မြင်းစုဝန်ကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြင်းစုဝန်ကြီးသည် မြင်းတပ်စု အားလုံးကို အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်ပါသည် ။ မြင်းစုကြီးဝန်မှာ ပြန်တပ်းကြီးခံ အဆင့်မြင့်အရာရှိကြီးဖြစ်၏ ။ ရှေးမြန်မာမင်းများလက်ထက်က မြင်းတပ်စု အများအပြားရှိခဲ့သော်လည်း သီပေါမင်းလက်ထက်သို့ ရောက်သောအခါ တပ်စု ၁၁ စုသာ ကျန်ရှိပါတော့သည် ။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ မြေဒူးမင်း ( ဆင်ဖြူရှင် ) လက်ထက် ( ၁၇၆၃ - ၁၇၆၆ ) တွင် မြင်းစုကြီးဝင်အဖြစ် ကိုသင်းမြင်းဝန် နေမျိုးသီဟပတေ့ဘွဲ့ခံ ဦးတုတ်ကြီးအား ခန့်အပ်ပါသည် ။ မြင်းစုကြီးဝန် ဦးတုတ်ကြီးသည် ၁၇၁၁ ခုနှစ်တွင် ယိုးဒယာဒသို့ စစ်ချီရာ၌ ဗိုလ်ချုပ်တစ်ဦးအဖြစ် ဦးဆောင်ချီတက်ခဲ့ရ၏ ။ နောင်တွင် ဦးတုတ်ကြီးအား ဝန်ကြီးရာထူးခန့်အပ်လိုက်ပါသည် ။

စဉ့်ကူးမင်းလက်ထက်[ပြင်ဆင်ရန်]

စဉ့်ကူးမင်း ( ၁၇၆၆ - ၁၇၈၂ ) လက်ထက်တွင် ဦးတုတ်ကြီးအား မြင်းစုကြီးဝန်အဖြစ် ဝန်ကြီးရာထူးနှင့် ပူးတွဲခန့်အပ်ခဲ့ရာ မြင်းစုဝန်ကြီးဟု အမည်တွင်ခဲ့ပါသည် ။ ဝန်ကြီးအြဖစ် ခန့်အပ်ခံရစဉ် သတိုးမဟာသေနာပတိဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏ ။ မြင်းစုဝန်ကြီး သတိုးမဟာသေနာပတိ၏ မြေးရှင်မင်းမှာ စဉ့်ကူးမင်း၏ မိဖုရားခေါင် မဟာရတနာစန္ဒာဒေဝီဖြစ်သည် ။

မြင်းစုကြီးဝန် ဦးမြတ်ထင်[ပြင်ဆင်ရန်]

ဗဒုံမင်း နန်းတက်စ မြင်းစုကြီးဝန်အမည်ကို မသိရသော်လည်း ၁၈၁၂ ခုနှစ်တွင် ဦးမြတ်ထင်အား မင်းကြီးမဟာမင်းခေါင်ဘွဲ့ဖြင့် မြင်းစုကြီးဝန်အရာခန့်အပ်လိုက်ပါသည် ။ ဦးမြတ်ထင်သည် မှော်ဘီဆရာသိန်ကြီး၏ ဆောင်းပါးများတွင် ပေါ်ဦး ၊ ကျော်ရွှေ နှင့် မြတ်ထင်တို့အဖြစ် ဖော်ပြခံရသည့် ဘိုးတော်ဘုရား ရောင်းရင်းဘက် ဦးမြတ်ထင်ပင် ဖြစ်ပါသည် ။ ဦးမြတ်ထင်သည် မင်းအလိုလိုက်တက်သူ မဟုတ်သဖြင့် မကြာခဏ ရာဇဝတ်သင့်လေ့ရှိပါသည် ။သို့သော် ဗဒုံမင်းက ဦးမြတ်ထင်နှင့် ရင်းနှီးကွမ်းဝင်ပြီး ဖြစ်သဖြင့် အပြစ်မှ ခွင့်လွှတ်စမြဲဖြစ်၏ ။ ၁၆ ဒီဇင်ဘာ ၁၇၈၃ တွင်မြင်းစုဝန်ကြီး မြတ်ထင်နှင့် ဇနီးဝန်ကတော် ဒေါ်ရွဲတို့အား အကျဉ်ချထားစေဟု အမိန့်တော်ထုတ်ကြောင်းတွေ့ရှိရပါသည် ။ ၉ အောက်တိုဘာ ၁၇၈၄ ခုနှစ်တွင်လည်း ဦးမြတ်ထင်ကို မှူးမတ်တို့ထုံးစံနှင့်အညီ မကျင့်သဖြင့် အနောက်သို့ ခေါ်သွားစေဟု အမိန့်တော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အပြစ်မှ ပြန်လည်ခွင့်လွှတ်ခဲ့ပြန်ပါသည် ။ ၁၈၁၂ ခုနှစ်တွင် ဦးမြတ်ထင်အား မင်းကြီးမဟာမင်းခေါင်ဘွဲ့ဖြင့် မြင်းစုကြီးဝန်အရာ ခန့်အပ်လိုက်ပါသည် ။ ဦးမြတ်ထင်တွင် သားနှစ်ဦးရှိရာ ယောမြို့စား ဝန်ကြီးဦးရွဲညို နှင့် လမိုင်းဝန်ဦးညိုရောင်တို့ ဖြစ်ကြပါသည် ။

