မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်

[ပြင်ဆင်ရန်]

၁၉၃၉-ခုနှစ်၊ စက်တက်ဘာလ ၁ ရက်နေ့တွင် ဂျာမန်တို့သည် ပိုလန်နိုင်ငံကို ရုတ်တစ်ရက် ဝင်ရောက် တိုက်ခိုက်ကြ လေသည်။ ထိုအခါဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ပိုလန်နိုင်ငံကို ကူညီရန်တာဝန် ရှိသည့်အလျောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ဂျာမနီနိုင်ငံအား စစ်ကြေညာ ခဲ့လေသည်။ ထိုသို့အားဖြင့် ဥရောပတိုက်၌ စစ်မီးများ စတောက်နေချိန်တွင် မြန်မာပြည်၌ အမျိုးသား စည်းလုံးရေး စိတ်ဓာတ်၊ နယ်ချဲ့တို့ကို တော်လှန်ရေး စိတ်ဓတ်တို့ တက်ကြွ ပြင်းထန်လျက် ရှိလေသည်။ သခင်အောင်ဆန်း အမှူးပြုသော မျိုးချစ်လူငယ် ခေါင်းဆောင်တို့က ဗြိတိသျှတို့ကို မြန်မာနိုင်ငံမှ နှင်ထုတ်ရန် ကြံစည်အားထုတ်ကြလေသည်။


၁၉၄ဝပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းသည် မြန်မာပြည်မှ ရုတ်ခြည်း ပျောက်သွားလေသည်။ ၁၉၄၁ခုနှစ် ဧပြီလလောက်တွင် မြန်မာပြည်သို့ ရုပ်ဖျောက်၍ ပြန်ရောက်လာပြီးလျှင် ပြည်တွင်းပြည်ပ တော်လှန်ရေးအတွက် မြန်မာလူငယ် ခေါင်းဆောင်တို့နှင့် တိုင်ပင်လေသည်။ ထိုနောက် သခင်အောင်ဆန်းသည် မြန်မာပြည်မှ တစ်ဖန် ထွက်ခွာသွား လေသည်။ ထိုအခါ ပြည်တွင်း၌ ကျန်ခဲ့သော မျိုးချစ်ခေါင်းဆောင်တို့က သခင်အောင်ဆန်း အပါအဝင် လူငယ်ပေါင်း ၃ဝ မျှကို စစ်သင်တန်းတက်ရန် ရွေးချယ်၍ တစ်သုတ်ပြီးတစ်သုတ် ဂျပန်နိုင်ငံသို့ လျှို့ဝှက်စွာ ပို့ခဲ့ကြ လေသည်။ ယင်းတို့သည်ကား နောင်အခါ ယိုးဒယားနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ခေါင်းဆောင် ဖွဲ့စည်းခဲ့၍ ရဲဘော်သုံးကျိပ်ဟု အမည်တွင်သူများ ဖြစ်လေသည်။


ထိုအချိန်က မြန်မာပြည် ဘုရင်ခံသည် ဆာဒေါ်မန်စမစ် ဖြစ်၍ နန်းရင်းဝင်မှာ ဦးစော ဖြစ်လေသည်။ ဦးစောသည် ၁၉၄၁ ခုနှစ် အောက်တိုဘာလဆန်းတွင် ဗြိတိသျှနန်းရင်းဝန် မစ္စတာ ချာချီနှင့် အတ္တလန္တိတ် ကြေငြာ ချက်ကို အခြေခံပြုလျက် မြန်မာပြည် လွတ်လပ်ရေးကိစ္စကို အရေးဆိုရန် ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့လေသည်။ သို့ရာတွင် ဗြိတိသျှ အစိုးရထံမှ ကျေနပ်ဖွယ်ရာ အဖြေကို မရသဖြင့် မြန်မာပြည်သို့ ပြန်ခဲ့သည်တွင် ဂျပန်နှင့် အဆက်အသွယ်ရှိသည် ဟုဆို၍ ဗြိတိသျှတို့က ဦးစောအား လမ်းခုလတ်၌ ဖမ်းဆီးလိုက်လေသည်။ ထိုနောက် ဦးစောကို အာဖရိကတိုက ယူဂန်ဒါးနယ်တွင် ချုပ်ထားလေသည်။

ထိုသို့ ဦးစောသည် ဗြိတိသျှအစိုးရနှင့် အရေးဆို၍ ပြန်လာနေခိုက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန် တို့သည် စစ်မကြေညာဘဲ အမေရိကန်ပြည်ထောင်စုပိုင် ဟာဝိုင်းယန်းကျွန်းရှိ ပါးလဟာဗာ ခေါ်ပုလဲဆိပ်ကမ်းကို ရုတ်တစ်ရက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြလေသည်။ ယင်းသို့ စတင်တိုက် ခိုက်ပြီးနောက် နာရီပေါင်းများစွာကြာမှ ဂျပန်အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ကို စစ်ကြေညာလေသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့က ဂျပန်ကို တုံ့ပြန် စစ်ကြေညာသည်။ ဂျပန် အပါအဝင် ဝင်ရိုးတန်းနိုင်ငံများ ဖြစ်သော ဂျာမနီနှင့် အီတလီ နိုင်ငံတို့ကလည်း အမေရိကန်ပြည်ထောင်စုကို စစ်ကြေညာကြ၍ အမေရိကန်ပြည်ထောင်စုကလည်း ပြန်လည်တုံ့ပြန်လေသည်။

