မြန်မာနိုင်ငံဒီမိုကရေစီ (ရှေးခေတ်ဦး)

ဝီကီပီးဒီးယား မှ

ပုဂံဝန်ထောက်မင်းဦးတင်၏ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း" တွင် မဟာသမ္မတမင်းတင်မြှောက်ပုံနှင့်ပတ် သက်ပြီး

"အသိအလိမ္မာ ဉာဏ်ပညာရှိသူ လူတစုတို့သည် မနု မည်သော သုခမိန်ကို မဟာသမတ တင်မြှောက်ကြ သည်။ တင်လျှောက်ပုံမှာ ငါတို့အပေါ်တွင် အသျှင်အစိုးရပြုလုပ် အုပ်ချုပ်ပါ။ ကဲ့ရဲ့ရှုံ့ချ နှင်ထုတ်သင့်သူ၊ မ,စ ချီးမြှောက် စောင့်ရှောက်သင့်သူ တို့ကို တရားလမ်းရှိသမျှ နိဂ္ဂဟ ပဂ္ဂဟ ပြုလုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်အုပ်ချုပ်သည့်အတွက်၊ အုပ်ချုပ်ခံရသူတို့ လုပ်ဆောင်ဖြစ်ထွန်းရရှိသော ပစ္စည်းများမှ ဒသမဘာဂ ဆယ်ဖို့ တဖို့၊ ဆယ်ခိုင် တခိုင်၊ ဆယ်ဖီး တဖီး၊ ဆယ်လုံး တလုံး၊ ဆယ်ပွင့် တပွင့် အချိန်နှင့်အခန့်သင့် ပေးဆက်ကြသည်ကို ခံယူပါဟူ၍ ဝိုင်းဝန်း တိုက်တွန်း ပြောဆိုကြကုန်သည်။ သို့ တင်မြှောက်သူတို့နှင့် မင်းပြုလုပ်မည့်သူတို့သည် အပြန်အလှန် ပဋိဉာဉ် ခံဝန်ကတိစကား ထားကြပြီးသည့်အခါ၊ မင်းလျာ မင်းလောင်းဖြစ်သော သုခမိန်ကို သုံးပါးသော ဘိသိတ်သွန်းလောင်းခြင်းနှင့် မင်းမြှောက်ကြကုန်သည်" ဟုဖော်ပြထားသည်။

မြန်မာတို့သည် ကမ္ဘာဦးအစ "မဟာသမ္မတမင်း" ကိုလက်ခံယုံကြည်ခဲ့ကြကြောင်း ဦးကုလားရေးသည့် မဟာရာဇဝင်ကြီးတွင်လည်းဖော်ပြထားသည်ကိုတွေ့ရသည်။ ထိုမင်းသည် တရားမျှတသည့်မင်းဖြစ်ပြီး မင်းကျင့်တရား (၁၀) ပါး၊ ရာဇဓမ္မ (၁၀) ပါး၊ ရာဇဂုဏ် (၈) ပါး၊ အပရိဟာနိယတရား (၇) ပါး၊ သင်္ဂဟတရား (၄) ပါးနှင့်အညီ အုပ်စိုးခဲ့သည်ဟုဆိုသည်။ ဗမ္ဗူဒီပါကျွန်းတွင် အုပ်စိုးသည့် ထို မဟာသမ္မတမင်းအား ကျွန်းသူကျွန်းသားအပေါင်းတို့က မိမိတို့လုပ်ဆောင်ရရှိသော ပစ္စည်းပစ္စယ တို့ကို ဆယ်ဖို့ တစ်ဖို့၊ ဆယ်ခိုင် တစ်ခိုင်၊ ဆယ်လုံး တစ်လုံး၊ ဆယ်ပင် တစ်ပင် ဆက်ကြရန် သဘောတူခဲ့ကြသည်။ ထိုမဟာသမ္မတမင်းကလည်း ရသေ့မုနိ အစရှိသောသူတော်ကောင်းတို့နှင့် ပေါင်းဖက်တိုင်ပင်ပြီး စကြ၀ဠာနားရှိ အထူးထူးသော "ဓမ္မသတ်ကျမ်းဂန်" များကို ကူးယူစေကာ တရားနှင့်အညီ အဂတိ (၄) ပါးမလိုက်ဘဲ ဆုံးဖြတ်စီရင်ခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။ ရှေးအခါကပင် ပြည်သူတို့ တင်မြှောက်သည့် မင်းသည် ပြည်သူ့ဆန္ဒအတိုင်းအုပ်ချုပ်ကာ ပညာရှိများနှင့် ဥပဒေများရေးဆွဲသတ်မှတ်အုပ်ချုပ်ခဲ့ကြောင်း အထောက် အထားများပင်ဖြစ်သည်။

ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းလာ ကမ္ဘာဦးအစ မဟာသမ္မတမင်းများ တင်မြှောက်ပုံကို လေ့လာကြည့်လျှင် လူအပေါင်းတို့စုဝေးကာ အုပ်ချုပ်မည့်သူကို တညီတညွတ်တည်း သဘောတူ တင်မြှောက်ခဲ့ခြင်း ကြောင့် "မင်း" ဟူ၍ပေါ်ပေါက်ခဲ့ရကြောင်းထင်ရှားသည်။ ပြည်သူအပေါင်းတို့က မင်းအဖြစ်တင်မြှောက်ရမည့် သူကို

