မျက်လှည့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မျက်လှည့်ဆရာကို ခွက်များ ဘောလုံးများဖြင့် တွေ့ရစဉ်

မျက်လှည့်ပညာသည် မဖြစ်နိုင်သော အရာ သို့မဟုတ် သဘာဝလွန် အရာတို့ကို ပရိသတ်အား လှည့်စားမှု ပြုခြင်း သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ဖျော်ဖြေသော ပညာရပ် တစ်ခုဖြစ်သည်။ ထိုသို့သော လှည့်စားမှု ပြုခြင်းဖြင့် ဖျော်ဖြေသူကို မျက်လှည့်ဆရာ ဟု ခေါ်သည်။

မျက်လှည့်အတတ်[ပြင်​ဆင်​ရန်​]

ကြည့်သူတို့၏ မျက်စိကို လှည့်စားခြင်းဖြင့် မဟုတ်သည်ကို အဟုတ်ထင်စေနိုင်သောကြောင့် မျက်လှည့်အတတ်ဟု ခေါ်သော အတတ်ပညာ တစ်မျိုးသည် ကမ္ဘာအနှံ့အပြားရှိ နိုင်ငံတို့တွင် အနည်းနှင့်အများ ခေတ်စားလျက် ရှိလေသည်။ မျက်လှည့်ဆရာဟု အမည်ခံသူ တစ်ယောက်သည် စိတ်ပညာကို အတော်အသင့် ခေါက်မိရမည့်အပြင် လက်၏ ကျွမ်းကျ်မှုဖြစ်သော ပဉ္စလက်နည်း ပရိယာယ် အသွယ်သွယ်တို့ကိုလည်း ကောင်းစွာ နားလည်ထားရပေမည် ။ ထိုမျှသာမကသေး၊ ပရိသတ်၏ စိတ်ကို ဆွဲငင်နိုင်လောက်အောင် ကရားရေလွှတ် အချက်ကျကျပြောဆိုတတ်သော အရည်အခြင်းရှိရန်လည်း လွန်စွာပင်လိုချေသည်။

မျက်လှည့်တို့မည်သည်မှာ လွန်စွာ လျှို့ဝှက်၍ အသိခက်သော အရာများကိုပြသနိုင်မှသာ ကြည့်သူ ပရိသတ်၏ အံ့ဩ ချီးမွမ်းခြင်းကို ခံရတတ်သဖြင့်မျက်လှည့်ဆရာတို့သည် မိမိတို့၏ နည်းပရိယာယ်တို့ကို လူမသိအောင် လျှို့ဝှက်၍ ထားလေ့ရှိကြပေသည်။

အချို့သော လှည့်စားမှုများမှာ လွန်စွာပင် အံ့ဘနန်း ရှိလှသဖြင့် မျက်လှည့်ဆရာ၏ အစွမ်းတစ်ခုတည်း နှင့်သာ မဟုတ်ဘဲ၊အစိမ်းတိုက်သဘော သက်ဝင် လေသလောဟူ၍ အတော်အတန်ခေတ်မှီသူ အချို့ တို့ပင်လျှင် ယုံမှားသံသယဖြစ်ကြရလေသည်။ ထိုယုံမှားမှုသည်ပင် မျက်လှည့်ဆရာကို ပို၍ အထင်ကြီး စေကာ လူကြိုက်များအောင် ဖန်တီးပေးတတ်သော ကြောင့် အချို့သော မျက်လှည့်ဆရာများသည် မျက်လှည့်ပြခိုက်တွင် မျက်လှည့်စင်ပေါ်၌ ယုတ္တိတန်သည် ၊ မတန်သည်ကို အပထားလျက် ၊ လူဦးခေါင်းခွံ တစ်ခုနှင့် လူရိုး တစ်ချောင်းနှစ်ချောင်းကို တင်၍ ပြသထားလေ့ရှိကြလေသည်။

