မြင်းစီးခြင်း
မြင်းစီးခြင်းသည် ရှေးအခါက မင်းညီမင်းသားတို့ တတ်အပ်သော အတတ်ပညာတို့တွင် တစ်ခုအပါအဝင် ဖြစ်သည်။ စက်မှုလက်မှုလုပ်ငန်းများ မထွန်းကားသေးသည့်ခေတ်အခါက လူတို့၏ ခရီးသွားလာရေး ကိစ္စများတွင် မြင်းသည် အရေးပါအရာရောက်ဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် စက်မှုလက်မှု လုပ်ငန်းများ ထွန်းကား၍ မီးရထား၊ မော်တော်ကား အစရှိသော သယ်ယူပို့ဆောင်ရေး ယာဉ်များ ပေါ်ပေါက်လာသည့်အခါ၌ကား မြင်းဖြင့် ခရီးသွားလာခြင်းမှာ တစတစ နည်းပါးလာလေသည်။ ယခုအခါ မြင်းစီးခြင်းကို များသောအားဖြင့် လူတို့၏ ဝါသနာထုံရာ ကစားပျော်ပါးမှုတစ်ရပ် အဖြစ်ဖြင့် ယူဆကြသည်။ ယခုခေတ်တွင် ခရီးသွားလာရေးကိစ္စများအတွက် မြင်းကို အသုံးနည်းသွားသော်လည်း မြင်းပြိုင်ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း၊ တောထဲ၌ အမဲလိက်ရာတွင်လည်းကောင်း၊ အပျော်သက်သက် ခရီးထွက်ရာတွင်လည်းကောင်း မြင်းကို အသုံးပြုလျက်ပင်ရှိကြသေးသည်ဖြစ်ရာ မြင်းစီးအတတ်ကို အတော်အသင့် သိရှိနားလည်ထားသင့်ကြပေသည်။ မြင်းစီးရာတွင် အသုံးပြုလေ့ရှိကြသော မြင်းကုန်းနှီးများမှာ မြန်မာကုန်းနှင့် အင်္ဂလိပ်ကုန်းမှာ မြန်မာကုန်းထက် စီးရာတွင် ပိုမိုညင်သာသည်။ ယခုအခါ မြနမာကုန်းနှီးများကို ရှေးကလောက် အသုံးမပြုကြတော့ဘဲ၊ အင်္ဂလိပ်ကုန်းနှီးကိုသာ အသုံးများလျက်ရှိကြသည်။ မြင်းစီးသည့်အခါ မြင်းစီးဘောင်းဘီနှင့် နောက်ပိတ်ဖိနပ်များကို ဝတ်ဆင်၍ စီးနိုင်လျှင် ပို၍ သင့်လျော်လေသည်။ မြင်းစီးစသင်သူသည် ကပ်၍ မြင်းဖက်သို့ မျက်နှာမူကာ ရပ်နေပြီးလျှင် မြင်းဇက်ကြိုးနှင့်လည်ဆံမွှေးကို လက်ဝဲလက်တွင် ဆုပ်ကိုင်ထားရ၏။ ထိုနောက် လက်ဝဲဘက် ခြေနင်းကွင်းကို မိမိ၏ လကျာ်လက်ဖြင့် ကိုင်၍ မိမိ၏ လက်ဝဲဘက်ခြေဖဝါးကို ခြေနင်းကွင်းတွင်းသို့ သွင်းပေးလိုက်ရ၏။ ထိုနောက် မြင်းကုန်းထိပ်ကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီးလျှင် ကုန်းပေါ်သို့ ညင်သာစွာလွှားတက်လိုက်ရလေသည်။ ကိုယ်ခန္ဓာ အလေးချိန်သည် မြင်းကျော်ပေါ်တွင် အညီအမျှ ကျရောက်နေစေရန် သတိပြု၍ ထိုင်ရ၏။ စီးသောအခါ စိတ်ကိုရဲတင်းစွာထား၍ ဖြည်းဖြည်းမှန်မှန် စီးရသည်။ အနှေးစီးကျင့်သည့် အခါ၌ ခြေနင်းမပါဘဲ ဒူးနှစ်ဖက်နှင့် ညှပ်ပြီး စီးနိုင်လျှင် သာ၍ကောင်းလေသည်။ ဤသို့ရက်အနည်းငယ် စီးသားရ၍ အတော်အသင့် ကျင့်သားရလာသည့်အခါ အသားကျ (လေးဖက်ကျ) စီးခြင်း၊ ခွာစုံ စီးခြင်းနှင့် ဒုန်းစီးခြင်း စသော အမြန်စီးနည်းတို့ကို တစ်ဆင့်မှ တစ်ဆင့်သို့ တက်၍ လေ့ကျင့် စီးသွားနိုင်လေသည်။
မြင်းသည် လျင်မြန်စွာ ပြေးလွှားနေစဉ် ဇက်ကြိုးကို ရုတ်တရက် ဆောင့်ဆွဲကာ မရပ်မိစေရန် သတိပြုသင့်ပေသည်။ ဤသို့ပြုလုပ်ခြင်းသည် မြင်းကို စိတ်ထွက်စေသည့်အပြင်၊
ကျင်လျင်စွာ မစီးနိုင်သေးသူသည် စိတ်ကောက်သွားသော မြင်းကို မထိန်းနိုင်မကိုင်နိုင်ဖြစ်တတ်လေသည်။ ထိုမှတပါး ဆင်ခြေလျှော အဆင်းများတွင် မြင်းကိုလျင်မြန်စွာ မစီးဘဲ အရှိန်သတ်ကာ ခပ်ဖြည်းဖြည်းစီးဆင်းရန် သတိမူရပေမည်။ ကုန်းအဆင်းတွင် ဒုန်းစိုင်း၍ စီးပါက မြင်းရောလူပါ ဂျွမ်းပြန်ကာ ဒုက္ခရောက်တတ်လေသည်။
ဤနည်းဖြင့် မြင်းကို အတန်နိုင်နင်းစွာ စီးတတ်လာသည့်အခါ ချိုင့်များ၊ ကျင်းများ၊ ခြံစည်းရိုးများပေါ်သို့ လွှားကျော်ကာ စီးရသည့်အခုန်စီးနည်းကို လေ့ကျင့်နိုင်လာပေမည်။ သို့လေ့ကျင့်သည့်အခါ ခြေနင်းနှစ်ခုကို ခပ်တိုတိုထား၍ စီးရသည်။ ရှေးဦးစွာ အခုန်သင်စတွင် လေ့ကျင့်ပြီးဖြစ်သော အခြားမြင်းတစ်ကောင်ကို ရှေ့မှထား၍ သင်လျှင် သာ၍ကောင်း၏။ မြင်းသည် အမြင့်တစ်ခုခုကိုခုန်၍ ကျော်လွှားသည့်အခါ မြင်း၏ ရှေ့ခြေအစုံသည် ဦးစွာ အထက်သို့ မြင့်တက်လာပြီးလျှင် အကျတွင် တစ်ဖန် မြေသို့ အားနှင့်ထောက်ရပြန်သဖြင့် မြင်း၏ ရှေ့ပိုင်းတွင် ဖိအားပေါ့သွားစေရန် စီးသူသည် ကိုယ်ကိုရှေ့တိုး ကိုင်းညွှတ်၍ မစီးဘဲ နောက်ဖက်သို့ ယိမ်းကာဒူးနှစ်ဖက်နှင့်သာ မြင်း၏ နံဘေးကို မြဲမြဲညှပ်ထားသင့်ပေသည်။ လိမ့်ကျသွားခဲ့သော်လည်း ဇက်ကြိုးကို မလွှတ်လိုက်မိရန် သတိထားရမည်။ မတော်တဆ လိမ့်ကျသည့်တိုင်အောင် အကျမနာစေရန် ပြုနိုင်ခြင်းသည် မြင်းစီးအတတ်တွင် တတ်အပ်သော အချက်ကောင်းကလေးတစ်ခုပင် ဖြစ်လေည်။
[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)