"ကျွန်တော်တို့ပြည်သူတို့သည် အချင်းချင်းခိုက်ရန်ဖြစ်ပွားပါက စီရင်ဆုံးဖြတ်ပေးမည့်သူမရှိဖြစ်နေသည်။ သင်သည် လယ်ယာလုပ်ဆောင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကိုမပြုပါနှင့်။ ကျွန်တော်တို့ လုပ်ဆောင်၍ ရသည့်စီးပွားမှ ကျွန်တော်တို့ကဲ့သို့ စားသုံးလောက်အောင် ပေးပါမည်" ဟူ၍တောင်းပန်ပြီး အုပ်ချုပ်ခိုင်းသောကြောင့် အုပ်ချုပ်သည့် မင်းဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

လူအပေါင်းတို့သည် တညီတညွတ်တည်းထိုသို့ဆုံးဖြတ်ကြပြီးနောက် "တိုင်းပြည်ကိုစောင့်ရှောက်နိုင်မည့် ဉာဏ်ပညာနှင့်ပြည့်စုံသော ဘုရားလောင်းကို မင်းမြှောက်ကြသည်" ဟူ၍လည်းဆိုထားသည်။ လူအပေါင်းတို့သည် ထိုဘုရားလောင်းကို "မင်း" ဟူ၍ "သမုတ်သမတ်" သောကြောင့် ထိုမင်းကို မဟာသမ္မတမင်း ဟုခေါ်ကြောင်း ဖွင့်ဆိုသည်။

ပြည်သူတို့သည် ပြည်သူ့အကျိုးအတွက် ပြည်သူများထဲမှ တိုင်းပြည်စောင့်ရှောက်နိုင်စွမ်းရှိသူကို ရွေးကောက် တင်မြှောက်ကြသည်ဆိုသဖြင့် ရှေးခေတ်ဟောင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များတွင် "မင်း" ဆိုသည်မှာ သက်ဦးဆံပိုင်အခွင့်အရေးအား ဘုရားသခင်ပေး၊ နတ်ပေးသောကြောင့်ရရှိလာသည့်အခွင့်အရေးမျိုး (Divine Right of Kings) ကြောင့်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ပြည်သူကြောင့်ပေါ်ပေါက်လာရ သူဟူ၍သာ လက်ခံကြသည့် အတွေးအခေါ်များကို စိတ်ဝင်စားဖွယ်လေ့လာတွေ့ရှိရသည်။

ထို့ပြင်မင်းတို့သည် သင်္ဂဟတရား (၄) ပါးနှင့်အညီအုပ်ချုပ်ခြင်းကြောင့် တိုင်းပြည်စည်ပင်ခဲ့ကြသည့် အထောက် အထားများ တွေ့ရသည်။ သင်္ဂဟတရား (၄) ပါးဆိုသည်မှာ-

  1. သဿမေဓ
  2. ပုရိသမေဓ
  3. သမ္မာပါသ
  4. ဝါစာပေယျ တို့ဖြစ်သည်။

သဿမေဓဆိုသည်မှာ -

လူအပေါင်းတို့က မိမိတို့ရှာဖွေစုဆောင်းရလာသည့် ပစ္စည်းများထဲမှ ဆယ်ဖို့တစ်ဖို့ မင်းကို ပေးရခြင်းကို ဆိုလိုသည်။ သို့သော်အချို့ပါဠိကျမ်းဂန်များတွင် ဆယ်ဖို့ တစ်ဖို့ဆိုသည့်စကားကိုမတွေ့ရသဖြင့် နိုင်ငံအင်အားအလျောက် သင့်လျော်အောင် ကောက်ခံကြသည်ဟုသာ ဆိုရန်ဖြစ်သည်။ တစ်နည်းအားဖြင့် မင်းတို့သည် ကောက်ခံသင့်သည့်အခွန်တော်များသာကောက်ခံပြီး တိုင်းပြည်ကို အုပ်ချုပ်ရန်ဖြစ်သည်။

ပုရိသမေဓဆိုသည်မှာ -

မင်း၊ မှူးမတ်၊ ရဲမက်၊ လက်နက်ကိုင်စသည့် နိုင်ငံကိုစောင့်ရှောက်သောသူတို့အား ကောက်ခံရရှိထားသည့် အခွန်တော်များထဲမှ စားသုံးနိုင်လောက်အောင် ပေးကမ်းခြင်းအားဆိုလိုသည်။ နိုင်ငံ စောင့်ရှောက်သူတို့ကို ကြီးစဉ်ငယ်လိုက်ချီးမြှင့်ထောက်ပံ့ရခြင်းသည်လည်း မင်းတို့ကျင့်ရမည့်တရားဖြစ်သည်။

