မြင်းစားဂျုံ

ဝီကီပီးဒီးယား မှ

သမပိုင်းတွင် စိုက်ပျိုးကြသော ကောက်ပင်များအနက် မြင်းစားဂျုံပင်သည် မြေမရွေး၊ ရာသီဥတုမရွေးပေါက်နိုင်သော ကောက်ပင်မျိုးဖြစ်သည်ဟု ဆိုရပေမည်။ ရာသီဥတု အလွန်အေးသဖြင့် အခြား ကောက်ပင်များကို မစိုက်ပျိုးနိုင်သော စကော့တလန်ပြည်မြောက်ပိုင်း၊ အလာစကာပြည်၊ ရုရှနိုင်ငံနှင့် ဆိုက်ဗီးရီးယားပြည်တို့တွင် မြင်းစားဂျုံကို လူတို့ နေ့စဉ် စားသုံးရန်အတွက် စိုက်ပျိုး လုပ်ကိုင်ကြသည်။ အလွန်မာသော မြင်းစားဂျုံမျိုးကိုမူ မြောက်ဘက် အာတိတ် စက်ဝိုင်းအနီးအနား ဒေသများ၌ပင် စိုက်ပျိုးနိုင်ကြသည်။ အမေရိကန်၊ ရုရှ၊ ဂျာမနီ၊ ကနေဒါနှင့် ပြင်သစ်နိုင်ငံတို့သည် မြင်းစားဂျုံအများဆုံး စိုက်ပျိုးကြသော နိုင်ငံများ ဖြစ်ကြသည်။ နွေးသောရာသီရှိသည့် တိုင်းနိုင်ငံတို့သည် မြင်းစားဂျုံပင်များကို စိုက်ပျိုးလျှင် အဆန်မတည်ဘဲရှိတတ်သဖြင့် ထိုကဲ့သို့သော တိုင်းနိုင်ငံများ၌ တိရစ္ဆာန်အစာအတွက်နှင့် မြေဩဇာ ပြုပြင်ပေးရန်အတွက် စိုက်ပျိုးထားတတ်ကြသည်။ ကောက်ရိုးများကို စက္ကူပြုလုပ်ရာ၌ အသုံးချကြသည် ။ မြင်းစားဂျုံတွင် အခြား ကောက်ပင်များမှာထက် အာဟာရဓာတ်ပို၍ ပါရှိရာ၊ ယင်းကို နေ့စဉ် စားသုံးလျက်ရှိသည့် လူမျိုးတို့သည် ကျန်းမာသန်စွမ်း ကြသည်သာများ၏။ သို့ရာတွင် မြင်းစားဂျုံကို ညက်ညောသည့် အမှုန့်ဖြစ်အောင် ကြိတ်၍ မရနိုင်သဖြင့်ပေါင်မုန့် ပြုလုပ်ရန် ခဲယဉ်းသည်။ ထို့ကြောင့် လူတို့ နေ့စဉ်စားသုံးရန် မြင်းစားဂျုံကို အသုံးမပြုကြချေ။ တခါတရံ၌သာ မြင်းစားဂျုံကို ကျိုချက်၍ဖြစ်စေ၊ မုန့်ပြုလုပ်၍ဖြစ်စေ စားသုံးတတ်ကြသည်။ ရှေးခေတ် အီဂျစ်လူမျိုး၊ ဟီဗြူလူမျိုး၊ ဂရိလူမျိုးနှင့် ရောမ လူမျိုးတို့၏ သမိုင်းများတွင် မြင်းစားဂျုံနှင့် စပ်လျဉ်း၍ တည်ညွှန်း ဖော်ပြချက်များ မတွေ့ရှိရသဖြင့် မြင်းစားဂျုံပင်၏ ဇာတိအရပ်ကို တိတိကျကျ မသိရချေ။ သို့သော် ဥရောပတိုက် အလယ်ပိုင်းတွင် မြင်းစားဂျုံအရိုင်းပင်များ ပေါက်ရောက် လျက်ရှိရာ ထိုအရပ်ပင်လျှင် မြင်းစားဂျုံအရိုင်းကို ယဉ်အောင် ပြုလုပ်သည့် အရပ် ဖြစ်တန်ရာသည်ဟု ယူဆရသည်။ ရုရှနိုင်ငံ၊ သို့မဟုတ် အာရှတိုက်အနာက်ဖက်ပိုင်းဒေသများမှ မြင်းစားဂျုံပင်ကို ဥရောပတိုက်သို့ ယူခဲ့ဟန်တူသည် ဟူ၍ လည်း ထင်ရသည်။ မြင်းစားဂျုံပင်၏ ထူးခြားချက်တစ်ရပ်မှာ အခြားကောက်ပင်များကဲ့သို့ အနှံများ ပြွတ်သိပ်၍ မထွက်ဘဲ တစ်စေ့စီပါသော အနှံကလေးများ ဖြာထွက်လျက်ရှိသည်။ လူတို့ စိုက်ပျိုးကြသော မြင်းစားဂျုံပင် အမျိုးအစားပေါင်း မြောက်မြားစွာရှိသည်။ ထိုအမျိုးအစားအားလုံးတို့မှာ အလွန်အေးသော ရာသီဥတု ဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကမ္ဘာ့မြောက်ဖျားအရပ်များတွင် မြင်းစားဂျုံပင်ကို အောင် မြင်စွာ စိုက်ပျိုးနိုင်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)