ထိုသို့ မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများ အပြန်အလှန် စစ်ကြေညာကြခြင်းအားဖြင့် စစ်မီးသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလေတော့သည်။


အနောက်ဘက် ဥရောပတွင် အစပြုခံသော ဒုတိယကမ္ဘာစစ်သည် ဂျပန်၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် အရှေ့တိုင်း နိုင်ငံများသို့ ကူးစက်လာခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာသည် ဂျပန်နှင့် အင်္ဂလိပ်၊ အမေရိကန်တို့ စစ်ခင်းရာဒေသဖြစ်လာလေသည်။ ဂျပန်တို့သည် အငိုက်တွင် ဝင်စီးလိုက်ရသဖြင့် အင်္ဂလိပ်၊ အမေရိကန်ပိုင် နယ်မြေများကို တစ်ခုပြီးတစ်ခု ချီတက်သိမ်းပိုက်ခဲ့ရာ ဂူအမ်ကျွန်း၊ ဝိတ်ကျွန်း၊ ဟောင်ကောင်ကျွန်း၊ ဖိလစ်ပိုင် ကျွန်းများ၊ လူဇုန်၊ ဗာတန်း၊ ကော်ရက်ဂျီဒေါ်၊ စဲလဗီး အစရှိသော ကျွန်းတို့သည် လည်းကောင်း၊ စကသ္မာပူ ခံတပ်မြို့ကြီးသည်လည်းကောင်း၊ မလ္လာယု ပြည်မကြီးသည်လည်းကောင်း မရှုမလှ ကျဆုံးခဲ့ရလေသည်။ ထိုအချိန်မှာပင် ဂျပန်တို့သည် ယိုးဒယားနိုင်ငံကို အခြေပြု၍ မြန်မာပြည်တွင်းသို့ စစ်ကြောင်း သုံးကြောင်း ဖြန့်လျက် ဝင်လာကြလေသည်။ သခင်အောင်ဆန်း အမှူးပြု၍၊ ဂျပန်နိုင်ငံတွင် စစ်သင်တန်း တက်ခဲ့သော မြန်မာလူငယ် စုသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားနိုင်ငံ၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ အိုင် အေ)ကို ဖွဲ့စည်းခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တို့ မြန်မာပြည်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင် ကူညီခဲ့လေသည်။

ဂျပန်စစ်တပ်တို့သည် မြန်မာပြည် တောင်ဘက်အစွန်းဆုံးရှိ ကော့သောင်းမြို့ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သိမ်းပိုက်မိလေသည်။ ၁၉၄၂ ခုနှစ် ဇဝါရီလ ၃၁ ရက်နေ့တွင် မော်လမြိုင်ကိုလည်းကောင်း တိုက်ခိုက် သိမ်းပိုက်ခဲ့လေသည်။ ထိုအချိန်တွင် မြန်မာပြည် စစ်မျက်နှာရှိ ဗြိတိသျှတပ်များကို အိန္ဒိယပြည် စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူး ဝေဗယ်က ကွပ်ကဲ အုပ်ချုပ်လျက် ရှိလေသည်။ ( ဝေဗယ်၊ ဗိုလ်ချုပ်။)


တရုတ် စစ်မျက်နှာ၏ မဟာမိတ် စစ်သေနာပတိချုပ် ချန်ကေ ရျိတ်ထံမှ စစ်ကူကိုလည်း တောင်းခဲ့လေသည်။ မော်လမြိုင်မြို့ ကျဆုံးပြီးနောက် ဗြိတိသျှတပ်များသည် သံလွင်မြစ် အနောက် ဘက်ကမ်းသို့ ဆုတ်ခွာလျက် ဂျပန်တို့ကို ခုခံရန် စစ်ပြင်ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်လာလ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီမိနစ် ၄ဝ အချိန်တွင် ဂျပန် လေတပ်က ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်လေသည်။ မြို့နေလူထုအတွက် လေကြောင်း အန္တရာယ်မှ အကာကွယ် လုံလောက်စွာ မရှိသည်က တစ်ကြာင်း၊ ရန်သူလေယာဉ်ပျံများကို ဆီးကြို တိုက်ခိုက် နိုင်လောက်အောင် လေတပ်အင်အား မရှိသည်က တစ်ကြောင်းတို့ကြောင့် အထိအခိုက်အသေအပျောက် များသည်။ မင်္ဂလာဒုံ လေယာဉ်ပျံကွင်း၌ ရှိသမျှသော အာ၊ အေ၊ အက်(ဖ)လေယာဉ်ပျံများနှင့် အေ၊ ဗီ၊ ဂျီ အမေရိကန် အပျော်တမ်း လေတပ်မဟာမှ လေယာဉ်ပျံများကမူ ရန်သူလေယာဉ်ပျံ အချို့ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြ လေသည်။ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်ပွဲတော်နေ့တွင် ရန်ကုန်မြို့ကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ပြန်သည်။

