင်ပုံ တံဆိပ်ခေါင်းများတွင်သာ ထပ်ဆင့်ပုံနှိပ်ခဲ့ရသည်။ ထိုတံဆိပ်ခေါင်းများသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တံဆိပ်ခေါင်းများဖြစ်သည်။ အရွယ်သေး (၁၂)မျိုး၊ အရွယ်ကြီး (၆)မျိုးဖြင့် စုစုပေါင်း (၁၈)မျိုး ထုတ်ဝေခဲ့သည်။ အစိုးရသုံးကိစ္စရပ်များအတွက် SERVICE ဟု ပုံနှိပ်ခဲ့သည်။
၁၉၃၈ခုနှစ်တွင် မြန်မာ့အစဉ်သုံးတံဆိပ်ခေါင်းအတွက် ဒီဇိုင်းပြိုင်ပွဲကို အစိုးရမှကျင်းပခဲ့သည်။ ၁၉၃၈ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး မြန်မာတံဆိပ်ခေါင်းများဖြစ်ခဲ့သည်။ ထိုတံဆိပ်ခေါင်းများတွင် မြန်မာမှုလက်ရာများပါဝင်ကာ တံဆိပ်ခေါင်းတိုင်းတွင် ဆဋ္ဌမမြောက်ဂျော့ဘုရင်ပုံများ ပါဝင်သည်။ မူလက တံဆိပ်ခေါင်း (၁၅)မျိုးပါဝင်ပြီး ၁၉၄၀ပြည့်နှစ်တွင် တန်ဖိုးနည်းတံဆိပ်ခေါင်းအသစ်တစ်မျိုး ထပ်မံထုတ်ဝေခဲ့သည်။
၁၉၄၀ပြည့်နှစ် မေလ ၆ရက်နေ့တွင် ကမ္ဘာ့ပထမဆုံးစာပို့တံဆိပ်ခေါင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်တံဆိပ်ခေါင်းကို မြန်မာနိုင်ငံ၌ ထုတ်ဝေခဲ့သည်။ သို့သော်အသစ်ရိုက်နှိပ်ခြင်းမဟုတ်ဘဲ ယခင်ကထုတ်ဝေခဲ့သော (၁၅)မျိုးအနက် ဂျော့ဘုရင်နှင့် ကရဝိတ်ဖောင် ပုံပါသော တံဆိပ်ခေါင်းပေါ်တွင် အထူးထုတ်အထိမ်းအမှတ် COMMEMORATION POSTAGE STAMP 6th MAY 1840 ဟု ထပ်ဆင့်ရိုက်နှိပ်ကာ ထုတ်ဝေခဲ့သည်။ တံဆိပ်ခေါင်း၏မူလတန်ဖိုးပေါ်တွင်လည်း ၁ပဲ (1 ANNA) ဟု ထပ်ဆင့်ရိုက်နှိပ်ခဲ့သည်။
ဂျပန်တို့ မြန်မာပြည်ကို စတင်သိမ်းပိုက်ချိန်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဗမာ့လွတ်လပ်ရေးတပ်မတော်က ကောင်းစွာထိန်းသိမ်းနိုင်ချိန်တွင် ဂျပန်စစ်အုပ်ချုပ်ရေးမရောက်မီကြားကာလ၌ ရာပို့လုပ်ငန်းများတွင် အင်္ဂလိပ်တံဆိပ်ခေါင်းများကို မသုံးစွဲဘဲ ထိုတံဆိပ်ခါင်းများအပေါ်တွင် ဒေါင်းပုံများ တစ်ဆင့်ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတမြို့များ၌ ရိုက်နှိပ်ခဲ့ကာ ဒေါင်းရုပ်ပုံ (၇)မျိုးရှိသည်။ ၁၉၄၂ခုနှစ် ဇွန်လတွင် ဂျပန်တို့က စာတိုက်လုပ်ငန်းကို ချက်ချင်းပြန်လည်စတင်ရန် စီမံခဲ့သည်။ သို့ရာတွင် တံဆိပ်ခေါင်းမရှိသေးသဖြင့် တံဆိပ်ခေါင်းဒီဇိုင်းအသစ်ကို ရေးဆွဲခဲ့သည်။ သို့သော် ဇွန်လ (၁)ရက်နေ့အတွက် အချိန်မမီတော့ရာ ဂျပန်စစ်အုပ်ချုပ်ရေးမှ စာတိုက်တာဝန်ခံ ဗိုလ်မှူးယာနိုက မေလ (၂၈)ရက်နေ့တွင် ၎င်း၏ကိုယ်ပိုင်တံဆိပ် ယာနို ကို စက္ကူဖြူများပေါ်တွင် အလျင်အမြန် ထုနှိပ်စေခဲ့သည်။ တစ်ချပ်လျှင် တံဆိပ်ခေါင်း (၁၀၄)လုံးပါသော အချပ် (၄၄၀) ပြီးစီးခဲ့ကာ ဇွန်လ (၁)ရက်နေ့တွင် စာပို့လုပ်ငန်း ပြန်လည်စတင်ခဲ့သည်။ ထိုတံဆိပ်ခေါင်းမှာ မြန်မာ့စာပို့တံဆိပ်ခေါင်းများအနက် နိုင်ငံအမည်၊ တန်ဖိုး၊ ရုပ်ပုံ မည်သည်မျှမပါရှိသော ထူးခြားသည့်တံဆိပ်ခေါင်း ဖြစ်လာခဲ့သည်။
ဇွန်လ (၁၅)ရက်တွင် မူလကဒီဇိုင်းရေးဆွဲထားသည့် နွားနှစ်ကောင်ဖြင့် လယ်ထွန်နေသော လယ်သမားပုံတံဆိပ်ခေါင်း ထွက်ရှိလာသည်။ မြန်မာစာမပါရှိဘဲ မြန်မာစာပို့တံဆိပ်ခေါင်းဟု အဓိပ္ပါယ်ရသော ဂျပန်စာသားသာ ပါဝင်သည်။ ငွေကြေးလုပ်ထုံးလုပ်နည်းများပြောင်းပြီးနောက် ၁ပဲတန်သော ထိုတံဆိပ်ခေါင်းများကို ပြန်လည်သိမ်းယူကာ ရန်ကုန်စာတိုက်ကြီး၌ ၅ဆင့်ဟု အဓိပ္ပါယ်ရသော 5C စာသားကို လက်ဖြင့်တံဆိပ်တုံးထုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် အခြေခံစက္ကူအပါအဝင် တံဆိပ်ခေါင်းရိုက်ရန် ပစ္စည်းရှားပါးသဖြင့် ဂျပန်နိုင်ငံမှ တံဆိပ်ခေါင်းများ မှာယူခဲ့ကြသည်။ တန်ဖိုးများအပေါ်တွင် မြန်မာငွေေကြေးစနစ်တန်ဖိုးများ ထပ်ဆင့်ရိုက်နှိပ်ခဲ့သည်။ ထပ်ဆင့်မရိုက်သော တံဆိပ်ခေါင်းများလည်း ရှိခဲ့သည်။ ဂျပန်ခေတ် မြန်မာပြည်အစိုးရ၏ တံဆိပ်ခေါင်းကို ၁၉၄၃ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ၁၉၄၃ခုနှစ် မတ်လတွင် ပါဆယ်လုပ်ငန်း၊ မှတ်ပုံတင်လုပ်ငန်းများအတွက် လယ်သမားတံဆိပ်ခေါင်းများကို တန်ဖိုးပြောင်းလဲ ထုတ်ဝေခဲ့သည်။
