မာတိကာသို့ ခုန်သွားရန်

မြစ်ဆုံ တာတမံ

ဝီကီပီးဒီးယား မှ
မြစ်ဆုံ တာတမံ
မြစ်ဆုံ တာတမံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြစ်ဆုံ တာတမံ
မြန်မာနိုင်ငံတွင်းရှိ မြစ်ဆုံ တာတမံ၏ တည်နေရာ
အမည်မြစ်ဆုံ တာတမံ
ကိုဩဒိနိတ်25°41′23″N 97°31′4″E / 25.68972°N 97.51778°E / 25.68972; 97.51778ကိုဩဒိနိတ်: 25°41′23″N 97°31′4″E / 25.68972°N 97.51778°E / 25.68972; 97.51778
စတင် ဆောက်လုပ်ခြင်း၂၀၀၇
ကုန်ကျငွေအမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ
ပိုင်ဆိုင်သူများMyanmar Electric Power Enterprise, China Power Investment Corporation, China Southern Power Grid
တမံနှင့်ရေပိုလွှဲများ
တမံ အမျိုးအစားConcrete faced rock-fill dam
အလျား152 m
တရားဝင်မြေသိမ်းခြင်းဧရာဝတီမြစ်
တားနံရံ
အများဆုံး‌ ရေအနက်290 m
ဓာတ်အားပေးစက်ရုံ

မြစ်ဆုံ တာတမံ သည် ရေအားလျှပ်စစ် ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဆောက်လုပ်ဆဲ တာတမံ တစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် လျာထားသည်။ ရေးဆွဲထားသည့် စီမံကိန်းအရ ယင်းတာတမံသည် အကျယ် ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ရှိမည်ဖြစ်သည်။ မြန်မာအစိုးရ၏ ကန်ထရိုက်တာများနှင့် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က ပူးတွဲဆောက်လုပ်လျက် ရှိသည်။ ဆောက်လုပ်ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၃၆၀၀ မှ ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့ရမည်ဖြစ်သည်။[]

Wildlife in Tang Hpre village near Myitsone Dam project area

ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေလွှမ်းမှုများ၊ သဘာဝဝန်းကျင်ယိုယွင်းမှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလောက်မငှ ဖြစ်နေပါလျက် ထုတ်လုပ်သော လျှပ်ဓာတ်အား အားလုံးနီးပါးအား နှစ် ၅၀ ကြာ တရုတ်သို့ တင်ပို့ရမည် ဖြစ်သောကြောင့်လည်းကောင်း မြစ်ဆုံတာတမံ ဆောက်လုပ်ရေးသည် မြန်မာနိုင်ငံအတွင်း အငြင်းပွားဘွယ် ကိစ္စတစ်ရပ် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း အဓိကအားဖြင့် စွမ်းအင်လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများက အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှင်းမြှုပ်နှံလျက်ရှိ၍ တရုတ်က မြန်မာအစိုးရအပေါ် အခုထက် ပိုမို လွှမ်းမိုးလာခြင်းအားလည်း မြန်မာလူထုက မကျေမချမ်းဖြစ်နေကြသည်။ မြန်မာအစိုးရအတွင်း၌လည်း ယင်းစီမံကိန်းနှင့်ပတ်သက်၍ သဘောထား ဒွိဟဖြစ်လျက်ရှိသည်။[]

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတရာထူးသက်တမ်းအတွင်း (၂၀၁၁ - ၂၀၁၆) မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ကြေညာလိုက်သည်။[] အများက မျှော်လင့်မထားသော သမ္မတ၏ ဆုံးဖြတ်ချက်ကို သဘာဝ ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကြိုဆိုခဲ့ကြသည်။ ဤသည်မှာလည်း မြန်မာအစိုးရက ပထမဦးဆုံးအကြိမ် လူထုသဘောထားအား အလေးပေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။[]

လက်ရှိအခြေအနေ

[ပြင်ဆင်ရန်]

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် လူထုကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ရပ်ဆိုင်းထားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အကောင်အထည်မဖော်ရသေးသည့် စီမံကိန်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စစ်ကောင်စီက စီမံကိန်းကို ပြန်လည်သုံးသပ်စစ်ဆေးရန်နှင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်အကဲဖြတ်ရန် အစီအစဉ်များ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။[]

ထိုထုတ်ပြန်ချက်အရ စီမံကိန်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပူးပေါင်းညှိနှိုင်းရေးအတွက် ဦးဆောင်အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းထားပြီး တရုတ်အစိုးရပိုင် SPIC Yunnan International Power Investment ကုမ္ပဏီနှင့် ပူးပေါင်း၍ နည်းပညာဆိုင်ရာ ပြန်လည်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။[]

ထို့အပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီဘက်မှ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဆည်ဒီဇိုင်းကို ပြန်လည်သုံးသပ်ပြင်ဆင်၍ ဆည်အမြင့်လျှော့ချခြင်းနှင့် ငလျင်ဒဏ်ခံနိုင်ရည် မြှင့်တင်ခြင်းများကို စဉ်းစားသုံးသပ်နေကြောင်း ရှင်းပြခဲ့သည်ဟု BBC News မြန်မာက ဖော်ပြခဲ့သည်။[]