သမ္မာပါလဆိုသည်မှာ -

တိုင်းပြည်နိုင်ငံအတွင်းရှိ ကုန်သည် လယ်လုပ်တို့ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အရင်းအနှီးလိုအပ်လျှင်ထုတ်ပေးခြင်းတို့ကို မင်းကပြုလုပ်ပေးရခြင်းဖြစ်သည်။ မင်းသည် ကုန်သည်လယ်လုပ်တို့ မိမိနှင့်အုပ်ချုပ်ရေးအဖွဲ့အပေါ် အားကိုးချင်စိတ်ဖြစ်လာစေရန်၊ ချစ်ခင်လာစေရန် ပြုလုပ်တတ်ခြင်းကို သမ္မာပါလဉာဏ်ဟုခေါ်ဆိုသည်။

ဝါစာပေယျဆိုသည်မှာ -

မင်းသည် ချီးမြှင့်ထောက်ပံ့ခြင်းပြုရသည်ဆိုသဖြင့် ကိုယ်လည်းယူ၊ ပေးတန် သလောက်လည်းပြန်ပေးရရုံမျှမက အစဉ်အမြဲ ပြုံးရယ်ခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုတတ်ခြင်းတို့လည်းပြုရမည်။ ပြည်သူကိုချစ်အောင်နေခြင်း၊ ပြည်သူနှင့်ဆွေးနွေးတိုင်ပင်ကာ နွေးထွေးစွာနေထိုင်ပြောဆိုတတ်ခြင်းကို ဝါစာပေယျဟု ခေါ်သည်။

မင်းတို့သည် တရားနှင့်အညီအုပ်စိုးကြသဖြင့် ဗာရဏသီ၊ သာဝတ္ထိ၊ ရာဇဂြိုဟ်အစရှိသော တိုင်းပြည်ကြီးများ သည် ကုဋေရှစ်ဆယ်၊ ကုဋေတစ်ရာ့ခြောက်ဆယ် ကြွယ်၀သည့် သူဌေးသူကြွယ်များပေါများလှသည်။ လက်နက်ကိုင် အင်အားမှာလည်း တောင့်တင်းပြီး တစ်ဆယ်ရှစ်ခေါဘနီတိုင်အောင် အင်အားကြီးမားခဲ့သည်ဟုဆိုသည်။ တိုင်း နေပြည်တော်အတွင်း ခိုးဝှက်လုယက်မည့်သူမရှိ။ အိမ်ဝင်းနှင့် မြို့ပြတို့တွင် တံခါးရွက် မင်းတုပ်ကလန့်မတပ်ဘဲ ဟင်းလင်းဖွင့်ကာ နေထိုင်နိုင်ကြသည်။ ထိုသို့သင်္ဂဟတရားလေးပါးကို ကျင့်ကြံပြီး တံခါးရွက်မင်းတုပ်မရှိသည်ကို "နိရဂ္ဂဠ" ဟုခေါ်သည်။ "နိရဂ္ဂဠတရား" နှင့်ပြည့်စုံသည့်နိုင်ငံတော်ကိုသာလျှင် မင်းကျင့်တရားနှင့် ပြည့်စုံသည့် နိုင်ငံဟူ၍သတ်မှတ်ကြသည်။

ရှေးအကျဆုံးဖြစ်သည့် "မနုဓမ္မသတ်" တွင် မင်းတို့သည်တိုင်းပြည်ကိုအုပ်ချုပ်ပုံနှင့်ပတ်သက်ပြီး "မင်းနှင့်ပြည်သူတို့ ပူးပေါင်း အုပ်ချုပ်ရမည်။ ထိုသို့ပူးပေါင်းခြင်းဖြင့်သာ အသိဉာဏ်ကိုတိုးပွားစေနိုင်မည်။ မင်းနှင့်ပြည်သူတို့ဆက်ဆံရာတွင် မင်းတိုင်ပင်အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းထားရမည်" ဟုဆိုသည်။ မင်းတိုင်ပင်အဖွဲ့ဆိုသည်မှာ

၁။ ဝိဇ္ဇာရိယသဘာ (ပညာရေး)

၂။ ဓမ္မာရိယသဘာ (သာသနာရေး)

၃။ ရာဇာရိယသဘာ (အုပ်ချုပ်ရေး) သုံးဌာနခွဲပြီးတိုင်းပြည်ကို ပူးပေါင်းအုပ်ချုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

မင်းဆိုသည်မှာ တိုင်းသူပြည်သားအားလုံးကို အဘက်ဘက်မှလွတ်လပ်စွာ အတတ်ပညာသင်ခွင့်၊ ဘာသာတရား သင်ကြားခွင့်နှင့် စီးပွားဥစ္စာတို့ဖြင့် ဖြည့်ဆည်းပေးရမည်။ မင်းကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သေနာစ ဟုခေါ်သည့် စစ်ဆင်ရေးအဖွဲ့၊ စစ်တပ်တို့နှင့်ပူးပေါင်းခြင်းဖြင့်သာ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက် ရမည်ဟု ဆိုထားသည်။

မင်းသည် ညီလာခံတွင် အမြဲတိုက်တွန်းနေရမည့်အချက်မှာ

"အမတ်မင်းတို့ ငါ၏မင်းတိုင်ပင်အဖွဲ့မှပြဋ္ဌာန်းသောတရားနှင့်အညီ အစီအရင်ဥပဒေတို့ကို လိုက်နာဆောင်ရွက် ကြပါလော့။ ယဉ်ကျေးသော၊ အရည်အချင်းရှိသော အမတ်မင်းတို့ စည်းမျဉ်းဥပဒေကိုလိုက်နာကြလော့" ဟူ၍ သတိပေးနေရန်ဖြစ်သဖြင့် ရှေးခေတ်အုပ်ချုပ်ရေးတွင် မင်းတိုင်ပင်အဖွဲ့ထားရှိခြင်း၊ မင်းတိုင်ပင်အဖွဲ့မှ ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရခြင်းများရှိကြောင်းတွေ့ရသည်။

