မျက်မမြင် ပညာသင်ကြားရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မျက်မမြင် ပညာသင်ကြားရေး[ပြင်ဆင်ရန်]

မျက်မမြင်ဒုက္ခိတများ၏ အခြေအနေ တိုးတက်ကောင်းမွန်လာရေး အတွက် ကြိုးပမ်းမှုများသည် ၁၇ ရာစုနှစ်တွင်းကပင် စတင် ပေါ်ပေါက်လာခဲ့သော်လည်း ၁၉ ရာစုနှစ် အစလောက်အထိ မည်သို့မျှ မည်မည်ရရ မရှိခဲ့သေးချေ။ သို့သော် ၁၉ ရာစုနှစ် အတွင်းသို့ရောက်သောအခါ မျက်မမြင် ဒုက္ခိတများ၏ အခြေ အနေသည် တိုးတက်ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် ပထမကမ္ဘာစစ်ပြီးဆုံးသွားပြီးသည့် နောက်တွင် ထိုကဲ့သို့သော ကြိုးပမ်းမှုများသည် ဆထက်ထမ်းပိုး တိုးတက်လာလေတော့သည်။

ပထမကမ္ဘာစစ်အတွင်း ပါဝင်ဆင်နွှဲခဲ့စဉ်က မျက်စိတွင် ဒဏ်ရာ ရရှိသဖြင့် မျက်စိကွယ်သူ ဦးရေမှာ ဗြိတိန်နိုင်ငံ၌ပင် ၁ဝဝဝ ကျော် မျှ ရှိလေသည်။ သို့ဖြစ်ရာ စစ်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သော နိုင်ငံများသည် ထိုကဲ့သို့ လူဖြစ်ရှုံးရသူများအရေးကို လျစ်လျူရှု၍ မနေသာတော့ဘဲ အထူးပင်ကြိုးပမ်းဆောင်ရွက်ပေးရလေသည်။ ထိုကြောင့် ယခုအခါတွင် မျက်မမြင်များ မလုပ်နိုင်သော အလုပ်ဟူ၍ မရှိသလောက်ပင် ဖြစ်နေပေသည်။

စာပေဖက်တွင်လည်းကောင်း၊ ကုန်ကူးသန်းရေးဖက်တွင် လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးဖက်တွင်လည်းကောင်း အဖက်ဖက်တွင်မျက်မမြင်များ အတွက် လမ်းဖွင့်ပြီးသားဖြစ်နေ၏။ အလုပ်အကိုင် မလုပ်နိုင်သော မျက်မမြင်များကိုလည်း ပြုစု စောင့်ရှောက်ထားသဖြင့် ယခင်ကကဲ့သို့ ခိုကိုးရာမဲ့ မဖြစ်တော့ပေ။ အနောက်နိုင်ငံများတွင် မျက်မမြင် ဖြစ်နေ၍ များစွာ ဝမ်းနည်းစရာ အကြောင်း မရှိတော့ဘဲ၊ မျက်မြင် အများပင် စာပေသင်ကြား တတ်မြောက်ကြ၍ လွတ်လွတ်လပ်လပ်နှင့် ကိုယ့်ဝမ်းကိုယ်ကျောင်း နိုင်သော သူများဖြစ်နေကြလေပြီ။

မျက်မမြင်များကို ပညာသင်ကြားပေးရာတွင် မျက်စိကို အသုံးမပြု နိုင်သဖြင့် အခြားအာရုံများကို ထက်မြက်အောင် လေ့ကျင့်စေကာ သင်ကြားပေးရလေသည်။ စပိန်လူမျိုး ဖရန်စစ္စကို လူးကပ် ဆိုသူသည် သစ်သားတုံးများပေါ်တွင် ထွင်းထားသော စာလုံး များကို လက်နှင့် စမ်းသပ်ခြင်းဖြင့် မှတ်မိလာပြီးလျှင် ဖတ်တတ် လာအောင် သင်ကြားပေးရန် ကြံစည်ခဲ့လေသည်။ အမေရိကန်ပြည် တောင်စု၊ ဗော့စတန်မြို့ရှိ ပါကင် မျက်မမြင်ကျောင်း၏ ကျောင်းအုပ် ဒေါက်တာ ဆယ်မျူယယ် ဂျီဟောင်းဆိုသူသည် တစ်ခါက ဆွံ့အပြီး နားမကြားသော မျက်မမြင် အမျိုးသမီး ကလေးတစ်ဦးအား ဖောင်းကြွသော စာလုံးများဖြင့် ခက်ရင်းဟု ရေး၍ တံဆိပ်တပ်ထားသည့် ခက်ရင်းတစ်ချောင်းနှင့် အလားတူ အမည်တံဆိပ် တပ်ထားသော ဇွန်းတစ်ချောင်းကို ပေးကာ ကလေး၏ လက်ဖြင့် ထိုစားလုံးများကို စမ်းသပ်ကြည့်စေ၏။