ရန်ကုန်မြို့နေ လူထုသည် စိတ်ဓာတ်ပျက်ပြားကုန်သဖြင့် မိမိတို့ အိုးအိမ်များ ကိုစွန့်ပစ်၍ လွတ်ရာသို့ ရှောင်တိမ်း ကြလေသည်။ အိန္ဒိယအမျိုးသား ထောင်သောင်း များစွာတို့သည်လည်း တောင်ကုတ် တောင်ကြားလမ်းမှ တစ်ဆင့် အိန္ဒိယပြည်သို့ ပြန်ရန်ပြည်မြို့ ဘက်သို့ တစ်စီတစ်တန်းကြီး ခြေလျင် ထွက်ခွာခဲ့ကြလေသည်။ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ ဗြိတိသျှစစ်တပ်များသည် ဂျပန်စစ်တပ်၏ အင်အားကြီးမားခြင်းကြောင့် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် စစ်တောင်းမြစ်ဘက်သို့ တစ်ဖန်ဆုတ်ခွာပေးရလေသည်။ သို့ရာတွင် ဂျပန်စစ်တပ်သည် စစ်တောင်းတံတားကို အလျင်အုပ်စီးမိရန် တောလမ်းမှ ပန်းတက်လာသဖြင့် ဗြိတိသျှတပ်တို့သည် တံတားကို ချိုးဖျက်၍ တစ်ဘက်ကမ်းသို့ ကမန်းကတန်း ဆုတ်ခွာခဲ့ရလေသည်။ ဂျပန်တို့သည် စစ်တောင်းမြစ်ကို ဖြတ်ကျော်၍ ပဲခူးမြို့ဘက်သို့ ချီတက်လာကြလေသည်။

ယင်းတို့၏ အကြံမှာ ရန်ကုန် မန္တလေးလမ်းကို ဖြတ်ရုံမက ရန်ကုန် ပြည်လမ်းကိုလည်း အဆက်ပြတ်အောင် ပြုလုပ်ရန် ဖြစ်လေသည်။ ထိုသို့ လမ်းမကြီးနှစ်သွယ်ကို ဖြတ်လိုက်ခြင်းအားဖြင့် ရန်ကုန်နယ်တစ်ဝိုက်မှာ ဝိုင်းမိလျက်ရှိမည့်အပြင် ပဲခူးမြို့မြောက်ဘက်နှင့် မြို့တောင်ဘက်ရှိ ဗြိတိသျှ တပ်များသည်လည်း ခါးပြတ်ဖွယ် ရှိလေသည်။ ဘုရင်ခံမှ အစအုပ်ချုပ်ရေးပိုင်းမှ အရာရှိ အရာခံတို့သည် ရန်ကုန်မြို့မှ ထွတ်ခွာရန် အချိန်ရောက်လာလေပြီ။

ထိုကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဘုရင်ခံက ရန်ကုန်မြို့မှ ထွက်ခွာကြရန် အမိန့်ပေး နှိုးဆော်ပြီးနောက်၊ မတ်လ ၁ ရက်နေ့တွင် အစိုးရအဖွဲ့သည် မေမြို့သို့ ပြောင်းရွှေ့ခဲ့လေသည်။ မတ်လ ၆ ရက်နေ့တွင် ဂျပန်စ်စတပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ရဲဘော်အချို့တို့သည် သံလျင်မြို့အနီးသို့ ရောက်ရှိလာကြ လေသည်။ မတ်လ ရ ရက်နေ့တွင် ရန်ကုန်မြို့စောင့်တပ်သည်လည်း ပြည်မြို့ဘက်သို့ ဆုတ်ခဲ့ ကြလေသည်။ ထိုအချိန်တွင် စစ်သူကြီး ချန်ကေရှိတ်၏ သဘောတူညီချက်အရ စစ်ကူရောက်လာကြသော တရုတ်တပ်များသည် တောင်ငူမြို့၌ တပ်စွဲလျက် ရှိကြသည်။

အမေရိကန် သမ္မတက မြန်မာပြည်ရှိ တရုတ်တပ်များကို ကွပ်ကဲရန် ဗိုလ်ချုပ်ကြီး စတီးဝဲကို စေလွှတ်ထားခဲ့သည်။ မြန်မာပြည် ဘုရင်ခံနှင့် အစိုးရအဖွဲဝင် ဝန်ကြီး အချို့တို့သည် မေမြို့တွင် ရုံးစိုက်လျက်ရှိရာ ဦးစောနေရာတွင် ဆာပေါ်ထွန်းကို နန်းရင်းဝန်အဖြစ် ခန့်အပ်ထားသည်။