မျက်လှည့်အတတ်သည် မှော်အတတ်ကဲ့သို့ပင် လွန်စွာရှေးကျသော လောကီပညာရပ်တစ်ခု ဖြစ်လေရာ၊ ထိုအတတ်နှစ်ရပ်သည် တစ်ခုနှင့်တစ်ခု အလွန်နီးစပ်ခဲ့သဖြင့် မျက်လှည့်အတတ်သည် အစိမ်းတစ္ဆေ စသော ဝိညာဉ်တို့နှင့် ထွေးရောရှက်တင် ဖြစ်ခဲ့သည်ဟု ရှေးက ယူဆခဲ့ကြလေသည်။ သို့ရာတွင် များသောအားဖြင့် ယခုခေတ်အခါ ပြသလေ့ရှိကြသော မျက်လှည့်များတွင်ကားမှော်အတတ်၏ အကူအညီ ပါဝင်ခဲ့သော် အနည်းငယ်မျှသာပါဝင်၍ ကျင့်သားရကျွမ်းကျင်နေသော လက်ဖြင့် လှည့်စားခြင်း၊ အထူးစီမံထားသော ကိရိယာ တန်ဆာပလာ တို့ဖြင့် လှည့်စားခြင်းတို့သာ များလေသည်။

မျက်လှည့်အတတ်တွင် လက်လှည့်၊ မျက်လှည့်ဟူ၍ နှစ်မျိုးရှိ၏။ လက်လှည့်ဆိုသည်မှာ လက်ထဲရှိ ပိုက်ဆံကို ရုတ်တရက် ပျောက်သွားစေခြင်း၊ ဖဲချပ်ဝှပ်ခြင်းစသည့် လက်ဖြင့် ကျင့်သားရအောင် လေ့ကျင့်ထားရသည့် လှည့်စားခြင်း အတတ်ဖြစ်၍၊ မျက်လှည့် ဆိုသည်မှာ မျက်စိကို ထင်ရောင် ထင်မှားဖြစ်စေခြင်း (ဝါ) ကြည့်သူတို့၏ စိတ်ကို လှည့်စားခြင်းပင် ဖြစ်လေသည်။

ပထမ အမျိုးအစား ဖြစ်သည့် လက်လှည့်အတတ်ကို လမ်းဆုံလမ်းဝ လမ်းလေးခွတို့နှင့် လူစည်ကားသည့် နေရာတို့တွင် တွေ့ရှိရတတ်သော သာမန် မျက်လှည့်ပြပွဲများ၌ တွေ့မြင်နိုင်၍၊ ဒုတိယ အမျိုးအစားဖြစ်သည့် အထက်တန်း မျက်လှည့် အတတ်ကိုကားကမ္ဘာအရပ်ရပ်သို့ လှည့်လည်၍ ရုံတင်ပြသသော နာမည်ကျော် မျက်လှည့်ဝိဇ္ဇာတို့၏ ပြပွဲများတွင်သာ တွေ့မြင်နိုင်ပေသည်။

မျက်လှည့်ပြရာ၌ အသုံးပြုလေ့ရှိသော ကရိယာများမှာ (၁) အမှန်အတိုင်း ပြုလုပ်ထားသော ပစ္စည်း၊ (၂) နဂိုပုံသဏ္ဌာန်ကို မပျက်စေဘဲ လှည့်စား ရန်အတွက်သာ စီမံပြုလုပ်ထားသည့်ပစ္စည်းနှင့် (၃) ကြည့်သူများ မသိမမြင်နိုင်အောင် ပြုလုပ်ထားသောပစ္စည်းဟူ သုံးမျိုးသုံးစားရှိလေသည်။ အချို့သောလှည့်စားမှုများတွင် ပစ္စည်းတစ်မျိုးတည်းဖြင့်ပင် ပြုလုပ်နိုင်သော်လည်း ပစ္စည်းသုံးမျိုးစလုံးကို ပေါင်းစပ်ပြုလုပ်မှရသော လှည့်စားမှု များလည်း ရှိလေသေးသည်။လှည့်စားမှု အမျိုးမျိုးရှိသည်တွင် လှည့်စားမှုတစ်ခု အထမြောက် အောင်မြင်ရန်အတွက် ၈ဝ ရာခိုင်နှုန်းလောက်မှာ မျက်လှည့်ဆရာ၏ စိတ်ပညာ နိုင်နင်းမှုပေါ်တွင် တည်၍ ၁ဝ ရာခိုင်နှုန်းလောက်မှာ သရုပ်ပါပါ အမူအရာကောင်းကောင်းနှင့် ကျွမ်းကျင်စွာ ကိုင်တွယ် ပြသနိုင်မှုပေါ်တွင် တည်ရှိပြီးလျှင် ကျန် ၁ဝ ရာခိုင်နှုန်းမှာ ကောင်းမွန်သော ပစ္စည်းများကိ အသုံးပြုမှုပေါ်တွင် တည်နေလေသည်။