ဤသို့ နေ့စဉ်ရက်ဆက် စမ်းသပ် ကြည့်ရသောအခါ ခက်ရင်း ဟူသောပစ္စည်းနှင့် ခက်ရင်းဟူသောဖောင်းကြွနေသည့် စာလုံး များသည်လည်းကောင်း၊ ဇွန်းနှင့် ဇွန်းဟူသော စာလုံးများသည် လည်းကောင်း ဆက်သွယ်နေကြပုံကို ကလေးသည် သဘော ပေါက်လာလေသည်။ တံဆိပ်များပေါ်မှ ဖောင်းကြွနေသော စာလုံးများ၏ အနေအထားကို ကလေးသည် ကောင်းစွာကျက်မှတ် မိသောအခါ ခက်ရင်းနှင့် ဇွန်းများကို တံဆိပ်များနှင့် တစ်ခြားစီ ပေး၍ ပြန်တပ်ခိုင်းလျှင် သူသည် ခက်ရင်းပေါ်၌ ခက်ရင်းဟူသော တံဆိပ်ကိုလည်းကောင်း၊ ဇွန်းပေါ်၌ ဇွန်းဟူသော တံဆိပ်ကို လည်းကောင်း ကောင်းမွန်မှန်ကန်စွာ တပ်ဆင်နိုင်လာလေသည်။

ထိုနောက်အက္ခရာစာလုံးများကို တစ်လုံးစီ ခွဲခြားပေး၍ ပြန်ဆက် စေသည့်အခါတွင်လည်း မှန်ကန်အောင် ဆက်စပ်လာနိုင်ပြန်သည်။ ဤသို့ဖြင့်သူ့ကို အရာဝတ္ထုပစ္စည်းကလေးများနှင့် အမည်တံဆိပ်များ တွဲကာ စမ်းသပ်ဖို့ ပေးထားရာ၊ စမ်းရင်း စမ်းရင်းနှင့် သူသည် အက္ခရာစာလုံးများနှင့် အခြား စာလုံးပေါင်းများကို ကောင်းစွာ မှတ်မိလာလေသည်။ သို့ရာတွင် ဤသို့ အက္ခရာစာလုံးများကို မှတ်မိဖို့လေ့ကျင့်ရသည်မှာ အချိန်ကြာလှသည့်ပြင် တော်ရုံ ဇွဲဝီရိယနှင့်လည်း မတတ်မြောက်နိုင်ချေ။

အချို့က မှီအုံးပေါ်၌ တွယ်အပ်ကလေးများကို စာလုံးပုံဖော်၍ စိုက်ထားပြီးသော် စမ်းသပ်စေခြင်းဖြင့် မျက်မမြင်တို့ကို စာ သင်ပေးရန် ကြိုးစားခဲ့ကြ၏။ ၁၆၄ဝ ပြည့်နှစ်တွင် ပြင်သစ် လက်ရေးသင် ဆရာတစ်ဦးသည် မျက်မမြင်များအတွက် ရွေ့ရှားနိုင်သောစာလုံးများကို စမ်းသပ်တီထွင်ကြည့်ခဲ့သည်။

