မဲဒီချီ

ဝီကီပီးဒီးယား မှ

အီတလီနိုင်ငံတွင် မြို့ကြီးများကို ပြည်ထောင်ငယ် ကလေးများ အဖြစ် တစ်ထီးတစ်နန်း အုပ်စိုးခဲ့သည် ခေတ်က ဖလော်ရင့်မြို့ကို စိုးမိုးခဲ့သော မဲဒီချီဆွေမျိုးစုသည် အီတလီနိုင်ငံ သမိုင်းတွင်သာမဟုတ်၊ ပြင်သစ်နိုင်ငံသမိုင်းတွင်လည်း ထင်ရှားပေသည်။

ထိုစဉ်အခါက ဆွေမျိုးစုအများအပြားသည် ပြည်ထောင်ငယ်များကို အုပ်ချုပ်နိုင်မှုအတွက် လက်နက်အားကိုးလျက် တိုက်ခိုက်ခြင်းဖြင့် လည်းကောင်း၊ လျှို့ဝှက်စွာလုပ်ကြံ သတ်ဖြတ်ခြင်းဖြင့် လည်းကောင်း ကြံစည်ရယူခဲ့ကြသော်လည်း၊ မဲဒီချီဆွေမျိုးစု တို့မှာ မူကားစီးပွားတိုးတက် ကြွယ်ဝလာသောကြောင့် ဓန အင်အား ဖြင့် ဩဇာတိက္ကမ ကြီးလားပြီးလျှင် ဖလော်ရင့်မြို့ကို ၁၃ ရာစုနှစ်မှစ၍ကြီးစိုးနိုင်ခဲ့ပေသည်။ အီတလီနိုင်ငံမှ စတင် ထွန်းကား၍ ဥရောပနိုင်ငံတို့သို့ ပျံ့နှံ့သွားသော ဉာဏ်သစ် အရေးပုံခေါ် ပညာအရပ်ရပ် ပြန်လည်ထွန်းကားသည့် ခေတ်က မဲဒီချီမျိုးဆက် အုပ်စိုးသော ဖလော်ရင့်မြို့သည် အုပ်ချုပ်သူတို့၏ အားပေးမှုကြောင့် အနုပညာနှင့်စာပေပညာများအထွန်းတောက်ဆုံး နေရာဖြစ်ခဲ့ပေသည်။


မဲဒီချီဆွေမျိုးဆက် ကြွယ်ဝချမ်းသာ၍ တန်ခိုးအာဏာ ထွားလာအောင် ကြံဆောင်သူမှာ ဂျိုဗန္နီးဒါမဲ ဒီချီ (ခရစ် ၁၃၆ဝ - ၁၄၂၉) ဖြစ်၍ ကူးသန်းရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် ကြီးပွားချမ်းသာလာကာ အီတလီတစ်နိုင်ငံလုံးတွင် ကျော်ကြားသော သဌေးဖြစ်လေသည်။

ဂျိုဗန္နီးသည် ရာထူးဌာနန္ထရများကို မခံယူဘဲ မြို့သူမြို့သား အပေါ် 0x100သဇာညောင်းလျက် သားစဉ်မြေးဆက် တန်ခိုးအာဏာ ဆက်ခံနိုင်အောင် ရှေ့ဆောင်သွားပေသည်။ ကောဇီမိုး ဒါမဲဒီချီ (ခရစ် ၁၃၈၉ - ၁၄၆၄) သည် ဂျိုဗန္နီးကို ဆက်ခံသော သားကြီးဖြစ်၍၊မဲဒီချီအမျိုးဆက့် အနက်ဦးစွာနာမည်ထင်ရှား ကျော်ကြားလာသူဖြစ်၏။ ရောမ၊ ဗင်းနစ်၊ ဂျီနီးဗား၊ ဗရုဂျနှင့် လန်ဒန်မြို့များတွင် ဘဏ်ခွဲများ ဖွင့်ခြင်းဖြင့် ဖခင်၏လက်ငုတ်လက်ရင်း ဘဏ်လုပ်ငန်းကို ကြီးကျယ်အောင်တိုးချဲ့လုပ်ကိုင်သည်။ သို့အားဖြင့် မဲဒီချီဆွေမျိုးဆက်၏ စီးပွားရေးကိုတိုးတက် စေရုံသာမက၊ လိမာ်ကျွမ်းကျင်ပြေပြစ်စွာ ပေါင်းသင်းဆက်ဆံ တတ်သောကြောင့်လည်း လူချစ်လူခင် များပြားခဲ့သည်။ ထို့ပြင် အနုပညာနှင့် စာပေတိုးတက်မှုတွင် အထူးစိတ်ပါဝင်စားသဖြင့် အားပေး ထောက်ပံ့လေသည်။ ဤသို့ မြှင့်တင် အားပေးမှုကို ရရှိသဖြင့်ဖလောရင့်မြို့သည် ဉာာဏ်သစ်အရေးပုံခေတ်က အချက်အချာဒေသဖြစ်ခဲ့ပေသည်။ ကောဇီမိုးသည် ဖလော်ရင့်မြို့ကို ကြီးစိုးရာ၌ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးဌာနန္တရများတွင်ဝင်ရောက် အရွေးခံခြင်း ပြုခဲ့သည်မဟုတ်ပေ။ ရိုးရိုးအရပ်သားတစ်ဦး အဖြစ် နေထိုင်ကာ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ ရာထူးရအောင် ပြုပေးပြီးလျှင် ထိုသူများကို ကြိုးကိုင်ထားခြင်းသာ ဖြစ်လေ သည်။ ဤသို့အားဖြင့်ဖလော်ရင့်တစ်မြို့လုံးသည် သူ၏ ဩဇာခံ ဖြစ်နေခဲ့၏။ ကောင်ဇီမိုးသည် ဖလော်ရင့်မြို့၏သရဖူ မဆောင်းသော ဘုရင် သဖွယ်လုံးဝအာဏာကို ချုပ်ကိုင် ထားနိုင်ခဲ့လေသည်။ ဤသို့ လုံးဝအာဏာဖြင့် ကျပ်တည်းစွာ အုပ်ချုပ်ခြင်းခံရငြားလည်း မြို့သူမြို့သားများသည် ကောဇီမိုးအား အကြည်ညို မပျက်ရုံသာမက ဖလော်ရင့်မြို့၏ ဖခင်ကြီး ဟူ၍ပင် ဂုဏ်ပြုခေါ်ဝေါ်ကြလေသည်။

