မြန်နှုန်းပြကိရိယာ

ဝီကီပီးဒီးယား မှ

စပီဒိုမီတာ[ပြင်ဆင်ရန်]

ကားဒက်ရ်ှဘုတ်ရှိ မြန်နှုန်းပြဒိုင်ခွက်

ယာဉ်များ တစ်နာရီလျှင် မည်သည့်နှုန်းဖြင့် သွားနေသည်ကို ပြသောကိရိယာကို စပီဒိုမီတာဟုခေါ်သည်။ ယာဉ်အမျိုးမျိုးတွင် စပီဒိုမီတာအမျိုးမျိုး ရှိကြသော်လည်း၊ ဂါဗနာဖြင့်ထိန်းသော စပီဒိုမီတာနှင့် သံလိုက်ဓာတ်ဖြင့် ထိန်းသော စပီဒိုမီတာတို့ကို အများအပြား အသုံးပြုကြလေသည်။

ဂါဗနာဖြင့်ထိန်းသော စပီဒိုမီတာတွင် ဂါဗနာ အတံများနှင့်တကွ ထိုအတံများကို ဆက်ထားသော သံလုံးများ လည်နေသောအခါ သံလုံးများသည် ဗဟိုခွာအား၏အရှိန်ကြောင့် အပြင် သို့ကား၍ထွက်လာကြသည်။


ထိုသို့ ကားထွက်လာခြင်းအားဖြင့် ဝင်ရိုးတံတလျှောက် လည်နေသော လျှောခွေးသွားစိတ်သည် အထိန်းစပရင်ကို တွန်း၍ ဖိလာသည်။ မိုင်နှုန်းကို ပြသောလက်တံသည် ကွားဒရင့် ခွေးသွားစိတ်တွင် တပ်ထား ၏။ ထို ကွားဒရင့်ခွေးသွားစိတ်ကို တဖန် လည်နေသော လျှောခွေးသွားစိတ်တွင် တပ်ထားပြန်သဖြင့် မိုင်ပြလက်တံသည် ခွေးသွားစိတ်လည်သလောက် စကေးပေါ်တွင် ရှေ့တိုး နောက်ဆုတ် ရွေ့လျက် ရှိနေသည်။ ဝင်ရိုးတံ အလည်မြန်လေလေ၊ ဂါဗနာသံလုံးများသည် ဝင်ရိုးမှ ခွာထွက်သွားလေလေ ဖြစ်ပြီးလျှင် အထိန်းစပရင်သည်လည်း ပို၍ အဖိခံရလေလေ ဖြစ်သည်။ ဝင်ရိုးတံမည်မျှပင် လည်နေစေကာမူ ဂါဗနာသံလုံးပေါ် ကျရောက်သော ဗဟိုခွာအားသည် အထိန်းစပရင်၏ တွန်းအားနှင့်ညီမျှလျက် ရှိနေသည်။ ဝင်ရိုးတန်းအနည်းငယ်လည်သည်နှင့် အခြား အစိတ်အပိုင်းများလည်း လိုက်၍လည်သဖြင့် ချက်ချင်းပင် လက်တံသည် စကေးပေါ်တွင် မိုင်နှုန်းကို ဖော်ပြလေသည်။