မြင်းစုကြီးဝန်အပြောင်းအလဲ[ပြင်ဆင်ရန်]

ဦးမြတ်ထင်အား ဆက်ခံခဲ့သူမြင်းစုကြီးဝင်မှာ နေမျိုးနော်ရထာစည်သူ ဖြစ်ဟန်ရှိပါသည် ။ ၇ ဩဂုတ် ၁၈၁၇ ခုနှစ်တွင် နေမျိုးနော်ရထာစည်သူအား အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခဲ့၏ ။ ဗဒုံမင်းလက်ထက်နှောင်ပိုင်းကာလ၌မူ သီရိမဟာဇေယသူရဘွဲ့ခံ ဦးသာထွန့်မြင်းစုကြီးဝန်အရာ ရရှိခဲ့၏ ။ ဦးသာထွန်သည် ဗဒုံမင်းနတ်ရွာစံလွန်ချိန် ၁၈၁၉ ခုနှစ်အထိ မြင်းစုကြီးဝန်အဖြစ် အမှုထမ်းရွက်ခဲ့သည်ဟု မှန်ဆရ၏ ။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း (ဘကြီးတော် )နန်းတက်စ ၁၈၁၉ ခုနှစ်တွင် မြင်းစုကြီးဝန် ဦးသာထွန်အား ဆက်လက်ခန့်ထားခဲ့သည် ။ သို့သော် မကြာမီ ရာထူးပြောင်းအလဲ ဖြစ်ခဲ့ပြန်ပါသည် ။ ဦးသာထွန်၏နေရာတွင် မဟာမင်းလှစည်သူဘွဲ့ခံ ဦးထွန်အောင်အား ခန့်အပ်ခဲ့၏ ။ ယင်းနောက် မြောက်ဘက်တိုက်ဝန် ဦးရောက်ကြီးအား ခန့်အပ်ခဲ့ပြန်ပါသည် ။

မြင်းစုကြီးဝန်ဦးရောက်ကြီး[ပြင်ဆင်ရန်]

ဦးရောက်ကြီးသည် ပြည်လုံးယူလှေတော်မှူး ဦးရနှင့် ဒေါ်စုလှိုင်တို့၏ သားဖြစ်ပါသည် ။ စစ်ကိုင်းမင်းလက်ထက်တွင် မဟာသီဟသူရဘွဲ့ဖြင့် မြင်းစုကြီးဝန်အရာရရှိခဲ့ခြင်းဖြစ်၏ ။ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ အပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရေးအတွက် ညှိနှိုင်းဆွေနွေးကြစဉ် မြင်စုကြီးဝန် ဦးရောက်ကြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးပါသည် ။ ၁၈၂၄ ခုနှစ် ဘိသိက်အခမ်းအနားအပြီးတွင် မြင်းစုကြီးဝန် ဦးရောက်ကြီးအား ရွှေစလွယ် ၁၂ သွယ်အပါအဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည် ။

မြင်းစုကြီးဝန် ဦးအောင်ပု[ပြင်ဆင်ရန်]

သာယာဝတီမင်း ( ၁၈၃၇ -၁၈၄၆ ) နန်းတက်လာပြီးနောက် မဟာမင်းလှသီဟသူဘွဲ့ခံ ဦးအောင်ပုကို မြင်းစုကြီးဝန်ရာထူးပေးအပ်ခဲ့ပါသည် ။ မြဝတီမြို့ကို မြို့စားအရာရရှိခဲ့သူ ဦးအောင်ပုမှာ မြင်းစုကြီးဝန်ရာထူးသာမက မိုးနဲဗိုလ်မှူးအရာကိုပါ ခန့်အပ်ခံခဲ့ရ၏ ။ ၂၅ ဇွန် ၁၈၃၉ တွင် မြင်းစုကြီးဝန် ဦးအောင်ပုကို ဝန်ကြီးအရာ ခန့်ခဲ့ပါသည် ။