ကောဇီမိုးကွယ်လွန်သောအခါ သူ၏သား ပီယဲရို ဆက်ခံသော်လည်း ဖခင်၏ ခြေရာကို မမှီပေ။ ဖခင်ကဲ့သို့ ဩဇာမညောင်းဘဲ မဲဒီချီဆွေမျိုးဆက်၏ အုပ်စိုးမှု မပြတ်ရုံမျှသာ ဖလော်ရင့်မြို့ကို အုပ်စိုးခဲ့သူ ဖြစ်လေသည်။

လော်ရင်ဇိုသည် မဲဒီချီဆွေမျိုးဆက်တွင် အထင်အရှား အကျော် ကြား ဆုံးဖြစ်၍ ဖလော်ရင့်မြို့ကို ထိပ်ဆုံးအခြေအနေသို့ ပို့ဆောင်ခဲ့သူဖြစ်၏၊ မိမိကိုယ်တိုင်ပင် ကဗျာစာဆိုတစ်ဦးဖြစ်၍ စာပေအနုပညာကို လိုက်စားခဲ့သည်သာမက စာပေ၊ အနုပညာ ဆိုင်ရာ ပညာရှင်များကိုကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်အောင် ခြီးမြော|ာက်အားပေးခဲ့၏။ စာပေ၌ လည်းကောင်း၊ အနုပညာ၌ လည်းကောင်း၊ အလှအပအာရုံခံစားမှုများ၌ လည်းကောင်း ဖလော်ရင့် တစ်မြို့လုံး ယစ်မူးလျက်ရှိနေစဉ် လိုရင်ဇိုသည် အုပ်ချုပ်ရေးအာဏာများကို သူတစ်ဦးတည်း၏ လက် ဝယ် အရ၏ူထားခဲ့လေရာ၊ ဘုရင်ဟူသောအမည်ကို မခံယူသော်လည်း အချို့ဘုရင် များထက်ပင် တန်ခိုးအာဏာ ကြီးမားခဲ့လေသည်။

သူ၏ ဆောင်ရွက်ချက်များကြောင့် ဖလော်ရင့်မြို့သည် ကမ္ဘာပေါ်ရှိ အလှပဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့လေသည်။ ထိုကြောင့်ပင် မြို့သားများက 'လော်ရင်ဇို ြ သ ြ မဂ္ဂနိဖဆင့်' ဟူ၍ ခြီးကျူးခေါ်ကြ၏။ အဓိပ္ပာယ်မှာ ကျက်သရေ မဂ‡လာအပေါင်းနှင့် ပြည့်စုံသောလော်ရင်ဇို ဟူသတည်း။ လော်ရင်ဇို၏ ဩဇာအာဏာသည် ဖလောရင့်မြို့တွင်သာမကဘဲ ရောမမြို့သို့ပင် ပျံ့နှံ့ခဲ့လေရာ၊ သူ၏ဒုတိယ သား ဂျိုဗန္နီးအား ၁၄ နျစ်သား အရွယ်ကပင် ကာဒင်နယ ဂိုဏ်းချုပ်ရာထူးကို ရရှိအောင် ကြံဆောင်ပေးနိုင်ခဲ့လေသည်။ ဂျိုဗန္နီးသည် ၁၅၁၃ ခုနှစ်တွင် ဒသမ လီယိုဘွဲ့ကို ခံယူကာ ပုပ်ရဟန်းမင်း ဖြစ်လာ၍ အနုပညာရပ်များကို အထူးအားပေးသူအဖြစ်ထင်ရှားကျော်စောခဲ့လေသည်။ လော်ရင်ဇို ကွယ်လွန်ပြီးနောက် ဆက်ခံသော သားဖြစ်သူ ပီယက်တရိုသည် ပျော့ညံ့သူဖြစ်ရကား မြို့သူ မြို့သားများက အကြည်ညိုပေါ့လာသဖြင့် မဲဒီချီမျိုးဆက်လည်း တန်ခိုးအာဏာယုတ်လျော့သွား၏။ ၁၄၉၄ ခုနှစ်တွင် မြို့သူမြို့သားများ၏ပစ်ပယ်ခြင်းကို ခံရ၍ ၁၅၁၂ ခုနှစ်တွင်မှ ပြန်လည် ကြီးစိုးနိုင်သည်။

ခရစ် ၁၅၂၇ ခုနှစ်တွင် မဲဒီချီ မျိုးဆက်များ ဒုတိယ အကြိမ် ပစ်ပယ်ခြင်း ခံရပြန်၏။ ၁၅၃ဝ ပြည့်နှစ်တွင်မှ တန်ခိုး အာဏာ ပြန်လည်ရရှိသည်။ ယင်းသည့် အချိန်မှစ၍ မဲဒီချီ အဆက်အနွယ်တို့သည် ဒျုဘွဲ့ကို ခံယူကြလေသည်။ မဲဒီချီအဆက်အနွယ်တွင် အခြား ထင်ရှားသော ပုဂ္ဂိုလ်များမှာ ၁၁ ဆက်မြောက် လီယိုဘွဲ့ခံ ပုပ်ရဟန်းမင်းနှင့် သတ္တမကလီးမင်းဘွဲ့ခံ ပုပ်ရဟန်းမင်းတို့အပြင် ကက်သရင်းဒါ မဲဒီချီ ဖြစ်၏။

ကက်သရင်း ဒါမဲဒီချီ (ခရစ် ၁၅၁၉ - ၈၉) သည် လိုရင်ဇို၏ မြစ်ဖြစ်၍ ပြင်သစ်ပြည့်ရှင် ဒုတိယ ဟင်နရီဘုရင်၏ မိဖုရား ဖြစ်လေသည်။ ဟင်နရီဘုရင်နှင့် ခရစ် ၁၅၃၃ ခုနှစ်တွင် စုလျားရစ်ပတ် လက်ထပ်ခဲ့၏ သူ၏ သားတော် ၃ ပါးသည် ဒုတိယ ဖရန်စစ်၊ နဝမချား၊ တတိယ ဟင်နရီဘွဲ့များကို အသီးအသီး ခံယူလျက် ခမည်းတော်၏ အရိုက်အရာကို အစဉ်အတိုင်းဆက်ခံကြသည်။ ကက်သရင်းဒါမဲဒီချီသည် သားတော်များ အပေါ် ဩဇာလွှမ်းမိုးလျက် နိုင်ငံအုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်သည်။ ထိုစဉ်က ပြင်သစ်နိုင်ငံ သမိုင်းတွင် ထင်ရှားသည့်အဖြစ်အပျက် များစွာ ပေါ်ပေါက်ခဲ့ရာ၊ များသောအားဖြင့် မယ်တော် ကက်သရင်း၏ ပယောဂ မကင်းခဲ့ချေ။ အထူးသဖြင့် ခရစ် ၁၅၇၂ ခုနှစ်တွင် ဖြစ်ပွားသော စိန်ဗာသောလမျူးနေ့ လူသတ်ပွဲမှာသူ၏ လက်ချက်ဟု ဆိုရပေမည်။ အနုပညာကိုမူကား မိရိုးဖလာအတိုင်း အားပေးသည်။ ၁၅၈၉ ခုနှစ်တွင် ကွယ်လွန်သည်။ ခရစ် ၁၆ဝဝ ပြည့်နှစ်မှစ၍ မဲဒီချီ မျိုးဆက်သည် တဖြည်းဖြည်း ပျော့ညံ့လာပြီးလျှင် ၁၇၃၇ ခုနှစ်သို့ ရောက်လျှင် ဖလော်ရင့်မြို့ကို တစ်ကြိမ်က ကြီးစိုးခဲ့သော မဲဒီချီမျိုးဆက် ပြတ်၍တိမ်ကောသွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)