သံလိုက်ဓာတ်ဖြင့်ထိန်းသော စပီဒိုမီတာတွင်ကား ခွက်ပုံ သဏ္ဌာန်ရှိ ထာဝရသံလိုက်တစ်ခုရှိ၏။ ထိုသံလိုက်ခွက်သည် ဝင်ရိုးတန်းအရှည်တွင် တပ်ထား၍ အစဉ်လည်လျက် ရှိသည်။ ကြေးဖြင့် ပြုလုပ်ထားသောခွက်ပုံ အာမေချာတစ်ခုကို ထိုသံလိုက်ပေါ်တွင် မှောက်၍ တပ်ထား၏။ ထိုအာမေချာကို အနည်းငယ် လှုပ်ရှားနိုင်အောင် စီမံပြုလုပ်ထားသည်။ အာမေ ချာ၏ လှုပ်ရှားမှုကို နာရီဆံခြည်ကဲ့သို့ ပေါ့၍ အပြားလိုက် ခွေထားသော စပရင်တစ်ခုက ထိန်းထားသည်။ ထိုစပရင် ကလေး၏ တဖက်စွန်းကို အာမေချာ၏ ဝင်ရိုးတွင် တပ်ထား ပြီးလျှင် အခြားအစွန်းကို စပီဒိုမီတာ အိမ်တွင် တပ်၍ထားသည်။ ဝင်ရိုးတံတွင် တပ်ထားသော သံလိုက်ခွက်သည် ဝင်ရိုးတံလည်သည့်အတိုင်း လိုက်၍ လည်သောအခါ သံလိုက်ဓာတ်အား သည် အာမေချာကို သံလိုက်ခွက်နှင့်အတူပါအောင် ဆွဲလေ၏။ သို့ရာတွင် အာမေချာ၏ ရွေ့ရှားမှုကို စပရင်ကလေးက ထိန်းထားသေးသည်။ အမြန်များ လေလေ၊ အာမေချာပေါ်သို့ သက်ရောက်သည့်အားသည်လည်း များလေလေ ဖြစ်ပြီးလျှင် အာမေချာလှည့်ရသည့်ထောင့်သည်လည်း ကြီးလေလေဖြစ်သည်။

နောက်ဆုံးတွင် သံလိုက်က ဖြစ်စေသည့် အားသည် အထိန်းစပရင်၏ တွန်းကန်အားနှင့် တူညီသည့်အခြေသို့ ရောက်သည်။ ထိုအခါ တစ်နာရီလျှင် သွားသည့် မိုင်နှုန်းကို အာမေချာအပြင်ဘက်ရှိ ဒိုင်ခွက်အပေါက်ကလေးမှ ကြည့်မြင်နိုင်သည်။

သာမန်စပီဒိုမီတာအတွင်းရှိ မိုင်နှုန်းပြ ကိရိယာ ကလေးတွင် လက်တံနှစ်ခု ရှိတတ်သည်။ တစ်ခုသည် ခရီးမည်မျှဝေးကွာစွာ သွားခဲ့ပြီးကြောင်းကိုပြ၍ အခြားတစ်ခုသည် တစ်နာရီလျှင် မည်သည့်နှုန်းဖြင့် သွားသည်ကိုပြသည်။ ခရီးအကွာအဝေးပြသည့် လက်တံကို ခရီးစ၍ မထွက်မီ သုညသို့ ရွေ့ထားရသည်။ ဘီးတစ်ခုနှင့်တစ်ခုကို ခွေးသွားစိတ်အများအနည်းဖြင့် ဆက်သွယ်၍ ထားသဖြင့် ခရီးဝေးကိုလည်း သိနိုင်လေသည်။ ထို စက်ကိရိယာ၏သဘောမှာ လှည့်ပတ်သောအရေအတွက်ကို မှတ်သားသည့် ကိရိယာ၏သဘောအတိုင်းပင် ဖြစ်သည်။ အမှန်မှာ ဘီး၏လည်ခြင်းကိုပြသော ကိရိယာတစ်ခုသာ ဖြစ်သည်။ မော်တော်ကားသမားများအဖို့ တစ်မိနစ်တွင် စက်မည်မျှလည်ကြောင်းကိုလည်း သိလိုကြသဖြင့် အလားတူ သဘောဖြင့် ပြုလုပ်ထားသော စက်ကိရိယာလည်း ရှိသေးသည်။ ထိုကိရိယာ၌ သွားသည့်မိုင်နှုန်းကို ထည့်ရန် မလိုတော့ချေ။ စက်လည်သမျှကို ပြသည့်ကိရိယာတစ်ခုကိုသာ စပီဒိုမီတာ၏ သဘောအတိုင်း ပြုလုပ်ထားရန် လိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)