ထိုခေတ်ကတည်းက တစ်ဦးတစ်ယောက်အား အာဏာကုန်လွှဲအပ်ပြီး အုပ်ချုပ်ခွင့်မပြုပေ။ ရှေးမင်းခေတ် အုပ်ချုပ်ပုံအဆင့်ဆင့်တွင် မင်းသည် တိုင်းပြည်၏သဘာပတိ၊ သဘာပတိလက်အောက်တွင် မင်းတိုင်ပင်အဖွဲ့၊ မင်းတိုင်ပင်အဖွဲ့လက်အောက်တွင် မင်းကပြန်ရောက်ရသည်။ မင်းနှင့် မင်းတိုင်ပင်အဖွဲ့သည် ပြည်သူ့လက်အောက်၊ ပြည်သူတို့သည် မင်းတိုင်ပင်အဖွဲ့လက်အောက်ဟူ၍ အဆင့်ဆင့်ပြန်လည်ထိန်းချုပ်ကာ ညှိနှိုင်းအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ သည်ဟုလည်းဆိုနိုင်သည်။

ရှေးခေတ်က မင်းကိုတင်မြှောက်ကြရာတွင်လည်း ရွေးချယ်သည့်မင်းကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံ ရမည်ဟု သတ်မှတ်ထားလေ့ရှိသည်။

၁။ လူအပေါင်းတို့ထက် ထူးကဲသောအစိုးရခြင်းကိုပြုတတ်သူ

၂။ ရန်သူအပေါင်းတို့အား အောင်နိုင်စွမ်းသောသူ

၃။ သဘာပတိဖြစ်ထိုက်သော၊ ချီးကျူးလောက်သော ဂုဏ်၊ ကိစ္စ၊ သဘောတရားနှင့်ပြည့်စုံသောသူ

၄။ ပူဇော်သက္ကာရပြုထိုက်သောသူ

၅။ ဝင်ရောက်ခိုကိုး အားကိုးထိုက်သောသူ

၆။ ရှိခိုးထိုက်သောသူ ကိုသာလျှင် ဥက္ကဋ္ဌ-သဘာပတိအဖြစ်တင်မြှောက်ကြသည်ဟုဆိုထားသည်။

ဤသို့သောယောက်ျားမျိုးကို "အိုအသင်မင်းမြတ် အားလုံးထက်ကြီးမြတ်သည့် စကြဝတေးမင်းအဖြစ် သတ်မှတ် ပါသည်။ ပညာရှိတို့ဖြင့် ပြည့်နေသော ဤတိုင်းပြည်ကို အုပ်ချုပ်တော်မူပါ။ မြတ်သောအစိုးရခြင်းဖြင့် တိုင်းပြည်၏ ဥစ္စာပစ္စည်းတို့ကို စောင့်ရှောက်တော်မူပါ။ ပြည်သူတို့နှင့် နှီးနှောတိုင်ပင်လျက် မျက်နှာကြီးငယ်မလိုက်ဘဲ အုပ်ချုပ် တော်မူပါ။ တိုင်းသူပြည်သူအားလုံး၏ အဆွေခင်ပွန်းသဖွယ် ကြင်နာသနားစွာဖြင့် တစ်လောကလုံးရှိ ရန်အပေါင်းကို ကင်းစင်အောင်ပြုပေးတော်မူပါ" ဟုတောင်းပန်အုပ်ချုပ်ခြင်းပြုစေရသည်။

မင်းယောက်ျားသည် တရားရှိသရွေ့ကာလပတ်လုံး တိုင်းပြည်တိုးတက်၏။ မတရားကျင့်သည့်အခါတွင် ပျက်စီး ဆုံးရှုံးခံရ၏။ ပညာအမှန်တကယ်ရှိသည့်ပုဂ္ဂိုလ်တို့အား ပညာရေးဌာနအမတ်ကြီးများ၊ တရားရှိသူတို့အား ဘာသာ သာသနာရေးဌာနအမတ်ကြီးများ၊ ချီးမွမ်းထိုက်သောတရားရှိသူတို့အား အုပ်ချုပ်ရေးဆိုင်ရာဌာန အမတ်ကြီးများ အဖြစ်ခန့်အပ်ကာ၊ ထိုသူများထဲမှ အတော်ဆုံးပုဂ္ဂိုလ်အား အုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲအဖြစ်ပြန်လည်ခန့်အပ်ရမည်။ ဌာနသုံးခုကအကြံပေးသည့်အတိုင်း ကောင်းမြတ်သည့်စည်းမျဉ်းဥပဒေများပြဋ္ဌာန်းကာ ထိုစည်းမျဉ်းဥပဒေ များအတိုင်း ပြုမူအုပ်ချုပ်ရန်ဖြစ်သည်။ မင်းတိုင်ပင်အဖွဲ့သည် အများအကျိုးများရာများကြောင်းကိုသာ အကြံပေးရန်ဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ အများပြည်သူ၏အကျိုးတရားကို ပြုစေရာ၏ဟုဆိုထားသည်။