ထုတ်ဝေခဲ့သောတံဆိပ်ခေါင်းများစာရင်း
[ပြင်ဆင်ရန်]- Key
* အထူးထုတ် စာပို့တံဆိပ်ခေါင်း
၂၀၂၁
[ပြင်ဆင်ရန်]စဉ် | ထုတ်ဝေသည့်နေ့စွဲ | အကြောင်းအရာ | တံဆိပ်ခေါင်းပါပုံ | တံဆိပ်ခေါင်းအရွယ်အစားနှင့်ပုံစံ | ထုတ်ဝေသည့်အရေအတွက် | တန်ဖိုး | မှတ်ချက် |
---|---|---|---|---|---|---|---|
၁ | ၄ ဇန်နဝါရီ ၂၀၂၁ | (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ | ဦးရွှေရိုးနှင့် ဒေါ်မိုးအကမြင်ကွင်း | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | |
၂ | ပုဂံဘုရားများရှုခင်း | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၃ | ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရားများ (မန္တလေး) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၄ | ၂၇ စက်တင်ဘာ ၂၀၂၁ | ပျူခေတ်ဝတ်စားဆင်ယင်မှု | ပျူခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ ပထမမြောက်ထုတ်ဝေမှု |
၅ | ပျူခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၆ | ၂၇ အောက်တိုဘာ ၂၀၂၁ | ပုဂံခေတ်ဝတ်စားဆင်ယင်မှု | ပုဂံခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ ဒုတိယမြောက်ထုတ်ဝေမှု |
၇ | ပုဂံခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၈ | ၈ ဒီဇင်ဘာ ၂၀၂၁ | အင်းဝခေတ်ဝတ်စားဆင်ယင်မှု | အင်းဝခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ တတိယမြောက်ထုတ်ဝေမှု |
၉ | အင်းဝခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် |
၂၀၂၂
[ပြင်ဆင်ရန်]စဉ် | ထုတ်ဝေသည့်နေ့စွဲ | အကြောင်းအရာ | တံဆိပ်ခေါင်းပါပုံ | တံဆိပ်ခေါင်းအရွယ်အစားနှင့်ပုံစံ | ထုတ်ဝေသည့်အရေအတွက် | တန်ဖိုး | မှတ်ချက် |
---|---|---|---|---|---|---|---|
၁ | ၄ ဇန်နဝါရီ ၂၀၂၂ | (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ | မန္တလေးကျုံး၊ မြို့ရိုးနှင့် ကျောက်တော်ကြီးဘုရားတို့ပါ ညမြင်ကွင်း | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | |
၂ | ရန်ကုန်မြို့ ကန်တော်ကြီး၊ ကရဝိတ်ဖောင်နှင့် ရွှေတိဂုံဘုရားတို့ပါဝင်သော ညနေဘက်မြင်ကွင်း | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၃ | မြန်မာအမျိုးသမီးငယ် (၂)ဦး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၄ | ၁၂ ဖေဖော်ဝါရီ ၂၀၂၂ | (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ | နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ တောင်တန်းများ၊ မီးပုံးပျံများ၊ ပင်လုံကျောက်တိုင်နှင့် နိုင်ငံတော်အလံ၊ တိုင်းရင်းသားလူမျိုးများ၊ စည်းလုံးညီညွတ်ခြင်းရုပ်တု | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ကျပ် | |
၅ | ပင်လုံကျောက်တိုင်၊ တိုင်းရင်းသားလူမျိုးများ | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | |||