အချို့ကလည်း သတ္တုစက်လုံးများကို အသုံးပြု၍ စမ်းသပ်သင်ကြား ပေးခဲ့ကြ၏။ ဂျာမနီနိုင်ငံတွင် ဗိုက်ဆင်ဗု ဆိုသူသည် စက္ကူ ကပ်ပြားများတွင် စာလုံးထွင်း၍ သင်ကြားခဲ့သည်။ နည်းသစ် စထွင်သူများသည် တစ်ခါတစ်ရံနည်းလမ်းအစကို မျက်မမြင ်တမည့်များထံမှပင်ရတတ်လေသည်။ တစ်ခါက ဗလင်တင်အျူအီး ဆိုသူ၏ မျက်မမြင်တပည့်တစ်ယောက်ဖြစ်သူ ဖရန်ဆွာ လက်ရွှားသည် သူ့ဆရာ၏ စားပွဲပေါ်ရှိ စာရွက်များကို ရွေးချယ်နေရင်း စက္ကူကပ်ပြား တစ်ခုပေါ်၌ ပုံနှိပ်ထားသော စာလုံးများကို စမ်းသပ်ကြည့်မိ၏။ ထိုစာလုံးများမှာ စက္ကူပေါ်တွင် အရာတင်နေအောင်ပင် ပုံနှိပ်ထားရာ၊ ယင်းတို့ကို စမ်းကြည့်ခြင်း ဖြင့် စားလုံးအမျိုးမျိုးကို ခွဲခြားတတ်ကြောင်း သူ့ဆရာကို ပြောပြလေသည်။ ထိုအခါ အျူအီးသည် အကြံရလာပြီးသော် စာရွက်လွတ်တစ်ရွက်ပေါ်တွင် ကလောင်တံအရိုးဖြင့် စာလုံးများကို ရေး၍ လက်ရွှားအား ဖတ်ခိုင်းသည်။ လက်ရွှားသည် လက်နှင့် စမ်းသပ်၍ မှန်ကန်အောင် ဖတ်နိုင်ခဲ့ပြန်သည်။ သို့ဖြင့် အျူအီးသည် အားတက်လာကာ စာရွက်ပေါ်တွင် စာလုံးဖော်၍ မျက်မမြင်းများကို သင်ကြားပေးခဲ့လေသည်။

မျက်မမြင်များ ဖတ်ရန်စာအုပ်များကို ဦးစွာပထမ ဖောင်းကြွနေသော စာလုံးများဖြင့် ပုံနှိပ် ထုတ်ဝေခဲ့၏။ သို့သော် ယခုအသုံးပြုနေ့ သည့် စာအုပ်များမှာ များသောအားဖြင့် စာရွက်ပေါ်၌ အဖုကလေးများဖြင့် အက္ခရာပုံ ဖော်ထားသော စာအုပ်များဖြစ်လေ သည်။ ဤစာအုပ်မျိုးကို ပါရစ်မြို့မှ လူဝီဗရေးဆိုသူ တီထွင် ထုတ်ဝေခဲ့လေသည်။ လူဝီဗရေး၏ ဖခင်သည် သားရေကုန်းနှီး ကကြိုးတန်ဆာများကို ချုပ်လုပ်ရောင်းချသူ ဖြစ်ရာ၊ သူသည် သားရေစကလေးများကို စူးဖြင့် ထိုးဖောက်ကာ ကစားလေ့ရှိခဲ့၏။

တစ်နေ့တွင်လူဝီသည် အခါတိုင်းကဲ့သို့ သူ့စူးနှင့် သားရေကို ထိုး၍ ကစားနေနေစဉ် ကံမကောင်း အကြောင်းမလှသောကြောင့် လက်ချော်၍မျက်စိကို ထိုးမိသဖြင့် ၃ နှစ်သားအရွယ်တွင် မျက်စိ ကွယ်ခဲ့ရရှာလေသည်။ သားရေတွင် စူးနှင့် ထိုးဖောက်လိုက်သော အခါ အပေါက်ကလေးများ ဖြစ်ပေါ်လာပုံကို သူစိတ်ဝင်စားစွာ တွေ့ကြည့်ယင်း အကယ်၍ စူးနှင့် သားရေကို ထုတ်ချင်ပေါက် မဖောက်ဘဲ သားရေတွင်အပေါက်ပေါ်ရုံလောက်သာ စူးကို ထိုးကြည့်လျှင် တစ်ဖက်၌ ဖောင်းကြွသော အပေါက်ရာကလေးများ ထင်လာသည်ကို သူစမ်း၍သိရှိခဲ့လေသည်။ တဖန် ထိုအပေါက်ရာ ကလေးများကို နေရာတကျ စီစဉ်ပေးလျှင် အက္ခရာ စာလုံး ပုံသဏ္ဌာန်များ ဖြစ်ပေါ်လာနိုင်ကြောင်းကို သူစဉ်းစားမိပြန်လေသည်။ ထိုမှ သဲလွန်စရကာ မျက်မမြင်များ အတွက် စာလုံးများကို ထွင်နိုင်ခဲ့လေသည်။ သူ့နည်းစံနစ်သည်မျက်မမြင်များအတွက် အလွန် သင့်တော်သောကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အများဆုံးအသုံးပြုလျက်ရှိပေသည်။ဗရေးနည်းအတိုင်း ပုံနှိပ် ထားသော စာအုပ်များသည် ရိုးရိုးစာအုပ်များထက် ပိုထူ၍ အဖိုးလည်း များစွာပေးရသဖြင့် မျက်မမြင်ကျောင်းစာကြည့် တိုက်များ၌သာ ထားရှိနိုင်လေသည်။ ဗြိတိန်နိုင်ငံ၌ မျက်မမြင်များ အတွက် ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေသော စာအုပ်မှာ ၁၈၂၇ ခုနှစ်တွင် အက်ဒင်ဗာရာမြို့၌ ဂျိန်းဂေါဆိုသူ ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်၌ သုံးထောင့်ပုံကို အမျိုးမျိုးပြောင်း လွဲကာ အက္ခရာပုံဖော်၍ ပုံနှိပ်ထားလေသည်။ ၅ နှစ်မျှကြာ သောအခါ ဆရာကြီးတစ်ဦးက တစ်မျိုး တီထွင်ပြန်သည်။