သို့သော်လည်း စီမံကိန်းအပေါ် ကချင်ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစဉ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့က လူထုသဘောတူညီမှု မရရှိသေးသရွေ့ စီမံကိန်းနှင့်ပတ်သက်သည့် မည်သည့် ဆက်လက်အကောင်အထည်ဖော်မှုကိုမျှ လက်မခံကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။[]

မြစ်ဆုံမြင်ကွင်း
စစ်ကိုင်းပြတ်ရွေ့ကြောပုံ

သဘာဝဘေးအန္တရာယ်များနှင့် ငလျင်အန္တရာယ်

[ပြင်ဆင်ရန်]

မြစ်ဆုံရေကာတာ စီမံကိန်းတည်ရှိရာ ဒေသသည် ဘူမိဗေဒအရ ငလျင်အန္တရာယ် မြင့်မားသော ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ဒါအပြင် စီမံကိန်းတည်နေရာသည်စစ်ကိုင်းပြတ်ရွေ့ကြော အနီးတွင် တည်ရှိပြီး ခန့်မှန်းအားဖြင့် ၂၅ မှ ၃၀ ကီလိုမီတာခန့်သာ ဝေးကွာကြောင်း သိပ္ပံဆိုင်ရာ အရင်းအမြစ်များတွင် ဖော်ပြထားသည်။[]

စစ်ကိုင်းပြတ်ရွေ့ကြောသည် မြေပြင်ကို ဘေးတိုက်ပြတ်ရွေ့ ကြော အမျိုး အစားဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ မြောက်ပိုင်းအထိ ဖြတ်သန်းသွားသော အရေးပါသည့် မြေပြင်ကွဲကြားပြတ်ရွေ့ကြောတစ်ခုဖြစ်သည်။ ယင်း ပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် သမိုင်းတစ်လျှောက် အင်အားကြီး မြေငလျင်များ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။[] အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (United States Geological Survey – USGS) အပါအဝင် ဘူမိဗေဒနှင့် ငလျင်ပညာရှင်များက မြန်မာနိုင်ငံကို အာရှဒေသအတွင်း ငလျင်အန္တရာယ် မြင့်မားသော နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် သတ်မှတ်ထားကြသည်။ []

မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ဘူမိဗေဒပညာရှင်အချို့က လှုပ်ရှားနေဆဲ စစ်ကိုင်းပြတ်ရွေ့ကြော အနီးတွင် အရွယ်အစားကြီးမားသော ရေကာတာတည်ဆောက်ခြင်းသည် ငလျင်အန္တရာယ်ကို အပြည့်အဝ ကာကွယ်နိုင်မည် မဟုတ်ကြောင်း သတင်းမီဒီယာများတွင် သုံးသပ်ဖော်ပြထားကြသည်။[][] ထို့အပြင် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများအရ ရေကာတာကြီးများတွင် ရေကန်အတွင်း ရေအမြင့်အနိမ့် ပြောင်းလဲမှုများကြောင့် မြေအောက်ဖိအားများ ပြောင်းလဲလာပြီး fault များ၏ လှုပ်ရှားမှုကို အားပေးနိုင်သည့် ရေကာတာကြောင့် ဖြစ်ပေါ်လာသော ငလျင်များ (reservoir-induced seismicity) ဖြစ်နိုင်ကြောင်း ဖော်ပြထားကြသည်။[၁၀][၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Libre၊ Ryan။ "Proposed dam to flood Burma, while powering China"၊ MinnPost.com၊ February 1, 2010 15 February 2010 တွင် ပြန်စစ်ပြီး Archived from the original on 30 April 2011။
  2. 1 2 Burma dam: Work halted on divisive Myitsone project BBC (30 September 2011)။ August 30, 2011 တွင် ပြန်စစ်ပြီး။
  3. 1 2 ဧရာဝတီမြစ်ဆုံ–မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း (in my)။ မြန်မာနိုင်ငံပြန်တမ်း (24 April 2024)။ 21 December 2025 တွင် ပြန်စစ်ပြီး။
  4. 1 2 "မြစ်ဆုံစီမံကိန်းကို စာချုပ်ပြင်ပြီး ပြန်အသက်သွင်းဖို့ စစ်ကောင်စီကြိုးပမ်း" (in my)၊ BBC News မြန်မာ၊ 18 December 2025။
  5. စစ်ကိုင်းပြတ်ရွေ့ကြော(Sagaing Fault) အကြောင်း 2026-01-17 တွင် ပြန်စစ်ပြီး။
  6. မြန်မာနိုင်ငံရှိ မြေငလျင်များ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)။ 2026-01-17 တွင် ပြန်စစ်ပြီး။
  7. ငလျင်အန္တရာယ် လေ့လာရေးအစီအစဉ် USGS။ 2026-01-17 တွင် ပြန်စစ်ပြီး။
  8. "မြစ်ဆုံရေကာတာ အငြင်းပွားမှုများ"၊ BBC သတင်းဌာန[လင့်ခ်သေ]
  9. "မြစ်ဆုံရေကာတာနှင့် သဘာဝအန္တရာယ်များ"၊ The Irrawaddy
  10. ရေကာတာကြောင့် ဖြစ်ပေါ်လာသော ငလျင်များ 2026-01-17 တွင် ပြန်စစ်ပြီး။
  11. ရေကာတာနှင့် ငလျင် ဖြစ်ပွားမှု ဆက်စပ်မှု 2026-01-17 တွင် ပြန်စစ်ပြီး။