ဘီစီ ၆ ရာစု ဂေါတမဘုရားရှင်လက်ထက်တွင် ဝဇ္ဇီတိုင်း၊ ဝေသာလီပြည်ရှိ လိစ္စဝီလူမျိုးများ လက်ထက် ကတည်းက အရှေ့တိုင်းတွင် ဒီမိုကရေစီသဘောတရားများ ထွန်းကားခဲ့ကြောင်းတွေ့ရသည်။ ဝေသာလီပြည်တွင် မင်းသား (မှူးမတ်) ၇၇၀၇ ဦးတို့ စည်းဝေးတိုင်ပင်ကြပြီး၊ ထို ၇၇၀၇ ပါးသောမင်းများထဲမှ တစ်ပါးကိုရွေးချယ်ကာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်စေကြောင်း ဒီဃနိကာယ်တွင်ဖော်ပြထားသည်။ မြန်မာ့အစဉ်အလာ ရိုးရာအုပ်ချုပ်ရေးစနစ်သည် ဘုရင်အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဟုဆိုနိုင်သော်လည်း မြန်မာတို့၏အစောပိုင်း အကြီးအမှူးဖြစ်သူအုပ်ချုပ်ရေးပုံစံနှင့် အိန္ဒိယမှဆက်ခံရရှိသော မနုဓမ္မသတ်ကျမ်းလာ မင်းစနစ်တို့ဖြင့်ပေါင်းစပ်ပြီးပေါ်ပေါက်လာသည့်အုပ်ချုပ်ရေးပုံစံကို မြန်မာတို့ကျင့်သုံးကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာတို့သည် မင်းစနစ်ကို အိန္ဒိယမှယူခဲ့သည်ဆိုသော်လည်း အားလုံးကို ပုံတူကူးချခြင်းမျိုးမဟုတ်ပေ။ အိန္ဒိယလူ့ဘောင်တွင်ကျင့်သုံးသည့် ဇာတ်အနိမ့်အမြင့်ခွဲခြားခြင်းကိုပယ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ မြန်မာတို့က မင်းဆိုသည်မှာ သာမန်လူတို့ထက် ထူးခြားမြင့်မြတ်ရုံလောက်ကိုသာ လက်ခံကြသည်။ မြန်မာမင်းစနစ်ကို ခိုင်မာစေရန်ပြုလုပ်ပေးသည့် ဝါဒသည် ဗုဒ္ဓဝါဒဖြစ်သည်။ ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် တိုင်းသူပြည်သားတို့အား ကျောသားရင်သားမခွဲခြားဘဲ ဖွံ့ဖြိုးစည်ပင်အောင် လုပ်ဆောင်နိုင်သူများဖြစ်လာကြသည်။ သို့ဖြစ်ရာ မြန်မာဘုရင်စနစ် သည် ၁၈၈၅ ခုနှစ်အထိတည်တံ့ခိုင်မြဲခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

တိုင်းပြည်အုပ်ချုပ်ရမည့် မင်းတို့ကို ဗုဒ္ဓ၏ လမ်းညွှန်ဆုံးမချက်များသည်လည်း များစွာအရေးပါသည့် အခန်းကဏ္ဍ တွင်ရှိနေခဲ့သည်။ သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရားက လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယတရား (၇) ပါးကို ဟောကြားတော်မူခဲ့သည်။ ထိုတရား (၇) ပါးသည် ယနေ့တိုင် ခေတ်မီနေသေး သည့် ဒီမိုကရေစီအခြေခံသဘောတရားများနှင့် တိုက်ဆိုင်နေကြောင်းလည်းတွေ့ရသည်။

အပရိဟာနိယတရားဆိုသည်မှာ

၁။ စည်းဝေးတိုင်ပင်ခြင်း

၂။ အညီအညွတ်ဆောင်ရွက်ခြင်း

၃။ ဥပဒေအတိုင်းကျင့်ခြင်း

၄။ လူကြီးသူမတို့၏အဆုံးအမ၌တည်ခြင်း

၅။ အမျိုးသမီးအား မနှိပ်စက်ခြင်း

၆။ မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း

၇။ ရဟန္တာတို့အားစောင့်ရှောက်ခြင်း ဟူ၍ဖြစ်သည်။

ရာဇဓမ္မသင်္ဂဟကျမ်းတွင် ဝက်မစွတ်မြို့စားဝန်ကြီး ယောအတွင်းဝန် ဦးဘိုးလှိုင်က ကျမ်းဦးအစတွင်

"တိုင်းပြည်ကို တစ်ယောက် နှစ်ယောက်ဩဇာနှင့်သာအုပ်စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန် ရှိသော ကြောင့် တစ်ယောက် နှစ်ယောက်၏ ဩဇာနှင့်မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေးပြုလုပ်လျှင် အမှားအယွင်း ရှိရန် မရှိ" ဟုဆိုထားခြင်းသည် အများဆန္ဒနှင့်အညီ အုပ်ချုပ်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာ့ အုပ်ချုပ်ရေးကို တင်ပေးနေခြင်းဖြစ်ကြောင်း ယူဆနိုင်ပေသည်။