သို့သော် ဘုရင်ခံနှင့် အစိုးရအဖွဲ့ တို့သည် မည်ကာမတ္တဖြစ်လေ သည်။ တိုင်းပြည်တစ်ခုလုံးလည်း ချောက်ချားလျက်ရှိ၍တစ်နယ်နှင့် တစ်နယ်မှာလည်း အဆက်အသွယ် ပြတ်လျက်ရှိသည်။ ထိုအချိန်တွင် အစိုးရအတွက် အခက်အခဲဆုံး ပြဿနာမှာ ရန်ကုန်မြို့ကို စွန့်ခွာခဲ့သော အိန္ဒိယအမျိုးသား စစ်ပြေးဒုက္ခသည်များသည် ပြည်မြို့မှ တစ်ဆင့် တောင်ကုတ်တောင်ကြား လမ်းကို ဖြတ်၍ရခိုင်ပြည်ဘက်သို့ ကူးကြပြီးနောက် ထိုမှတစ်ဆင့် အိန္ဒိယပြည်သို့ သွားကြမည့် အရေးပင် ဖြစ်၏။ သို့သော် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်တို့မှာ ရေငတ်၍သော်လည်းကောင်း၊ ခရီးပန်း၍ သော်လည်းကောင်း၊ ကပ်ရောဂါ ကျရောက်၍ သော်လည်းကောင်း လမ်းခရီး၌ပင် သေဆုံးကြရလေသည်။

၁၉၄၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ ကျဆုံးပြီးနောက် တောင်ကုတ်လမ်းတွင် စစ်ပြေးဒုက္ခသည်များဖြင့် ပိတ်ဆို့ နေသဖြင့် ဗြိတိသျှ စစ်တပ်များသည် ထိုလမ်းမှ ဆုတ်ခွာရန် မဖြစ်နိုင်တော့ချေ။ မြန်မာပြည် မြောက်ဖျားရှိ တစ်မူးလမ်းသာလျှင် ပွင့်လျက်ရှိလေသည်။ ထိုကြောင့် မြန်မာပြည်အရပ်ရပ်မှ အိန္ဒိယ အမျိုးသား ဒုက္ခသည်များလည်း ထိုတစ်မူးလမ်းမှတစ်ဆင့် အန္ဒိယပြည်သို့ ပြန်ရန်အတွက် မန္တလေးမြို့အနီး အမရပူရမြို့တွင် စုရုံးနေခဲ့ကြလေသည်။

ဗြိတိသျှ စစ်တပ်များကလည်း ထိုလမ်းတစ်သွယ်ကိုပင် အားကိုး အားထားပြုနေရသဖြင့် တစ်နေ့လျှင် စစ်ပြေး ဒုက္ခသည် ၅ဝဝ မျှကိုသာ သွားခွင့်ပြုခဲ့လေသည်။ ဂျပန်တပ်များသည် အနောက်စစ်ကြောင်းတွင် ပြည်မြို့ဘက်သို့လည်းကောင်း၊အရှေ့စစ်ကြောင်းတွင် တောင်ငူမြို့ဘက်သို့ လည်းကောင်း ချီတက်လျက် ရှိကြလေ သည်။ မတ်လ ၂၁ ရက်နေ့တွင် မကွေး၌ ရှိသော ဗြိတိသျှ လေတပ်စုကိုလည်း ဂျပန် လေတပ်က အပြီးအပိုင် ချေမှုန်းပစ်ခဲ့လေသည်။ ထိုသို့အားဖြင့် မြန်မာပြည် မြို့များသည်လည်းကောင်း ဂျပန်ကို ခုခံလျက်ရှိသော ဗြိတိသျှတို့ဘက်မှ တပ်များသည် လည်းကောင်း၊ လေကြောင်း အကာ အကွယ်ဟူ၍ လုံးဝ မရရှိကြတော့ချေ။ ထိုနောက် ပြည်မြို့ဘက်ရှိ ဗြိတိသျှတပ်များနှင့် တောင်ငူမြို့ဘက်ရှိ တရုတ်တပ်များသည် မြောက်ဘက်သို့ ဆုတ်ခွာရလေသည်။

မြန်မာပြည်အလယ်ပိုင်းရှိ ရေနံတွင်းများကို ရန်သူ့လက်သို့ မကျအောင် ဆက်လက် ကာကွယ်ရပေဦးမယ်။ ဧပြီလ ၃ ရက်နေ့တွင် ဂျပန်လေတပ်က မန္တလေးမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ မြို့ပျက်လေသည်။ ရေနံတွင်းများကို ကာကွယ်ရန်အတွက် အောင်လံမြို့အထက်ရှိ မိကျောင်းရဲ၌ ချထားသော စစ်ကြောင်းသည်လည်းကောင်း၊ တောင်တွင်းကြီး စစ်ကြောင်းသည် လည်းကောင်း ကျိုးပေါက်သဖြင့် ဧပြီလ ၁၅ ရက်နေ့တွင် ရေနံတွင်းများကို ဖျက်ဆီး၍ မန္တလေးဘက်သို့ ဆုတ်ခွာရပြန်သည်။ ထိုအချိန်တွင် တောင်ငူမှ တရုတ်တပ်များကို တိုက်ထုတ်ချီတက်လာသော ဂျပန်တပ်များသည် ရှမ်းပြည်ဘက်မှ စစ်ကြောင်းဖြန့်၍ မေမြို့ကို သိမ်းရန် မြောက်ဘက်သို့ ချီတက်လာကြလေသည်။