ဖြစ်နိုင်ဖွယ်ရာမရှိသော လှည့်စားမှုမျိုးကို ပြုလုပ်ပြသခြင်းသည် ကြည့်သူ ပရိသတ်အား ရင်သပ်အံ့ဩ ထူးကဲသောအာရုံကို ခံစားစေနိုင်သည် သာမက လူမျိုးခြားပရိသတ်ပင် ဖြစ်စေကာမူ သဘောပေါက်ကာ စွဲလမ်းသွားစေနိုင်ပေသည်။ သို့အားဖြင့်မျက်လှည့် အတတ်သည် လူမျိုးတိုင်း လေ့လာပြသ ကြည့်ရှုနိုင်သော သဘင်အတတ်တစ်ရပ် ဖြစ်သည်ဟုဆိုနိုင်ပေသည်။

ရှေးဟောင်း သမားရိုးကျဖြစ်သော မျက်လှည့်အတတ်များစွာတို့မှာ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဟူသည်နှင့် အညီတစ်နိုင်ငံနှင့် တစ်နိုင်ငံ မသိမသာ ကွဲပြားခြားနားလျက်ရှိသော်လည်း အခြေခံသဘောတို့၌ကား ထပ်တူထပ်မျှပင် ဖြစ်ကြသည်။

ယင်းသို့ ဖြစ်ရခြင်းအကြောင်းမှာ ထိုအခြေခံ အချက်အလက်များသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ တစ်ဆင့်ကူးပြောင်းရောက်ရှိသွားကြခြင်းကြောင့် မဟုတ်ဘဲ၊ အလွယ်ဆုံး အရိုးဆုံးနည်းတို့ဖြင့်သာ လုပ်ကိုင်ပြသကြသောကြောင့်ပင် ဖြစ်လေသည်။ နှစ်ပရိစ္ဆေဒကြာညောင်းသောအခါ၊ ကမ္ဘာအရပ်ရပ်ရှိ မျက်လှည့်ဝိဇ္ဇာများသည် တိုးတက်ခက်ခဲနက်နဲသော ပြသမှုများကို ကြံစည်တီထွင်လာကြတော့၏။ သို့ရာတွင် တစ်ဦးနှင့် တစ်ဦး အတတ်ပညာချင်း ဖလှယ်ကြသည့်အတွက် ၊ အရှေ့နိုင်ငံများမှ မျက်လှည့်အတတ်သည် အနောက်နိုင်ငံများသို့ ရောက်ရှိသွားပြီးလျှင် အနောက်နိုင်ငံ မျက်လှည့်အတတ်များသည်လည်း အရှေ့နိုင်ငံတို့သို့ ပျံ့နှံ့ ရောက်ရှိလာကြလေတော့သည်။

မျက်လှည့်ပညာကို အပျော်ထမ်း လိုက်စားလိုသူများအဖို့ သိသင့်သိထိုက်သော အချက်အလက် အနည်းငယ်ကို အောက်တွင်ရေးသားဖော်ပြထား ပေသည်။

ပရိသတ်အား ဘာလုပ်၍ ပြမည်ဆိုသည့် အကြောင်းကို မည်သည့်အခါမှ ကြိုတင်၍ ဖွင့်မပြောသင့်ပေ။ ဘာဖြစ်လာမည်ကိုပရိသတ်က သူတို့ဖာသာ မှန်းဆ တွေးယူစေသင့်၏။ သာဓကပြရသော် လက်ထဲတွင်ရှိသော ငါးမူးစေ့တစ်စေ့ကို သူတို့မျက်မှောက်တွင်ပင် ကွယ်ပျောက်သွားအောင် ပြုလုပ်ပြသမည်ဆိုကြပါစို့။ ဦးစွာပထမ ငါးမူးစေ့ကို အများမြင်သာအောင် ထောင်၍ကိုင်ပြပါ။ ထိုနောက်ပရိသတ် မသိအောင် ငါးမူးစေ့ကို ကျင်လျင်စွာ ရုတ်ခြည်းဖျောက်လိုက်ပြီးလျှင် ငါးမူးစေ့ရှိသည်ဟု ထင်းနေကြသော လက်ပေါ်သို့ဆေးကြိမ်လုံး တစ်ချက် ဝင့်လိုက်ရုံမျှနှင့် ငါးမူးစေ့သည် လက်ထဲမှ ပျောက်သွားမည့်အကြောင်းကို ပရိသတ်အား ဣန္ဒြေမပျက် ပြောပြနိုင်ပေသည်။