သို့ဖြစ်ရာ ပဒေသရာဇ်ခေတ်ဦးကတည်းက သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကိုထောက်ပြပြီး အများဆန္ဒနှင့် အုပ်ချုပ်ရေးအသွင်ဖော်ဆောင်ရန် ကြိုးစားခဲ့ကြောင်းတွေ့ရသည်။ ဦးဘိုးလှိုင်သည် အများနှင့်အုပ်ချုပ်ရေးတွင် ဥပဒေ အခရာဖြစ်သောကြောင့် အနောက်နိုင်ငံအုပ်ချုပ်ရေးများနှင့် ဥပမာများပေးထားကြောင်းတွေ့ရသည်။


မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ကတည်းက အံ့ဩဖွယ်ရာ ဒီမိုကရေစီစနစ်ကို ဖော်ထုတ်သွားသည့် မင်းတစ်ပါး ရှိခဲ့ဖူးသည်။ ဒီမိုကရေစီသည် လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို တန်ဖိုးထားအလေးပေးရသည်။ ပဒေသရာဇ်စနစ် သည် သက်ဦးဆံပိုင်အာဏာရှင်စနစ်ဟူ၍ ဝေဖန်တိုက်ခိုက်လေ့ရှိသော်လည်း မြန်မာ့မင်းများ အုပ်ချုပ်ပုံစနစ်တွင် လွပ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်များရှိနေသည်။

၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းယူလိုက်ကြသည်။ ရန်ကုန်မြို့တွင် သတင်းစာများထုတ်ဝေလာကြသည်။ ၁၈၅၃ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် သတင်းစာများ အားလုံးသည် အင်္ဂလိပ်သတင်းစာများဖြစ်ကြသည်။

၁၈၇၁ ခုနှစ်တွင် "မြန်မာသံတော်ဆင့်သတင်းစာ" ဆိုသောအမည်နှင့် မြန်မာသတင်းစာတစ်စောင် ရန်ကုန်မြို့တွင် စတင်ထုတ်ဝေလာသည်။ ထုတ်ဝေသူမှာ အေဂျွန်ဟန်နေးဆိုသူဖြစ်ပြီး ဟန်နေးက သတင်းစာ တစ်စောင်လုံးအတွက် အင်္ဂလိပ်လိုရေးပေးသည်။ မြန်မာဘာသာပြန် ကောင်းသူတစ်ယောက်က မြန်မာဘာသာသို့ ပြန်ပေးပြီး ရိုက်နှိပ်ထုတ်ဝေရာ ဘာသာပြန်ကောင်းလွန်းသည့်အတွက် လူကြိုက်များခဲ့သည်။ သတင်းစာပညာသားပါပါ ရေးသားထုတ်ဝေနိုင်ခဲ့သည့် ခေတ်ရှေ့ပြေးသတင်းစာတစ်စောင်ဟုဆိုနိုင်သည်။

ထိုသတင်းစာတွင် မန္တလေးမြို့တော်ကြီးညစ်ပတ်ပုံ၊ သူခိုးဒမြတွေထူပြောပုံကို အယ်ဒီတာပေးစာ အနေနှင့်ဖြစ်စေ၊ သတင်းအနေနှင့်ဖြစ်စေ မပြတ်ရေးသားဖော်ပြခဲ့သည်။ မြန်မာဘုရင်အုပ်ချုပ်ပုံကို အထင်အမြင် သေးအောင် ဝါဒဖြန့်သည့် သဘောနှင့်လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထိုသို့ ရေးသားသည့်အတွက် မင်းတုန်းမင်းကြီးက စိတ်မဆိုး၊ ဟန်နေးကို မန္တလေးသို့လာပြီးသတင်းစာထုတ်ရန်ကိုပင် ဖိတ်ခေါ်လိုက်သေးသည်။ ဟန်နေးက မန္တလေးကို မလာဝံ့ပါ။ မှန်ရာကိုရေးသဖြင့် မိုးလင်းတိုင်း ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်နေရမည့်အရေးကို စိုးရိမ်မိကြောင်း ခေါင်းကြီးပိုင်းတွင် ပြန်ရေးလိုက်သည်။

မင်းတုန်းမင်းကြီးသည် ထိုရေးသားချက်ကိုတုံ့ပြန်သည့်အနေဖြင့် "ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီးမကောင်းလျှင် ငါ့သားသမီးတွေကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ" ဟု အမိန့်တော် ထုတ်ပြန်ပြီး "ရတနာပုံသတင်းစာ" ကိုထုတ်ဝေစေခဲ့သည်။ ဘုရင်ခေတ်တွင် ဒီမိုကရေစီအကြောင်းမပြောဘဲ ဒီမိုကရေစီအလုပ်လုပ်သွားသည့်၊ မိမိတို့နိုင်ငံတော်လူ့အခွင့်အရေးနှင့် သတင်းစာလွတ်လပ်ခွင့်ကို ရှားပါးစွာ ဖော်ထုတ် သွားနိုင်သည့် မင်းတစ်ပါးအဖြစ်မှတ်တမ်းတင်စရာဖြစ်ခဲ့သည်။