ဤသို့ တစ်စတစ်စ နည်းကောင်းကို ထွင်လာကြရာ၊ ၁၉ ရာစု ခေတ်ဦးလောက်တွင် မျက်မမြင်များအတွက် စာလုံးပုံဖော်သည့် နည်း ၂၃ မျိုးခန့်ရှိလာလေသည်။ ယင်းတို့အနက် ဗရေး၏နည်း၊ ဒေါက်တာမွန်း၏ နည်း၊ လူးကပ်၏နည်းနှင့် ဖရဲ၏နည်းတို့သည် အထင်ရှားဆုံး ဖြစ်၏ ။

ဗရေး၏ နည်းသည် ကမ္ဘာသုံးဖြစ်၍ တရုတ်နိုင်ငံတွင် ဒေါက်တာမာရေး ဆိုသူသည် ဗရေး၏ နည်းကိုပင် တရုတ်အက္ခရာနှင့် ဆီလျော်အောင် ပြုပြင်ပေးခဲ့လေသည်။

ဗရေး တီထွင်သော နည်းမှာ အစက်ကလေး ၆ ခုကို အမျိုးမျိုး လှည့်ပတာ် တွဲပေးခြင်းဖြင့် အက္ခရာဖော်ထားခြင်း ဖြစ်သည်။ ထိုအစက်ကလေးများမှာ အလျားလိုက် ၂ စက်စီ ထောင်လိုက် ၃ စက်စီရှိပြီးလျှင် ယင်းတို့ကို သင့်သလို တွဲလိုက်လျှင် ၆၃ တွဲရနိုင်၏။

၂၆ တွဲကို အက္ခရာ စာလုံးများအတွက် ထား၍ ကျန်အတွဲတို့ကို စကားဖြတ်၊ ပုဒ်ဖြတ်၊ အတိုချုံး စကားလုံးများ စသည်တို့အတွက ်ထားလေသည်။ ပမာအားဖြင့် အင်္ဂလိပ်စာလုံး ဗ ကို အစက်တစ်စက် ၊ မ္ဘ ကို ထောင်လိုက်အစက် နှစ်စက်၊ ဂ္ဂ ကို အလျားလိုက်အစက်နှစ်စက်၊ ီ ကို အလျားလိုက်အစက် နှစ်စက်နှင့် ထောင်လိုက်တစ်စက် စသည်ဖြင့် အစက် ၆ စက် ကို အမျိုးမျိုး လှည့်တွဲကာ အက္ခ ရာ စာလုံးဖော်ထားသည်။

မျက်မမြင်များကို စာတတ်အောင် သင်ကြားပေးခြင်းထက် လက်မှုပညာကိုတတ်အောင် သင်ကြားပေးလျှင် ပိုမိုအကျိုးဖြစ်ထွန်း နိုင်သည့်လျောက် ကြိန်ဖြင့် ခြင်းတောင်းယက်ခြင်း၊ ကုလားထိုင် ကြိန်ထိုးခြင်း၊ ဖာယက်လုပ်ခြင်း၊ တံမြတ်စည်း စည်းခြင်းစသော စမ်းသပ်လုပ်ရသည့် လက်မှုပညာများကို မျက်မမြင်ကျောင်းများ၌ သင်ကြားပေးသေးသည်။ ထိုပညာဖြင့် မိမိတို့ အသက်မွေးဝမ်း ကျောင်းပြုနိုင်ကြ၍ ထိုပညာရပ်များမှာ မျက်မမြင်များ အတွက် အထူးသင့်လျော်လေသည်။ အနောက်နိုင်ငံ၌ မျက်မမြင်များသည် တူရိယာတီးမှုတ်သည့်ဖက်၌ အချို့တစ်ဖက်ကမ်းခေတ် တတ်မြောက် ကြ၏။ အချို့ စန္ဒယား အတီးကောင်းသူများ၊ စန္ဒယားပြင် ဆရာများမှာ မျက်မမြင်များပင် ဖြစ်ကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)