ထိုကြောင့် ဘုရင်ခံနှင့် အစိုးရ အဖွဲ့ ရုံးစိုက်ရာလည်းဖြစ်၍၊ စစ်ဘက် ဌာနချုပ်လည်း ဖြစ်သော မေမြို့မှ ရွှေ့ပြောင်းရမည့်အချိန် ဆိုက်ရောက်လာလေသည်။ ဗြိတိသျှ ဗိုလ်ချုပ်မှူး အယ်လက်ဇန္ဒားသည် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ဌာနာချုပ်ကို ရွှေဘိုမြိုသို့ ပြောင်းရွှေ့ခဲ့လေသည်။

အစိုးရအဖွဲ့ကမူ၊ မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့ရုံးစိုက်လေသည်။ ဂျပန်တပ်များက လားရှိုးမြို့ကို သိမ်းပိုက်မိသောအခါ ဗြိတိသျှတပ်များအဖို့ စစ်ရေးမလှသဖြင့် ဗိုလ်ချုပ်းမှူး အယ်လက်ဇန္ဒားသည် ဧပြီလ ၃ဝ ရက်နေ့တွင် တစ်မူးဘက်မှ အိန္ဒိယပြည်သို့ ဆုတ်ခွာရန် မိမိတပ်များကို အမိန့်ပေးလေသည်။ ထိုနေ့ညဉ့်၌ပင် အင်းဝတံတားကြီးကို ချိုးဖောက် ဖျက်ဆီးကြလေသည်။ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော ဘုရင်ခံ ဆာဒေါ်မန်စမစ်လည်း မေလ ၄ ရက်နေ့တွင် အိန္ဒိယပြည်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့လေသည်။ မေလ ၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ကို ဂျပန်တပ်များက သိမ်းပိုက်မိကြလေသည်။

ဗြိတိသျှတပ်များသည် ရွှေဘိုမြို့မှ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်ရှိ ကလေးဝမြို့သို့ ဆုတ်ခွာလာသည်။ မေလ ၁ရက်နေ့တွင် ဂျပန်တို့သည် မုံရွာမြို့၌ တပ်စွဲလျက် ရှိပြီဖြစ်သည်။ ဂျပန်တပ်များသည် ဗြိတိသျှတပ်တို့၏ ထွက်ပေါက်ကို ဆီးကြိုပိတ်ဆို့နိုင်ရန် ကလေးဝမြို့နှင့် မြစ်တစ်ဘက်ကမ်းပေါ်ရှိ ရွှေကျင်ရွာသို့ အပြင်းချီတက်လာကြ လေသည်။ ရွှေကျင်ရွာတွင် နှစ်ဦးနှစ်ဘက် ဆုံမိ၍ တိုက်ပွဲဖြစ်ပွားသေးသည်။ သို့ရာတွင် မေလ ၁၄ ရက်နေ့၌ ဗြိတိသျှတပ်အားလုံး ချင်းတွင်းမြစ်ကို ဖြတ်ကျော်မိကြ လေသည်။

မြန်မာပြည်ရှိ တရုတ်တပ်များကို အုပ်ချုပ်လျက်ရှိသော အမေရိကန် ဗိုလ်ချုပ်စတီးဝဲသည် ရွှေဘိုမြို့မှ ချင်းတွင်းမြစ် ကမ်းပေါ်ရှိ ဟုမ္မလင်းမြို့သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ခြေလျင်ခရီးဖြင့် တစ်မူးတောင်ကြားကို ဖြတ်၍ စစ်ဌာနချုပ်တည်ရာ အင်ဖားမြို့သို့လည်းကောင်း မေလ ၂ဝ ရက်နေ့တွင် ရောက်ရှိသွားလေသည်။ မြန်မာပြည်မှ အိန္ဒိယပြည်ဘက်သို့ မဟာမိတ် တပ်များဆုတ်ခွာခဲ့ရာ၌ တောကြီးတောင်ကြီးများသို့ လမ်းထွင်၍ သွားရသည်။ တစ်ခါတစ်ရံ သစ်တောများ အလွန်ထူထပ်သဖြင့် လမ်းထွင်၍ သွားရန် ခက်သောကြောင့် မြစ်ချောင်းများကိုဖြတ်ကာ ခြေလျင်လျှောက်ကြရသည်။ ဖောင်ဖွဲ့၍လည်း ကူးရသည်။