မြင်းစုကြီးဝန်ဦးထိုက်[ပြင်ဆင်ရန်]

ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ ) နန်းတက်စတွင် ဦးထိုက်အား သတိုးမင်းကြီးမဟာမင်းခေါင်ရာဇာဘွဲ့ဖြင့် မြင်းစုကြီးဝန်အရာ ခန့်အပ်လိုက်၏ ။ ဦးထိုက်သည် ယင်းခဲမြို့စား ဖြစ်ပြီး ဝန်ထောက်ရာထူးကိုပါ ပူးတွဲတာဝန်ယူခဲ့ရပါသည် ။ မကြာမီ ဦးထိုက်အား ရန်ကုန်မြို့ဝန်အရာ ခန့်အပ်လိုက်သော အခါ သူ၏နေရာတွင် ချွန်းတောင်မြို့စား ဦးမောင်ကလေးကို မြင်းစုကြီးဝန်အဖြစ် ခန့်အပ်လိုက်သည် ။ ဦးမောင်ကလေးသည် နောင်မင်းတုန်မင်း လက်ထက်တွင် လောင်းရှည်မြို့စား ဝန်ကြီးဟူ၍ အမည်ထင်ရှားခဲ့သူဖြစ်ပါသည် ။

မင်းတုန်မင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းတုန်းမင်း နန်းတက်လာသောအခါ မဟာမင်းလှသီရိဘွဲ့ခံ ဦးတက်တူကို မြင်းစုကြီးဝန်အဖြစ် ခန့်အပ်လိုက်၏ ။ ၁၆ ဇွန် ၁၈၅၄ ခုနှစ်တွင် ဘိသိက်အခမ်းအနားပြီးစီးသွားသောအခါ ဦးတက်တူကို မင်းလှမင်းထင်ဘွဲ့ ပြောင်းလဲပေးအပ်လိုက်သည် ။ ရတနာပုံမြို့တော် တည်ထောင်စဉ် ၂၂ မေ ၁၈၅၉ ခုနှစ်တွင် မြို့တံခါးများအား ဝန်ကြီးမှူးကြီးများက တာဝန်ယူလုပ်ဆောင်ကြရာ မြင်းစုကြီးဝန် ဦးတက်တူ အနောက်တောင်ကြီးကို တာဝန်ယူ လုပ်ဆောင်ရ၏ ။ ထို့ပြင် ၁၈၆၆ ခုနှစ်တွင် မြင်ကွန် မြင်းခုံတိုင် အရေးပေါ်ပေါက်လာသောအခါ၌လည်း မြင်းစုကြီးဝန် ပခန်းငယ်မြို့စား မင်းကြီးမင်းလှမင်းထင်ဘွဲ့ခံ ဦးတက်တူ၏တပ် လိုက်ပါတိုက်ခိုက်ခဲ့ရ၏ ။ မင်းတုန်မင်းလက်ထက် နှောင်းပိုင်းတွင် မြင်းစုကြီးဝန်ရာထူးကို မြေဒူးမြို့စား မင်းကြီးမဟာမင်းလှမင်းခေါင်ဘွဲ့ခံ ဦးမင်အား ခန့်အပ်ခဲ့ပါသည် ။

သီပေါမင်းလက်ထက် မြင်းတပ်စုများ[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက်တွင် လစဉ်လစာငွေ ပေးဆောင်ရသည့်ရဲမက် ၂၄၀⁠၀ ကျော်ရှိရာ ယင်းအရေအတွက်အနက် ၅၂၀⁠၀ ကျော်မှာ မြင်းတပ်သားများ ဖြစ်ကြပါသည် ။ မြင်းတပ်စုအသီးသီးတွင် ဆိုင်ရာကြီးကြပ် ကွပ်ကဲသူဝန်များ ရှိကြပြီး စစ်ရေးစစ်ရာ ပေါ်ပေါက်လာပါက သွားရောက်အမှုထမ်းနိုင်ရန် စစ်ရေးလေ့ကျင်းမှုများ ပုံမှန်လုပ်ဆောင်ကြရပါသည် ။ သီပေါမင်းလက်ထက် မြင်းစုတပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

  1. အက္ကပတ်မြင်း - ၉⁠၉၁ ဦး
  2. ကသည်းမြင်း - ၈၅၂ ဦး
  3. ရှမ်းမြင်း - ၆၁၂ ဦး
  4. ရဲဘက်မြင်း - ၅၆၉ ဦး
  5. နန်းဦးမင်္ဂလာမြင်း - ၅၆၆ ဦး
  6. ရွှေပြည်ရန်အောင်မြင်း - ၅၆၁ ဦး
  7. မင်္ဂလာရဲညွန့်မြင်း - ၄⁠၄၀ ဦး
  8. ဇင်းမယ်ပါမြင်း - ၂၄၄ ဦး
  9. မြန်မာမြင်း - ၂၁၅ ဦး
  10. နောက်တော်ပါမြင်း - ၁⁠၁၈ ဦး
  11. လမိုင်းမြင်း - ၁⁠၁၁ ဦးဖြစ်၏ ။