မင်းတုန်းမင်းတရားကြီးလက်ထက်မှစတင်ပြီး မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးသည် စတင်ပြောင်းလဲလာသည်ဟု ဆိုရမည်။ မှူးကြီးမတ်ရာ သေနာပတိတို့သည် ဘုရင်မင်းမြတ်တို့၏လက်ထဲတွင် တစ်လုံးတစ်ခဲတည်း တည်ရှိနေသည့် အာဏာကို မိမိတို့ထံတစ်စစရောက်လာရန် ကြိုးစားလာကြသည်။ ထိုသို့ကြိုးပမ်းရာတွင် ဥပဒေအတွင်းမှ ကြိုးပမ်း ကြခြင်းဖြစ်သလို မင်းတုန်းမင်းကြီးကိုယ်တိုင်လက်ခံသည်ကလည်း ထူးခြားသည်ဟု ဆိုရမည်။ နိုင်ငံခြား ဆက်ဆံရေး တွင် မင်းတုန်းမင်းကြီးသည် အတွေ့အကြုံများသူဖြစ်၍ အုပ်ချုပ်ရေးတွင် တရားဥပဒေအတိုင်းအုပ်ချုပ်ခြင်းကို အလွန်အလေးအနက်ထားပြီး အတိုင်းအဆနှင့်လိုက်လျောခဲ့ကြောင်းလည်းတွေ့ရသည်။ ထို့ကြောင့် မင်းတုန်းမင်းကြီး လက်ထက်တွင် တစ်ဆင့်ပြီး တစ်ဆင့်ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုနိုင်သည်။

မင်းတုန်းမင်းကြီးသည် ထီးနန်းသိမ်းပိုက်စဉ်ကစပြီး အခွန်အကောက်ခန့်ခွဲသည့်စနစ်ကိုပြုပြင်ခဲ့သည်။ နောင်အခါတွင် ဝေပုံကျဌာနဟုခေါ်သည့် လွှတ်တော်ဝန်ကြီးများလေးဌာနခွဲကာ စီရင်အုပ်ချုပ်မှုပြုခြင်းမှာ ဘုရင့် အာဏာအချိုးကို လွှတ်တော်က သိမ်းပိုက်လိုက်သည့်သဘောဟု မှတ်ယူနိုင်သည်။ လွှတ်တော်သည် အာဏာကို ခွဲဝေယူလိုက်သည့်အတွက် မင်းတုန်းမင်းကြီးသည် သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့ကို ဘုရင်ခံခန့်သည့်ကိစ္စတွင် လွှတ်တော်ကသဘောတူညီချက်မပေးသည့်အပြင် ထိုမင်းသားများကိုဖမ်းဆီးနိုင်ခဲ့သည်အထိ လွှတ်တော်တွင်အာဏာတည်ခဲ့ကြောင်း အထင်အရှားတွေ့ရသည်။

ထိုအချိန်က လွှတ်တော်တွင် မှူးမတ်များသည် စီရင်ပိုင်ခွင့်ရလာသော်လည်း အကြွင်းမဲ့ရလာသည်ဟူ၍ မပြောနိုင် သေးပေ။ မင်းတုန်းမင်းကြီး နတ်ရွာစံလုနီးအချိန်တွင် ခေတ္တရခဲ့သည်အာဏာသာဖြစ်သည်။ မည်သို့ဆိုစေ အချုပ်အခြာ အာဏာသည် လွှတ်တော်တွင်မတည်သေးသော်လည်း ဘုရင်မင်းမြတ်အပါအဝင် လွှတ်တော်ဝန်ကြီးအဖွဲ့နှင့် အုပ်ချုပ်မည့် သဘောတရားများ မြန်မာနိုင်ငံအုပ်ချုပ်ရေးလောကတွင် စတင်သန္ဓေတည်ခဲ့ပြီဟုဆိုနိုင်သည်။

မင်းတုန်းမင်းကြီးလက်ထက်တွင် အထက်မြက်ဆုံးမင်းသားသည် ကနောင်မင်းသားကြီးဖြစ်သည်။ အကယ်၍သာ အမြော်အမြင်ကြီးလှသည့် ကနောင်သာ လုပ်ကြံခြင်းမခံရလျှင် မြန်မာနိုင်ငံသည်ထိုစဉ်ကတည်းက မှူးကြီးမတ်ရာ သေနာပတိများနှင့် သဘောချင်းမျှသူဖြစ်သည့်အတွက် ဦးဘိုးလှိုင်မျှော်မှန်းသည့် ပါလီမန်စနစ် ပေါ်ပေါက် လာဖွယ်ရာ အကြောင်းရှိသည်။ မင်းညီမင်းသားအများစုသည် ကနောင်မင်းသား၏ အနောက်တိုင်းဆန်ဆန် အယူအဆများကို သိပ်ပြီးလက်မခံချင်ကြပေ။ ထို့ကြောင့် မြင်ကွန်း-မြင်းခုံတိုင်အရေးတော်ပုံနှင့်အတိုက်အခံပြုပြီး ကနောင်မင်း အသက်ဆုံးရှုံးခဲ့ရသည်။