ဤသို့လျှင် မဟာမိတ်တပ်များသည် ရက်ပေါင်း ၂ဝ ခန့် ပင်ပန်းခဲယဉ်းစွာ အိန္ဒိယပြည်သို့ ဆုတ်ခွာခဲ့ကြရလေသည်။ ဂျပန်တပ်များသည် စစ်ကြောင်း ရှည်လာသည်က တစ်ကြောင်း၊မိုးရာသီ ကျရောက်လာသည်က တစ်ကြောင်း တို့ကြောင့် အိန္ဒိယပြည်တွင်းသို့ စစ်ချီတက်တိုက်ခိုက်ရန် အားမထုတ်နိုင်ဘဲ၊ နယ်စပ်၌ပင် စစ်တန့်နေလိုက်သည်။ ဂျပန်တို့က မြန်မာပြည်ကို အောင်မြင်ပြီးလျှင် လွတ်လပ်ရေး ပေးမည်ဟု ကတိပြုခဲ့ကြသည်။ သို့ရာတွင် ဂျပန်တို့သည် မြန်မာပြည်ကို ဖက်စစ်ဆံဆံ အုပ်ချုပ်ကြသောကြောင့် သခင်ခေါင်းဆောင် အချို့သည် မကျေမနပ်ဖြစ်၍၊ ဖက်စစ်တော်လှန်ရေး လုပ်ငန်းကို စတင် စီစဉ်ခဲ့ကြ လေသည်။ ဂျပန်တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း ဖျက်သိမ်းစေခဲ့ပြီးလျှင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီ ဒီ အေ) ဟူ၍ ပြန်လည် ဖွဲ့ွဲ့းစေသည်။ ထို့ပြင် ဆင်းရဲသား ဝံသာနုအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဘမော်ကို ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းရန် တာဝန်ပေးအပ်လေသည်။ ဒေါက်တာ ဘမော်လည်း အာဏာရှင် အမည်ကို ခံ၍ သခင်တို့၏ တို့ဗမာ အစည်းအရုံးနှင့် ဆင်းရဲသား ဝံသာနုအဖွဲ့တို့ကို ပူးပေါင်းလျက် တို့ဗမာ ဆင်းရဲသား အစည်းအရုံး အမည်သစ်ဖြင့် နိုင်ငံရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သခင်ခေါင်းဆောင်အချို့တို့ ပါဝင်သော ယယီ အစိုးရ အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့လေသည်။

ယာယီအစိုးရအဖွဲ့က လွတ်လပ်သော မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်အစိုးရက မြန်မာပြည်ကို အချုပ်အချာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့လေသည်။ အစိုးရ အဖွဲ့သစ်၏ ခေါင်းဆောင် ဒေါက်တာဘမော်ကိုလည်း နိုင်ငံတော် အဓိပတိဟု ခေါ်တွင် လာလေသည်။ မြန်မာအစိုးရသည် ဖက်စစ် ဂျပန်တို့၏ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဝါဒကို ကျင့်သုံး၍ အုပ်ချုပ်ကြ လေသည်။

သို့ရာတွင် လွတ်လပ်ရေးစာချုပ်နှင့် တစ်ချိန်တည်း ချုပ်ဆိုလိုက်ရသော လျှို့ဝှက် စစ်စာချုပ်အရ မြန်မာနိုင်ငံအစိုးရက ဂျပန်အစိုးရအား မဟာအရှေ့အာရှ စစ်ကြီးကို တိုက်ခိုက်ရာ၌ လိုအပ်သမျှသော မြန်မာနိုင်ငံတွက် ပစ္စည်းကို အခါမလင့် သုံးခွင့်ပေးရမည်။ ကင်ပေတိုင်ခေါ် ဂျပန် စစ်ပုလိပ်၏ ပြုမှုဆောင်ရွက်ချက်များတွင် မြန်မာအစိုးရက ဝင်ရောက်စွက်ဘက်ခွင့် မရှိရဟူသော အချက်လည်းပါရှိသည်ဟု ဆိုလေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီဟု ဆိုရငြားသော်လည်း မျိုးချစ် မြန်မာလူငယ်တို့ကို ဂျပန်စစ်ပုလိပ်တို့က ဖမ်းဆီးချုပ်နှောင်၍ ည|ဉ်းဆဲမှုမျိုးစုံဖြင့် မသေမရှင် နှိပ်စက်သည်ကိုပင် မြန်မာအစိုးရက ဝင်ရောက်စွက်ဘက်ခွင့်မရှိခဲ့ချေ။ ထိုအခါ မြန်မာလူထုသည် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာ့ကာကွယ်ရေး တပ်မတော်ကို အထူးပင် အားကိုးလာလေသည်။

အိန္ဒိယပြည်သို့ ရောက်ရှိနေသော မြန်မာပြည် ဘုရင်ခံနှင့် အတိုင်ပင်ခံများ ဖြစ်ကြသော ဆာပေါ်ထွန်းနှင့် ဆာထွန်းအောင်ကျော်တို့သည် ဆင်းမလားမြို့တွင် ရုံးစိုက်၍ စစ်ပြီးခေတ် မြန်မာပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် စီမံကိန်းများကို ရေးဆွဲခဲ့ကြသည်။ ၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ အစပြု၍ ရေတပ်ဗိုလ်ချုပ်မှူး လော့မောင့်ဗက်တင် သည်လည်း အာရှအရှေ့တောင်ပိုင်းရှိ မဟာမိတ် တပ်ပေါင်းစု၏ စစ်သေနာပတိချုပ် ဖြစ်လာလေသည်။ ( မောင့်ဗတ်တင် … လူဝီ။)

၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလလောက်မှ စ၍ ဗိုလ်ချုပ် ဝင်းဂိတ်ခေါင်းဆောင်သော အသေခံ မြန်မာတိုင်းရင်းသား တပ်တို့သည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဂလိုက်ဒါနှင့် သက်ဆင်းခဲ့ကြသည်။ ၁၉၄၄ ခုနှစ် မတ်လတွင် ဂျပန်တို့သည် အိန္ဒိယပြည်တွင်း ချင်းနင်း ဝင်ရောက်ရန် ထိုးစစ်စတင် ဆင်နွှဲလျက် မဏိပူရနယ် အင်ဖားမြို့ကို တိုက်ခိုက်သော်လည်း ရှေ့သို့ မတိုးနိုင်ဘဲ စစ်ရေးနိမ့်သဖြင့် ဆုတ်ခွာခဲ့ရလေသည်။ ထိုနှစ် ဧပြီလတွင် ဗိုလ်ချုပ် ဝင်းဂိတ်၏ ခြသေသ္မ့တပ်ဖွဲ့ (ချင်ဒစ်) ကလည်း လေကြောင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်စစ်မျက်နှာ နောက်ပိုင်းသို့ ချင်းနင်း ဝင်ရောက်၍ စစ်ရေးဆိုင်ရာ အဆက်အသွယ်များကို နှောင့်ယှက် ဖျက်ဆီးလျက် ရှိလေသည်။ မဟာမိတ်တို့သည် ကမ္ဘာ့အနောက်ပိုင်းတွင် စစ်ရေး သာနေချိန် ဖြစ်သဖြင့် ဗိုလ်ချုပ်ကြီး စလင်း ဦးစီးသော အမှတ် ၁၄ တပ်မတော်ကလည်း မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ရန် မြောက်ပိုင်း၌ ထိုးစစ်ဆင်လာခဲ့လေသည်။

ဂျပန်တို့၏ ဘက်ဆစ်ဆံသော အုပ်ချုပ်ရေးဒဏ်ကို ခံနေရသော မြန်မာတိုင်းရင်းသား လူထုတစ်ရပ်လုံး သည်လည်း မခံမရပ်နိုင်ဖြစ်၍ တော်လှန်လိုသော စိတ်ပြင်းထန်လာလေသည်။ ထိုကြောင့် ၁၉၄၄ ခုနှစ် ဩဂုတ်လဆန်းတွင် အာရှလူငယ် အစည်းအရုံး၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် --- ဆိုရှယ်လစ်ပါတီ)၊ (မြေအောက်) ကွန်မျူနစ်ပါတီနှင့် ဗမာ့တပ်မတော်တို့သည် ပူးပေါင်း၍ ဘက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြလေသည်။ ( ဖဆပလ။) ထိုနောက် ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးစလောက်တွင် အိန္ဒိယပြည်သို့ တိတ်တဆိတ် ထွက်ခွာသွားပြီးလျှင် မဟာမိတ်တို့နှင့် အဆက်အသွယ် ရရှိနေသာ သခင်သိန်းဖေနှင့် ရဲဘော်တင်ရွှေတို့မှ တစ်ဆင့် မဟာမိတ် တို့နှင့် စကားကမ်းလှမ်းကာ ဘက်ဆစ်တော်လှန်ရေးကို စီစဉ်ကြ လေသည်။

၁၉၄၄ ခုနှစ် နောက်ပိုင်းတွင် ဂျပန်တို့သည် အဆုတ်သာရှိလေသည်။ မဟာမိတ်တပ်များကား အောင်မြင်စွာ ပြန်လည် ချီတက်နိုင်ခဲ့သည်။ မဟာမိတ်တပ်တို့သည် ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ကြသည်။ နိုဝင်ဘာလတွင် ဖို့ဝှိုက်ကို ဗြိတိသျှတပ်များ ရရှိ၍ ထိုလတွင်ပင် တရုတ်တပ်များ ဗန်းမော်မြို့သို့ ဝင်သည်။ ယခုအကြိမ်တွင် မဟာမိတ်တို့ဘက်၌ လေကြောင်းအင်အား လက်နက်အင်အား သာလာပြီဖြစ်၍ ဂျပန်တပ်များသည် တောင်ဘက် မန္တလေးမြို့နှင့် မိတ္ထီလာမြို့များသို့ အပြင်း ဆုတ်ခွာခဲ့ရလေသည်။ သို့ရာတွင် မဟာမိတ်တို့က ၁၉၄၅ ခုနှစ် မတ်လ ၄ ရက်နေ့၌ မိတ္ထီလာမြိုကိုလည်းကောင်း၊ မတ်လ ၂ဝ ရက်နေ့၌ မန္တလေးမြို့ကို လည်းကောင်း သိမ်းပိုက်မိကြသည်။ ထိုနှစ် စောစောပိုင်းကလည်း ရေကြောင်းမှ စစ်တွေမြို့ကို သိမ်းခဲ့၏။ ထိုသို့ ဂျပန်တို့ ဆုတ်ခွာနေရစဉ် ဗမာ့ကာကွယ်ရေး တပ်မတော်ကလည်း ဂျပန်တော်လှန်ရေး လုပ်ငန်းကို စတင်ရန် အခါအခွင့်ကို ငံ့လျက်ရှိကြလေသည်။


၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (ပြည်သူ့တပ်မတော်)သည် မြန်မာနိုင်ငံ အနှံ့ အပြား၌ ဂျပန်တော်လှန်းရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့လေသည်။ ဗမာ့တပ်မတော်သားများနှင့် ဖက်စစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တို့သည် ရုပ်ဖျောက်ကာ ပြောက်ကျား စစ်ဆင်နည်းဖြင့် ဂျပန်တို့အား တိုက်ခိုက် ကြလေသည်။ ထိုတော်လှန်ရေး၏ ထိရောက်စွာ ဆောင်ရွက်မှု ကြောင့် မဟာမိတ်တို့သည် မြန်မာပြည်ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရာ၌ လွယ်ကူလျင်မြန်ခဲ့လေသည်။

မဟာမိတ်တို့ကလည်း ပြည်သူ့တပ်မတော်ကို မျိုးချစ် တပ်မတော်ဟူသော အမည်ဖြင့် အသိအမှတ် ပြုကြသည်။ ထိုသို့အားဖြင့် ဂျပန်တပ်များသည် တောင်ဘက်သို့ တစ်ဆုတ်တည်း ဆုတ်ခဲ့ကြရလေရာ နောက်ဆုံး၌ ရန်ကုန်မြို့ကို ဧပြီလ ၂၃ ရက်နေ့တွင် စွန့်လွတ်လိုက်ရလေသည်။ မဟာမိတ်တပ်များသည်လည်း ဧပြီလ ၁ဝ ရက်နေ့တွင် ပဲခူးမြို့ကိုလည်းကောင်း၊ မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ပြည်မြို့တို့ကိုလည်းကောင်း ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။ ဂျပန်တပ်တို့သည် မော်လမြိုင်မြို့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး ကြလေသည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်တို့ လက်နက်ချအရှုံးပေးလေသည်။

မျိုးချစ် ဗမာ့တပ်မတော်သည် မြန်မာနိုင်ငံတွင်း၌ ရှိနေသေးသော ဂျပန်တပ်သား အကြွင်းအကျန်တို့ကို ဆက်လက် ရှင်းလင်းရပြီးနောက် တော်လှန်ရေး ခေါင်းဆောင်များနှင့် အာရှအရှေ့တောင်ပိုင်း စစ်ဌာနချုပ်တို့ သဘောတူညီချုပ်ဆိုကြသော ဂန္ဒီစာချုပ်အရ ဗြိတိသျှ အစိုးရ၏ မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း နိုင်ငံရေး ဆောင်ရွက်ရန် စစ်မှုထမ်း အဖြစ်မှ ှတ်ထွက်ခဲ့သည်။ ဗြိတိသျှတပ်ထဲသို့ မဝင်သူများက ပြည်သူ့ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်း တည်ထောင် ကြလေသည်။


မြန်မာပြည်ကို မဟာမိတ်တို့က ပြန်လည် သိမ်းပိုက်ပြီးနောက်တွင် ဗြိတိသျှအစိုးရသည် ကတ်စဘီခေါ် စစ်ဘက်မြို့ ပြအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပြီးလျှင် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စစ်မဖြစ်မီက အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၃၉ အရ မြန်မာပြည်ကို ပြန်လည်အုပ်ချုပ်လေသည်။ ထိုအုပ်ချုပ်ရေးမှာ မျိုးချစ်စိတ်အလွန်ပြင်းပြနေသော မြန်မာလူထုနှင့် မအပ်စပ်အောင် ဖြစ်လေသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသော နေသူရိန်လူထု အစည်းအဝေး၌ ဘက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ)အဖြစ် ပြောင်းလဲခဲ့လေသည်။ ( ဖဆပလ။) ဖဆပလအလံတော် အောက်တွင် မြန်မာတိုင်းရင်းသား လူထုတစ်ရပ်လုံးသည် မကြုံဖူးအောင် စည်းလုံးညီညွတ်လျက်ရှိပြီးလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးကို အရယူရန် သွေးစည်းခဲ့ကြ လေသည်။ ( မြန်မာ့နိုင်ငံရေးသမိုင်း။)

ပညာရေးစနစ်သို့

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြု၍၊ စာရိတ္တ မြင့်မားမှုကို အခြေခံသော ပညာရေးစနစ်သစ်ကို တည်ထောင်လျက်ရှိ၍ အထူးသဖြင့် သိပ္ပံပညာကို ဦးစားပေးနေသည်။ တော်လှန်ရေးကောင်စီ၏ ပညာရေး ရည်မှန်းချက် ပန်းတိုင်သည် လူတိုင်း အခြေခံပညာကို သင်ယူနိုင်ခွင့် ရရှိရေးဖြစ်သည်။ အထက်တန်းပညာကို မီအောင် လိုက်နိုင်မည့် ကြိုးစားမှုရှိသမူများကိုလည်း အထူးအားပေး၍ သင်ကြားခွင့် ပေးလျက် ရှိလေသည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)