အချို့ လွန်စွာ ရှုပ်ထွေးသော လှည့်စားမှုများကိုပင် များစွာ မခဲယဉ်းဘဲ ပြုလုပ်ပြသနိုင်ပေသည်။ လှည့်စားမှုတစ်ခုသည်ကောင်းစွာ အထမြောက် အောင်မြင်သွားပြီးနောက် ပရိသတ်က သဘောကျ၍ ပြပါဦးဟု တောင်းပန်ကြသော်လည်း မပြုလုပ်သင့်ပေ ။

ပထမအကြိမ်တွင် ချောမောစွာ အောင်မြင်သွားသော်လည်း ဒုတိယအကြိမ်တွင် အလိမ်ပေါ်သွားမည်ကို စိုးရပေသည် အကယ်၍ ပထမ အကြိမ်မှာကဲ့သို့ အောင်မြင်စွာ ပြုလုပ်ပြသနိုင်လိမ့်မည်ဟု မိမိကိုယ်ကို မိမိ ယုံကြည်စိတ်ချပါမူကား၊ တောင်းပန်ကြသည့်အတိုင်းအခြား နည်းတစ်မျိုးနှင့်သာ ထပ်မံပြုလုပ် ပြသသင့်ပေသည်။ မျက်လှည့်များကို ပရိသတ်ရှေ့တွင် မပြသမီ တစ်ယောက်တည်း မှန်ကြီးကြီး တစ်ချပ်ရှေ့တွင် လေ့ကျင့်ကြည့်သင့်၏။ မိမိ၏ လက်များသည် မိမိ၏ မျက်စိများကိုပင် လှည့်စားနိုင်ပြီဟု ယုံကြည်ရသည့်အခါမှသာ အများရှေ့မှောက်တွင် ပြသသင့်ပေသည်။ လှည့်စားမှုများကို ပြသသည့်အခါတွင် အလောတကြီး လျင်မြန်မှုကို ဂရုမစိုက်ဘဲ ဖျတ်လတ်ကျင်လျင်မှုကိုသာ ရည်ရွယ်သင့်ပေသည်။ ကြည့်မကောင်းလောက်အောင် နှေးကွေးခြင်းကိုကား ရှောင်ကြဉ်သင့်၏။

မျက်လှည့်ဆရာကောင်း တစ်ယောက်ဖြစ်ရန် သူတကာထက် ထူးခြားသော ကိုယ်ခန္ဓာ အနေအထားရှိရန်မလိုချေ။ သို့ရာတွင်ပရိသတ်က မြင်လိုက်လျှင် နှစ်သက်သဘောကျသွားစေနိုင်သော အသွင်အပြင် ဟန် အမူအရာရှိရန်ကား လိုလေသည်။ မဖြစ်နိုင်ဟု ယူဆကြသည့် အရာများကိုပြုလုပ် ပြသရမည် ဖြစ်သောကြောင့် မျက်လှည့်ဆရာသည် မိမိကိုယ်ကို မိမိ ယုံကြည်မှု ထက်သန်ရပေမည် ။

ကြည့်သူပရိသတ်အား ခင်မင်နှစ်လိုသောစိတ် ထားတတ်ရမည့်ပြင်၊ ပရိသတ်၏ သဘောကိုလည်းနားလည်ရပေမည်။ မျက်လှည့်အတတ် တွင် ကျွမ်းကျင်မှုမှာ အလေ့အကျင့်ပေါ်တွင် တည်သည်ကိုလည်း သတိအမြဲချပ်အပ်ပေသည်။ လှည့်စားနည်းအသစ်များကို တီထွင်နေ ရန် မလိုချေ။ တီထွင်ထားပြီးနည်းများ ထောင်သောင်းမက ရှိသည်ကိုသာ မိမိ သဘောကျ စီစဉ်ပြုလုပ် ပြသသွားနိုင် ပေသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)