ဤတွင် မြင်းတပ်စုအလိုက် ဝန်များခန့်အပ်ထားရှိသော်လည်း ဝန်ရာထူးမထားဘဲ မြင်းတပ်ဗိုလ် အဆင့်မျှသာ ထားရှိသော မြင်းတပ်စုများလည်းရှိပါသည် ။

မြင်းစုကြီးဝန်ဦးပိန်[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်စ ၂၃ နိုဝင်ဘာ ၁၈၇၈ ခုနှစ်တွင် ဦးပိန်အား မင်းကြီးမင်းလှမဟာမင်းခေါင်ဘွဲ့ဖြင့် မြင်းစုကြီးဝန်အရာ ခန့်အပ်ခဲ့ည် ။ ဦးပိန်၏ အမည်ကို ဦးမောင်ကလေးဟူ၍ လည်းတွေ့ရှိရ၏ ။ မြင်းစုကြီးဝန်ဦးပိန်သည် ရနောင်မောင်⁠မောင်တုတ်၏ ဖခင်ဖြစ်ပါသည် ။ ၂၃ ဇန်နဝါရီ ၁၈၇၉ ခုနှစ်တွင် မြင်းစုကြီးဝန် ဦးပိန်အား အတွင်ဝန်ရာထူး တိုးမြှင့်ခန့်အပ် လိုက်ပါသည် ။

မြင်းစုကြီးဝန် ဦးပုလေး[ပြင်ဆင်ရန်]

ဦးပိန်ကို အတွင်ဝန်ရာထူး ခန့်အပ်လိုက်သောအခါ လစ်လပ်သွားသော မြင်းစုကြီးဝန်ရာထူးကို ၁၈၇၉ ခုနှစ် ဇူလိုင်လတွင် ဦးပုလေးအား ခန့်အပ်လိုက်၏ ။ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြတိသျှကိုစားလယ်အဖွဲ့ လာရောက်သောအခါ စစ်ရေးပြ အခမ်းအနားသို့ မြင်းစုကြီးဝန် မင်းကြီးမဟာမင်းခေါင်ဘွဲ့ခံ ဦးပုလေး တက်ရောက်ခဲ့၏။ ၁၈⁠၈၂ ခုနှစ်တွင် ဦးပုလေးအား ဝန်ထောက်ရာထူး တိုးမြှင့်ပေးလိုက်ပါသည် ။

မြင်းစုကြီးဝန်အပြောင်းအလဲ[ပြင်ဆင်ရန်]

၁၈⁠၈၂ ခုနှစ် ဧပြီလတွင် ဦးပုလေး ဝန်ထောက်ဖြစ်လာသောအခါ မြင်းစုကြီးဝန်အဖြစ် ရန်အောင်မြင်းဝန်ထောက် မင်းကြီးမဟာမင်းလှရာဇာဘွဲ့ခံ ဦးအိုအား ခန့်အပ်ခဲ့၏ ။ ၁၃ နိုဝင်ဘာ ၁၈⁠၈၃ ခုနှစ်တွင် မသိုးသင်္ကန်းရက်လုပ်ပွဲကျင်းပရာ မြင်းစုကြီးဝန်ကတော်မှာ အိမ်မှချည်ခင်ကို ဝှက်ယူလာကြောင်း တွေ့ရှိရသဖြင့် လူပုံလယ်တွင် ဒိုးပတ်က၊ ပြရသေး၏။ ယင်းနောက် ၁၈⁠၈၄ ခုနှစ်အတွင်း မြင်းစုကြီးဝန် ရာထူးအပြောင်းအလဲ ဖြစ်ပြန်ပါသည် ။ မင်းကြီးမဟာမင်းခေါင်ကျော်ထင်အား မြင်းစုကြီးဝန်အရာ ခန့်အပ်ခဲ့ခြင်းဖြစ်ပါသည် ။ ၁၈⁠၈၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် ဝန်ထောက်တစ်ဦးလည်းဖြစ်သူ မြင်းစုကြီးဝန် မင်းကြီးမဟာမင်းခေါင်ကျော်ထင်အား ဗိုလ်ချုပ်အရာ ခန့်အပ်ကာ မိုးနဲစစ်ကြောင်း ချီတက်စေခဲ့သောကြောင့် တွေ့ရှိရပါသည် ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