ကင်းဝန်မင်းကြီးသည် မြန်မာ့အရေးတွင် ခေတ်ရှေ့ပြေးခဲ့သည့် ဝန်ကြီးတစ်ယောက်ဖြစ်ပြီး နိုင်ငံခြားသို့ သံအဖြစ်ရောက်ရှိခဲ့သူလည်း ဖြစ်သည်။ ဗြိတိသျှတို့ထံ ပထမဦးဆုံးကိုယ်စားလှယ်အဖြစ်ရောက်စဉ်က ဒေါက်တာ ကလီးမင့်ဝီလျှံ (Dr. Clement Williams) က ကင်းဝန်မင်းကြီးကို အခြေခံဥပဒေတစ်ရပ်ရေးဆွဲပြခဲ့ကြောင်းသိရသည်။ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ဥပဒေနှင့်အညီအုပ်ချုပ်သော ဘုရင်စနစ်ဖြစ်လာစေရန် စတင်ကြိုးပမ်းလာခြင်း ဟုဆိုရမည်။

သီပေါမင်းပါတော်မူချိန်အထိ မြန်မာနိုင်ငံပဒေသရာဇ်အုပ်ချုပ်ရေးစနစ်သည် စည်းလုံးညီညွတ်စွာဖြင့် အေးအတူ ပူအမျှအုပ်ချုပ်ရေး စနစ်မျိုးဖြစ်ကြောင်းတွေ့ရသည်။ မင်းဆက်အမျိုးပြောင်းလဲခဲ့ချိန်တွင် အုပ်ချုပ်ရေးဆိုင်ရာ ရာထူး အခေါ်အဝေါ် အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း တိကျသည့်အုပ်ချုပ်ရေးပုံစံအသွင်ရှိခဲ့သည်။ မင်းဧကရာဇ်သည် သက်ဦးဆံပိုင်ဘုရင်ဖြစ်သော်လည်း ဗဟိုအစိုးရဘောင်အတွင်း လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံးတော်၊ နောက်ရုံးတော်၊ တရားရုံးတော်စသည်ဖြင့် စနစ်တကျဖွဲ့စည်းထားပြီး နိုင်ငံ၏အမြင့်ဆုံးသော အုပ်ချုပ်ရေးယန္တရားကို ဦးစီးသည့် ဝန်ကြီး၊ မှူးမတ်တို့နှင့် အုပ်ချုပ်ရေးကိစ္စအဝဝကို အစဉ်မပြတ်နှီးနှောတိုင်ပင်ကာ အုပ်ချုပ်မှုရှိကြောင်းတွေ့ရသည်။

မြို့နှင့်ကျေးရွာလူ့အဖွဲ့အစည်းများတွင် အုပ်ချုပ်ရေးပုံစံသည်ထူးခြားသည်ဟုဆိုရမည်။ ရပ်ရွာအကြီးအမှူးကို ရွေးချယ်ကြရာတွင် "ရိုးရာလည်းမှန်စေ၊ ငယ်သားလည်းကြိုက်စေ၊ မင်းလည်းကျေနပ်စေ" ဆိုသည့်မူကို သမိုင်းစဉ် တစ်လျှောက်ကျင့်သုံးခဲ့ကြသည်။ မြို့ရွာအလိုက် မိမိတို့သဘောကျနှစ်ခြိုက်သည့်သူကို ရွေးချယ်တင်မြှောက်ခွင့် ရှိခြင်းဖြစ်သည်။

မြန်မာဘုရင်ခေတ်လွှတ်တော်တွင် မင်းမှုထမ်းကြရသည့် မှူးမတ်မှစ၍ ကျေးရွာအုပ်ချုပ်ရေးအပိုင်းရှိ သူကြီးများအထိ ပုဂ္ဂိုလ်အားလုံးသည် ပဒေသရာဇ်အုပ်ချုပ်ရေး၏ မဏ္ဍိုင်များဖြစ်လာကြသည်။ မင်းပြောင်းမင်းလဲ မည်မျှ ပြောင်းခဲ့သည်ဆိုစေ အုပ်ချုပ်ရေးအသွင်ပုံစံသိပ်ပြောင်းလဲမှု မရှိခဲ့ပေ။ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်း လက်ထက်တွင် ပဒေသရာဇ်အုပ်ချုပ်ရေးအဆောက်အအုံကို စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarchy) သဘောမျိုးဖြင့် မှူးမတ်အချို့က အစားထိုးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သီပေါမင်းလက်ထက်တွင် ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်မှုမရှိခြင်းသည် ပဒေသရာဇ်စနစ်ကျဆုံးသွားရန် ဖန်တီးလာခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲလိုသူများ ရှိသော်လည်း လုပ်ကြံခံရခြင်း၊ အုပ်ချုပ်သည့်မင်းကိုယ်တိုင် အရည်အချင်းမပြည့်ဝခြင်းတို့ကြောင့် တိုင်းပြည် ပျက်ယွင်းကာ နယ်ချဲ့ဗြိတိသျှတို့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုအချိန်မှစပြီး မြန်မာ့အစဉ်အလာဖြစ်သော မြို့ရွာအုပ်ချုပ်ရေးစနစ်လည်း ပြောင်းလဲသွားခဲ့ရသည်။