၆ | တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ထင်ရှားသောနေရာများ၊ တိုင်းရင်းသားလူမျိုးများ | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၇ | ၂ မတ် ၂၀၂၂ | ကုန်းဘောင်ခေတ်ဝတ်စားဆင်ယင်မှု | ကုန်းဘောင်ခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ စတုတ္ထမြောက်ထုတ်ဝေမှု |
၈ | ကုန်းဘောင်ခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၉ | ၂၉ ဧပြီ ၂၀၂၂ | အမရပူရခေတ်ဝတ်စားဆင်ယင်မှု | အမရပူရခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ ပဉ္စမမြောက်ထုတ်ဝေမှု |
၁၀ | အမရပူရခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၁၁ | ၂၉ ဇွန် ၂၀၂၂ | ရတနာပုံခေတ်ဝတ်စားဆင်ယင်မှု | ရတနာပုံခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသား | ၃၀ × ၄၂ မီလီမီတာ (ဒေါင်လိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းအတွဲ၏ ဆဋ္ဌမမြောက်ထုတ်ဝေမှု |
၁၂ | ရတနာပုံခေတ်ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီး | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | ||||
၁၃ | ၅ စက်တင်ဘာ ၂၀၂၂ | အပြည်ပြည်ဆိုင်ရာကျားကောင်ရေတည်တံ့ရေးဖိုရမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် | ကျား၊ Myanmar-Russia TIGER POPULATION PRESERVATION စာတမ်း၊ Tiger Forum တံဆိပ် | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ |
၁၄ | ကျား၊ Myanmar-Russia TIGER POPULATION PRESERVATION စာတမ်း၊ Tiger Forum တံဆိပ်၊ နှစ်နိုင်ငံအလံများ | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ | ||
၁၅ | ကျား၊ Myanmar-Russia TIGER POPULATION PRESERVATION စာတမ်း၊ Tiger Forum တံဆိပ်၊ မန္တလေးမြို့ရိုး၊ ကရင်မလင်နန်းတော် | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ | ||
၁၆ | ၉ အောက်တိုဘာ ၂၀၂၂ | မြန်မာ့ဒေသရင်း စွေ့ငှက် | စွေ့ငှက်ပုံ | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ၊ မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ် တံဆိပ်ခေါင်းအတွဲ၏ ပထမမြောက်ထုတ်ဝေမှု |
၁၇ | ၂၃ နိုဝင်ဘာ ၂၀၂၂ | မြန်မာ့ဒေသရင်း နဖားကြူး (ခ) အမြီးဝိုင်းငှက် | နဖားကြူးငှက် | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ၊ မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ် တံဆိပ်ခေါင်းအတွဲ၏ ဒုတိယမြောက်ထုတ်ဝေမှု |
၁၈ | ၂ ဒီဇင်ဘာ ၂၀၂၂ | မြန်မာ့ဒေသရင်း ငှက်မင်းသားဝမ်းဖြူ | ငှက်မင်းသားဝမ်းဖြူ | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ၊ မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ် တံဆိပ်ခေါင်းအတွဲ၏ တတိယမြောက်ထုတ်ဝေမှု |
၂၀၂၃
[ပြင်ဆင်ရန်]စဉ် | ထုတ်ဝေသည့်နေ့စွဲ | အကြောင်းအရာ | တံဆိပ်ခေါင်းပါပုံ | တံဆိပ်ခေါင်းအရွယ်အစားနှင့်ပုံစံ | ထုတ်ဝေသည့်အရေအတွက် | တန်ဖိုး | မှတ်ချက် |
---|---|---|---|---|---|---|---|
၁ | ၄ ဇန်နဝါရီ ၂၀၂၃ | (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ | ရဋ္ဌနန္ဒက ရတနာဆင်ဖြူတော် | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ |
၂ | ၅ ဇန်နဝါရီ ၂၀၂၃ | မြန်မာ့ဒေသရင်း ဘီးလုံးငှက် | ဘီးလုံးငှက် | ၄၂ × ၃၀ မီလီမီတာ (အလျားလိုက်) | ၃၀၀,၀၀၀ | ၂၀၀ ကျပ် | FDC ထွက်ရှိ၊ မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ် တံဆိပ်ခေါင်းအတွဲ၏ စတုတ္ထမြောက်မြောက်ထုတ်ဝေမှု |